Monday, April 13, 2015

ဦးထိန်လင်းနှင့် ဂျာကင်တစ်ထည် – မြတ်ဆွေ

ယခုနှစ်ဆောင်းရာသီသည် သိပ်မအေး၊ ပူနွေးနွေးအိုက်စပ်စပ်ပင် ရှိနေသည်ဟုထင်ရ၏။ ဆောင်းတစ်နေ့ နံနက်ခင်းတစ်ခုတွင် ကျွန်တော်၏ အ၀တ်ဗီရိုကို ဖွင့်ကြည့်မိသည်။ အနွေးထည်အချို့ကို တွေ့ရ သည်။ အေးသော ဆောင်းမဟုတ်၍ အနွေးထည်များကို တို့ထိမိခြင်းပင်မပြုမိ။

သို့သော် ထူထဲသောဂွမ်းကပ်နှင့် ဂျာကင်ကြီးတစ်ထည်ကိုတော့ ထုတ်ယူကိုင်တွယ် ကြည့်မိသည်။ မိုးရေကာ သားရေဖုံးနှင့် အလွန်အအေးလုံမည့် ဂျာကင်ကြီးဖြစ်သည်။

ထိုဂျာကင်ကြီးကို သေချာစွာမ၀တ်မိ။ တရိုတသေတော့ သိမ်းထားမိသည်။ အကြောင်းမှာ ထိုဂျာကင်ကြီးတွင် ရာဇ၀င်ရှိသောကြောင့် ဖြစ်လေသည်။

၁၉၉၈ ခုနှစ်က စာရေးဆရာကြီး သိန်းဖေမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် သူ၏မိသားစုက ဆရာ၏ ဂူဗိမာန်ရှိရာ ဘုတလင်တွင် တခမ်းတနားကျင်းပသည်။

ရင်းနှီးကျွမ်းဝင်သော စာရေးဆရာ တချို့လိုက်ပါရန် ဖိတ်ကြားသည်။ ထို အခမ်းအနား ကမကထ ပြုလုပ်သူ တစ်ဦးအဖြစ် သတင်းစာဆရာဦးထိန်လင်း ပါဝင်သည်။ သူသည် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ် အဖြစ်မှ အနားယူပြီးဖြစ်၍ ဆရာသိန်းဖေမြင့်နှင့် လွန်စွာရင်းနှီးသော ရဲဘော်မိတ်ဆွေ တစ်ဦးဖြစ်သည်။

ဦးထိန်လင်းသည် အနားယူပြီး စာပေရေးသားမှုနှင့် စာဖတ်ခြင်းကိုသာ လုပ်ဆောင်နေသည်။ စာရေးဆရာ နတ်နွယ် ဦးစီး၍ ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ကိုင်နေသော နွယ်နီမဂ္ဂဇင်းမှာလည်း ဆောင်းပါးများရေးသည်။ မကြာခဏ သူ၏အိမ်သို့ ဖိတ်ကြားကာ ကျွေးမွေးတတ်သည်။

ဦးသိန်းဖေမြင့် နှစ်ပတ်လည် ဘုတလင်သို့ ခရီးထွက်ရန် အကြောင်းပေါ်လာတော့ ကျွန်တော်တို့အား လိုက်ပါရန် ဖိတ်ခေါ်သည်။ ကျွန်တော်နှင့် ဆရာနတ်နွယ် လိုက်ဖြစ်သည်။

ဆောင်းရာသီဖြစ်၍ အညာဒေသမှာ တော်တော်အေးနေပြီဟု ဆိုကြသည်။ အနွေးထည် ကောင်းကောင်း လိုသည်။ ခရီးမထွက်ခင် တစ်ညနေ အလိုတွင် ဦးထိန်လင်းအိမ်သို့ ကျွန်တော် လိုက်သွားသည်။

“အတော်ပဲ ခင်ဗျားလာတာ။ ပေးစရာရှိတယ်”ဟု ဆိုကာ ဂျာကင်အင်္ကျီကြီးကို ထုတ်ပေးတော့သည်။

“အဟောင်းမဟုတ်ဘူးဗျ။ မိတ်ဆွေ တစ်ယောက်က လက်ဆောင်ပေးသွားတာ” ကျွန်တော့်မှာလည်း အနွေးထည်တွေ ရှိနေတော့ ခရီးထွက်ရင် ခင်ဗျားဝတ်ဖို့ ယူပါ”ဟု ဆိုလေသည်။

သူက စိတ်အားထက်သန်စွာ ပေးသဖြင့် ထိုဂျာကင်ကြီးကို ယူခဲ့ရလေသည်။ ဂျာကင်ကြီးဆိုသည့်အတိုင်း အရပ်ပုသော ကျွန်တော်ဝတ်လိုက်လျှင် ဖားဖားကြီး ဖြစ်နေတော့၏။

“၀တ်သာဝတ်ပါဗျ။ အညာဆောင်းက သိပ်အေးတာ . . .” ဟု ဦးထိန်လင်းက ထပ်မံတိုက်တွန်း နေပြန်သည်။ သို့ဖြင့် ထိုခရီးတွင် ကျွန်တော်သည် ဂျာကင်ကြီး တဖားဖားနှင့် လိုက်ပါမိတော့သည်။ အမှန်ပင် အညာ ဆောင်းကား အေးလှသည်။ ဦးထိန်လင်းကိုပင် ကျေးဇူးတင်ရတော့သည်။

ယခုအခါမှာတော့ ဦးထိန်လင်းမရှိတော့။ သူကွယ်လွန်သွားသည်မှာ ၁၀ နှစ်ကျော်ပြီ။ တစ်နေ့ကမှ သူလက်ဆောင် ပေးသွားသော ဂျာကင်ကိုကြည့်ပြီး သတိရ လွမ်းဆွတ်မိတော့သည်။

ဦးထိန်လင်းသည် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ပြည်သူ့ရဲဘော်အဖွဲ့ခေါင်း ဆောင်ကြီး ဗိုလ်ဖိုးကွန်း၏ တပည့်ဖြစ်သည်။ ပြည်သူ့ရဲဘော်များ လက်နက်စွန့်သောအခါ မြေပေါ်သို့ ရောက်ရှိလာသည်။

နိုင်ငံရေးသမားဆိုလျှင် အချို့က အထင်သေးကြသည်။ ဘက်ပြောင်းသော၊ ခြံခုန်သော နိုင်ငံရေးသမား တချို့ကြောင့်ဖြစ်၏။ ဦးထိန်လင်းကား လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီးနောက် ရိုးသားစွာဘ၀ကို ရပ်တည်သည်။ ခေတ်ပညာကိုကောင်းစွာ သင်ခဲ့ရသော်လည်း သတင်းစာသမားကောင်း တစ်ဦးဖြစ်ရန် ကြိုးစားအားထုတ်သည်။ ဗိုလ်တထောင် သတင်းစာတွင် ပါဝင်ရေးသားရင်း အယ်ဒီတာချုပ်အထိ ဖြစ်လာခဲ့သည်။

သူသည် ရိုးသားသည်နှင့်အမျှ ရိုးသားဖြူစင်သော မိတ်ဆွေများနှင့်သာ ပေါင်းသင်းသည်။ မကြာမီက နှစ် ၁၀၀ ပြည့် စာအုပ်ကြီး ထုတ်ဝေခဲ့သော သခင်ခင်ညွန့်သည် ဦးထိန်လင်း၏ မိတ်ဆွေရင်းဖြစ်သည်။ ဦးထိန်လင်းက ဆူးလေ ဘုရားလမ်းမှာနေ၍ သခင်ခင်ညွန့်က ၃၃ လမ်းတွင် နေရာ မကြာခဏ တွေ့ဆုံနိုင်ကြသည်။

နိုင်ငံရေး အတွေးအမြင်များကို ဖလှယ်ဆွေးနွေးကြသည်။ ကျွန်တော်သည်တစ်နေ့က စာအုပ်များကို ရှင်းလင်းစဉ် စာကလေး တစ်စောင်တွေ့မိသည်။

ထိုစာမှာ ဦးထိန်လင်းစာတိုက်က ထည့်လိုက်သော စာဖြစ်သည်။ ကျွန်တော် သူ့ထံ မလာတာကြာ၍ နေထိုင် မကောင်း ဖြစ်နေသလား စိုးရိမ်မိကြောင်း သူ့ကိုဆက်သွယ် အကြောင်းပြန်ပါ။ လိုအပ်သော အကူအညီ တောင်း ပါဟု ရေးသားထားသည်။

သူ့ထံမှာ တယ်လီဖုန်းရှိသော်လည်း ထိုစဉ်က ကျွန်တော့်မှာ ဖုန်းမရှိသဖြင့် အဆက်အသွယ် ပြတ် မိခြင်း ဖြစ်လေသည်။

မကြာမီက နှစ်၁၀၀ပြည့် သခင်ခင်ညွန့်အကြောင်း စာအုပ်ကြီး ထွက်လာသည်။ ထိုစာအုပ်ထဲမှာလည်း ဦးထိန်လင်း အကြောင်းအရာများ၊ ဓာတ်ပုံများပါသည်။ သူ့ကို ပြည်သူ့ရဲဘော်ဘ၀က အမည်အတိုင်း ဗိုလ်ထိန်လင်းဟု လည်း ခေါ်ကြသည်။

ယခုအခါ စာပေနယ်၌ ကျင်လည်နေသော စာရေးဆရာမော်လင်း၊ ရှေ့နေ ကိုဇော်လင်းတို့မှာ ဗိုလ်ထိန်လင်း၏ သားများဖြစ်ကြသည်။ ကျွန်တော်သည် ဗိုလ်ထိန်လင်း၏ ဂျာကင်တစ်ထည်ကို အကြောင်းပြုပြီး သူ့အား သတိတရ အလွမ်းစာကို ရေးဖွဲ့မိလေသည်။


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment