Saturday, April 18, 2015

မီဒီယာသမားအဖြစ် သိသာရန် Press စာတန်းပါ ကုတ်အင်္ကျီများ ဖြန့်ဝေမည်

 ရန်ကုန်၊ ဧပြီ ၈

ပြည်တွင်းရှိ နယ်စပ်စစ်ပွဲ သတင်းများနှင့် ပဋိပက္ခဖြစ်ပွားသည့် နေရာများ တွင် သတင်းမီဒီယာသမားများ သတင်းရယူရာ၌ လုံခြုံမှုရှိစေရန်နှင့် သတင်းသမားအဖြစ် သိသာစေရန် ရည်ရွယ်၍ Press စာတန်းပါ ကုတ်အင်္ကျီများကို သတင်းမီဒီယာဌာနများသို့ ဖြန့်ဝေသွားရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)တို့က စီစဉ်လျက်ရှိသည်။

ကုတ်အင်္ကျီဖြန့်ဝေမှုကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က International Media Support အဖွဲ့အစည်းနှင့် ပူးပေါင်း၍ သတင်းဌာနများအား အနည်းဆုံး နှစ်စုံစီကို သင်္ကြန်ကာလအပြီးတွင် အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အနေဖြင့် သင်္ကြန်ကာလအပြီးတွင် MJN ရုံးခန်း၌ ရောင်းချပေးမည်ဖြစ်သည်။

““Press ကုတ်အင်္ကျီလုပ်ဖို့ ပြင်နေပြီ။ I.M.S (International Media Support) အဖွဲ့အစည်း ကူညီမှုနဲ့ ပူးပေါင်း လုပ်မှာပါ။ အနည်းဆုံး အစုံ ၂၀၀ ခန့်မှန်း ထားတယ်။ အဓိကကတော့ သတင်းသမားဆိုတာ ဘယ်နေရာရောက်ရောက် ကွဲကွဲပြားပြား ဖြစ်နေဖို့လိုတယ်။ အထူးသဖြင့် လက်ပံတန်းကိစ္စ၊ မြို့တော်ခန်းမ ကိစ္စတွေမှာ သတင်းသမားမှန်း မသိလို့ပါ။ ဒါမျိုးမဖြစ်အောင် သတင်းသမားဖြစ်ကြောင်း ထင်ထင်ရှားရှားပေါ့။ ကုတ်ကို နိုင်ငံတကာ အဆင့်မီချုပ်မှာပါ။ ၀တ်ရမယ့်နေရာ ကန့်သတ်ထားတာ မရှိပါဘူး””ဟုမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

စာနယ်ဇင်းကောင်စီအနေဖြင့် ပြည်တွင်းရှိ သတင်းဌာနများ အားလုံးကို သတင်းဌာနတစ်ခုလျှင် Press စာတန်းပါ ကုတ်အင်္ကျီ ၂ စုံ စီအခမဲ့ ဝေငှမည်ဖြစ်ပြီး ငွေကြေးအဆင်ပြေပါက ပိုမိုဝေငှနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

““ကျွန်တော်တို့က တိုက်အနေနဲ့ မဖြန့်ဘူး။ ဘယ်တိုက်မဆို စိတ်ဝင်စားရင် လာဝယ်လို့ရပါတယ်။ အခုတော့ အစုံ ၅၀ လောက်မှန်းထားတယ်။ ကျွန်တော်တို့က ကိုယ့်ဘာသာ ဒီဇိုင်းလုပ်ရမှာ။ စာနယ်ဇင်း ကောင်စီ ကတော့ အဖွဲ့အစည်းတစ်ခု ကူညီမယ်ဆိုတော့ပိုပြီး ပုံစံကျမှာပေါ့”” ဟု မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

MJN အနေဖြင့် သင်္ကြန်ကာလအပြီး ရောင်းချနိုင်ရန် စီစဉ်လျက်ရှိပြီး ကုတ်အင်္ကျီချိုင်းပြတ် ပုံစံချုပ်လုပ်၍ အရှေ့ဘက်တွင် အိတ်သေးလေးခု ထည့်သွင်းချုပ်လုပ်ကာ Press စာတန်းပါ Logo ကို အရှေ့နှင့် အနောက် တွင် အဖြူရောင်စာလုံးဖြင့် ရိုက်နှိပ် ထုတ်လုပ်မည် ဖြစ်သည်။

ထိုကဲ့သို့ Press စာတန်းပါ ကုတ်အင်္ကျီများ ထုတ်လုပ်ရန် စီစဉ်နေမှုအပေါ်““အဓိကက ပဋိပက္ခ ဖြစ်နိုင်တဲ့ နေရာ တွေမှာ Press ဆိုတာ ထင်ထင်ရှားရှား ၀တ်သင့်ပါတယ်။ နိုင်ငံတကာမှာလည်း ၀တ်ကြရတယ်။ ဒါပေမဲ့ သတင်းသမားမှန်း သိသိကြီးနဲ့ အရိုက်မခံရဖို့လိုပါတယ်။ နိုင်ငံတကာမှာ စစ်ပွဲလိုမျိုးရှိရင် Press ၊ မီဒီယာလို့ဆို ကွဲကွဲပြားပြားသိရင် ထိခိုက်အောင် မလုပ်ရဘူးဆိုတော့ သူတို့က လိုက်နာပြီးသားပဲ။ အခုက Press ရယ်လို့ မကွဲလို့ မီဒီယာသမားမှန်း မသိလို့ လုပ်တာမဟုတ်ဘဲ သိသိကြီးနဲ့ကို လုပ်တာက များနေတယ်။ လောက်ကိုင်မှာ ယာဉ်တန်းပစ်ခံရတာ ယာဉ်တန်းတစ်ခုလုံးပစ်တာ ခြွင်းချက်ပေါ့။ လက်ပံတန်းတို့လိုဆိုရင် ဒါသိသိကြီးနဲ့ လုပ်တယ်လို့ ယူဆတယ်။ အခုလို ၀တ်ထားရဲ့သားနဲ့ လုပ်ရင် ပိုပြီးတုံ့ပြန်လို့ ကောင်းတာပေါ့။ မီဒီယာ မှန်းမသိလို့ပါဆိုတဲ့ ဆင်ခြေမျိုး မရှိတော့ဘူးပေါ့””ဟူ၍ လောက်ကိုင် စစ်ပွဲသတင်း သွားရောက်ရယူရာတွင် ပစ်ခတ်ခံရသည့် ကြက်ခြေနီ ယာဉ်တန်းတွင်ပါဝင်ခဲ့သူ EPA (European Press Photo) သတင်းအေဂျင်စီ ဌာနမှ ကိုလင်းဘိုဘိုက မြန်မာသံတော်ဆင့်သို့ပြောသည်။

ပြီးခဲ့သည့် နယ်စပ်ဒေသရှိ လောက်ကိုင်စစ်ပွဲ၊ လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွဲခံရမှု၊ အင်းစိန်တွင် အလုပ်သမားသပိတ် ဖြိုခွဲခံရမှု၊ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ရှုတ်ချပွဲကို လက်ပတ်နီဝတ်များဖြင့် ဖြိုခွဲမှုတို့တွင် မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများမှာ အကြမ်းဖက် ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးခံရမှုများ ကြုံတွေ့ခဲ့ရသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment