Sunday, April 12, 2015

ရွေးကောက်ပွဲ သားပျက်မကျဖို့၊ တိုင်းပြည် အနာဂတ် ဖြောင့်ဖြူးဖို့ တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက်၊ ကယ်ပေါက် – လင်းထိုက် (Y.I.T)

တပ်မတော်နဲ့ အရပ်သားအစိုးရ၊ အတိုက်အခံတွေ ထိပ်တိုက်တိုးနိုင်ချေတွေ ပေါ်ပေါက်ခဲ့ရင် တပ်မတော်ကလည်း အခြေခံဥပဒေက ပေးထားတဲ့ ပါဝါကို အပြည့်အ၀ထုတ်သုံးပြီး တပ်မတော်အခန်းကဏ္ဍကို မြှင့်တင်ခဲ့ရင် တိုင်းပြည်အနာဂတ်ဟာ ရတက်မအေးစရာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီအခက်အခဲ ကို ကျော်လွှားဖို့ တစ်ခုတည်းသော နည်းက ရွေးကောက် ပွဲ မတိုင်ခင်မှာတင် နောင်အာဏာရလာနိုင်ချေရှိတဲ့ အစိုးရ၊ အတိုက် အခံ အင်အားစု၊ တိုင်းရင်း သားတွေနဲ့ တပ်မတော်တို့ တင်ကြိုသဘော တူညီမှုယူတဲ့ တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ် မဖြစ် မနေ လိုအပ်နေပါတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅၊ ဧပြီ ၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုက်တာသတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ Andrew R.C Marshell နဲ့ Simon Web တို့ကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပါ တယ်။ တွေ့ဆုံမှု
မှာ ဒေါ်အောင်ဆန်းစုကြည်က ““ရွေးကောက်ပွဲကို သပိတ်မှောက်တာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုလို့ မထင် ပါဘူး။ ဒါပေမဲ့ ဒီရွေးချယ်မှုကို ပယ်ဖျက်ဖို့တော့ မရှိပါဘူး။ ကျွန်မတို့အနေနဲ့ ရွေးချယ်မှုတွေ အားလုံးကို ထည့် သွင်းစဉ်းစားနေရပါတယ်”” ဆိုပြီး ဖွဲ့စည်းပုံပြင်ဆင်ခြင်း မရှိပါက ရွေးကောက် ပွဲဝင်ရောက်ခြင်းရှိ၊ မရှိဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ မေးခွန်းကို ဖြေကြားသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးခြင်း မရှိရင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ နည်း လမ်းတစ်ခု အနေနဲ့ စဉ်းစားထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ ““ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အစိုးရက ညှိနှိုင်းဖို့၊ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ဖို့၊ ဒါမှမဟုတ် ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ စိတ်မ၀င်စားဘူးဆိုရင် သူတို့ကို Moderate (အစွန်းမရောက် ပြုပြင်ပြောင်းလဲရေး သမား) တွေလို့ခေါ်ဖို့ ခက်ပါတယ်ဆိုပြီး ဆက်လက်ပြောဆိုပါတယ်။…

အာဏာပိုင်တွေဘက်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ တုံ့ဆိုင်းနေချိန်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လေသံသာဟစ်ပြီး အကောင်အထည်ဖော်ဖို့ တုံ့နှေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ မပြင်ဆင်နိုင် ရင် ရွေး ကောက်ပွဲ သပိတ်မှောက်ဖို့ လမ်းကြောင်းကို နည်းလမ်းတစ်ခုအနေနဲ့ စဉ်းစားထားကြောင်း အာဏာပိုင်ေ တွ ကိုတွန်းအားပေးလိုက်တယ်လို့ ယူဆရပါတယ်။

အင်တာဗျူးတစ်ခုလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအစိုးရအပေါ် ဝေဖန်မှုဟာ အားအင်တော်တော် ပါပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဟာဗျူဟာ အပြောင်းအလဲတစ်ခုကို တင်ကြိုစဉ်းစားထား တဲ့ပုံပေါ် လွင် နေပါတယ်။ ပထမတစ်ချက် အာဏာပိုင်တွေနဲ့ NLD ပါတီအနေနဲ့ အခြေခံဥပဒေသာ မပြင်ဆင် ရင်၊ တွေ့ဆုံ ဆွေးနွေးရေး လမ်းဝေးနေရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတဲ့ ဗျူဟာအပေါ်မှာ ဘယ်လိုအကျိုး ဆက်တွေ ပေါ်လာနိုင်လဲဆိုတာ ဆွေးနွေးကြည့်ချင်ပါတယ်။

● ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့ရင် အကျိုးဆက် ဘာဖြစ်လာနိုင်သလဲ

အကြီးမားဆုံးအတိုက်အခံ NLD ပါတီမပါဝင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကမ္ဘာက အသိအမှတ်ပြုဖို့ ခဲယဉ်းသွား ပါလိမ့်မယ်။ ပါတီများစွာ ပါဝင်ပေမယ့် အင်အားအကြီးဆုံး ပါတီဆိုလို့ လက်ရှိအာဏာ ရကြံ့ခိုင်ရေးပါတီသာ ပါဝင်ခဲ့ပြီး မဲမသမာမှုများလည်းရှိတယ်လို့ ဝေဖန်ခံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လက်ရှိအစိုးရ ရဲ့ တရားဝင်မှု (Legitamacy) ဟာ မခိုင်မာခဲ့ပါဘူး။ ၂၀၁၅ မှာ NLD သာမပါဝင်ခဲ့ရင် လက်ရှိရလတ္တံ့နိုင်ငံခြား အကူအညီတွေ ပြန်ရုပ်သွားနိုင်ခြေရှိပြီး စီးပွားရေးဒဏ်ခတ်မှုလို မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေကို တစ်ကျော့ပြန် အာဏာယူမယ့် ကြံ့ခိုင်ရေးအစိုးရ ရင်ဆိုင်ရဖွယ်ရှိပါ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဝင်လာဖို့ တုံ့ဆိုင်းသွား နိုင်ပါတယ်။ အစိုးရရဲ့ တရားဝင်မှုဟာေ၀၀ါးနေဦးမှာပါပဲ။

NLD ပါတီသပိတ်မှောက်ပြီး ရွေးကောက်ပွဲမ၀င်လည်း လက်ရှိအာဏာပိုင်တွေဟာ ၂၀၁၀က အတိုင်းပဲ ရွေးကောက်ပွဲတစ်ခုနဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (က)အရ မဲဆန္ဒနယ် ၃နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရင် NLD ပါတီဖျက်သိမ်းခံရနိုင်ပါတယ်။

NLD ပါတီအနေနဲ့ မဲဆန္ဒနယ် ၃နယ် သာဝင်ရောက် ယှဉ်ပြိုင်ပြီး ပါတီကိုဆက် လက်တည်တံ့စေတဲ့ နည်းနဲ့ ရွေးကေက်ပွဲကို သပိတ်မှောက်မှာလား။

NLD ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဘဲ NLD တစ်ပါတီ လုံး ၀င်ရောက် ယှဉ်ပြိုင်စေတဲ့နည်းနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မှာလား။

ရွေးကောက်ပွဲသပိတ်မှောက်ပြီးရင် တခြားဘာမဟာဗျူဟာ ထပ်မံချမှတ်ပြီး နိုင်ငံရေးအချိုးအကွေ့ကို ဘယ်လို ဘယ်ပုံ ဆက်ပြီးပုံဖော်မှာလဲ။

● အာဏာပိုင်တွေလုပ်ပေးသင့်တဲ့အရာ

၂၀၁၅ ရွေးကောက်ပွဲဟာ တဖြည်းဖြည်းနီးကပ်လာတာ အချိန်ကာလအားဖြင့် ၆ လကျော်သာ လိုပါတော့တယ်။ လွှတ်တော်နာယက သူရဦးရွှေမန်း ကတိပေးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် ၆လ အလို အခြေခံဥပဒေပြင် ဆင်ပြီး ဖြစ်ရမယ်ဆိုတဲ့ စကားကလည်း လေထဲမှာ ပျောက်ကွယ်နေပါတယ်။ ပြည်သူ့ ဆန္ဒပုဒ်မတွေ ပြင်ဆင်ဖို့ အခြေခံ ဥပဒေပြင်ဆင်ခြင်းအတွက် ခိုင်မာတဲ့ အာမခံချက်ပေးသင့်တဲ့ အချိန်ကာလ ရောက်နေပါပြီ။ အခြေခံဥပဒေ ပြင် ဆင်ဖို့အတွက် အဓိကရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ဖို့ အာမခံချက်ပေးဖို့ လိုလာပါပြီ။ တွေ့ဆုံ ဆွေး နွေးရေး အစစ်အမှန်ဖြစ်ဖို့အတွက် (၁) ဘယ်လိုအကြောင်း အရာ၊ ဘယ်လိုကဏ္ဍကို (၂)ဘယ်လိုအချိန် ဇယား နဲ့ ဆွေးနွေးပြီး (၃) ဘာတွေကိုတော့ သတင်းထုတ်ပြန်မယ်၊ ဘာတွေကိုတော့ သတင်းမထုတ်ပြန်ဘူးဆိုတဲ့ အသေးစိတ် အစီအစဉ်ကို ထိပ်သီးတွေကြား ကြိုတင် ချပြထားသင့်ပါတယ်။ တိုင်းပြည်အနာဂတ် အကျိုးကိုသာ ရှေးရှုတဲ့ တွေ့ဆုံဆွေးနွေးမှု ကို ဖြတ်သန်းပြီးမှ အခြေခံ ဥပဒေပြင်ဆင်ခြင်းဟာ အချောမွေ့ဆုံး လမ်းကြောင်း ဖြစ် ပါလိမ့်မယ်။

● အခြေခံဥပဒေ မပြင်ရင် နိုင်ငံအတွက် အကျိုးဆက်

အခြေခံဥပဒေပြင်ဆင်ဖို့ အတိုက်အခံနဲ့ ပြည်သူက တောင်းဆိုနေသလို လက်ရှိ အာဏာပိုင်တွေ အနေနဲ့လည်း အခြေခံ ဥပဒေပြင်ဆင်မှသာ ရှေ့ခရီးဖြောင့်ဖြူးမှာ ဖြစ်သလို တိုင်းပြည်အနာဂတ်အတွက်လည်း ကောင်းကျိုး ရလဒ်တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာတစ်ခုကို ထုတ်နုတ်တင်ပြရရင် လက်ရှိအခြေခံဥပဒေထဲက ကာ/လုံ အခန်းကဏ္ဍမှာ ကာ/လုံအဖွဲ့ဝင် ၁၁ ဦးရှိတဲ့အထဲ ၁၀ဦးဟာအရင် လုပ်ဖော်ကိုင်ဖက် စစ်ဗိုလ်ချုပ်ကြီးေ ဟာင်း တွေဖြစ်ပြီး ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တစ်ဦးသာ အရပ်သားအဖြစ် ပါဝင်နေပါတယ်။ အခြေခံဥပဒေ အရ နိုင်ငံရဲ့အမြင့်ဆုံး ကောင်စီဖြစ်တဲ့ ကာ/လုံဟာ နိုင်ငံရဲ့ အရေးကြီးပြဿနာတွေ ပေါ်လာလို့ စည်းဝေး တိုင် ပင်ကြတဲ့အခါ လက်ရှိ ဦးသိန်းစိန် အစိုးရသက်တမ်းမှာတော့ လုပ်ဖော်ကိုင် ဖက်စစ်ဗိုလ်ချုပ်ေ ဟာင်းတွေချည်း တိုင်ပင် စည်းဝေး ဆုံးဖြတ်ချက်ချရတာဖြစ်တဲ့အတွက် အထူးအထွေ အငြင်းပွားဖွယ်ရာတွေ မပေါ်နိုင်ဘဲ ချော ချောမွေ့မွေ့ညှိနှိုင်း ဆုံးဖြတ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ လာမယ့် ရွေးကောက်ပွဲ ရလဒ်အရ ကာ/လုံ ၁၁ ဦးမှာ အရပ်သားတွေ ပါဝင်လာနိုင်ပါတယ်။ နိုင်ငံ့အရေးကြီး ပြဿနာပေါ်လာ တိုင်းကာ/လုံမှာ ကာချုပ်နဲ့တကွ ကာချုပ် ခန့်အပ်သူ ၆ ဦးရှိနေတဲ့အတွက် ကာ/လုံ အစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ကာချုပ်အပေါ်မှာ လုံးလုံးလျားလျား မူတည်သွားပါပြီ။ ဒီအခါအရပ်သား သမ္မတတက်လာသည်ဖြစ်စေ တပ်မတော်ရဲ့ ပါဝါကသာ ပိုကြီးမားနေမှာဖြစ်ပြီး အရပ်သားအစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှုတွေ ရှိလာနိုင်ပါတယ်။ လက်ရှိအစိုးရ သက် တမ်းမှာတော့ တပ်မတော်ဟာ အခြေခံဥပဒေက ပေးထားတဲ့ ကြီးမားတဲ့ပါဝါကို ထုတ်သုံးတာမျိုး မတွေ့ရဘဲ နောင်တက်လာမယ့် အရပ်သားသမ္မတနဲ့ ထိပ်တိုက်တွေ့တဲ့ အခါမျိုးတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်တာမျိုးတွေ လုပ်ဆောင်လာနိုင်ပါတယ်။

နောက်လက်ရှိဖွဲ့စည်းပုံအရ ကာချုပ်က ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဝန်ကြီးတွေကို ခန့် အပ်ပိုင်ခွင့် ရထားပါတယ်။ နောင်အစိုးရလက်ထက်မှာ စစ်မက်ရေးရာကိစ္စ၊ နယ်စပ်အရေး ကိစ္စတွေမှာ သမ္မတ ရဲ့လုပ်ပိုင်ခွင့်အထက်မှာ တပ်မတော်(ကာချုပ်) ရှိနေတဲ့အတွက် တပ်မတော်ကာချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို သမ္မတရဲ့ဆုံးဖြတ်ချက်က ကျော်လွှားနိုင်မှာ မဟုတ်ဘဲ အငြင်းပွားဖွယ်ရာ ထိပ်တိုက်တိုးမှုတွေ ရှိနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အငြင်းပွားဖွယ်ရာ ထိပ်တိုက်တိုးမှုဖြစ်နိုင်တာကတော့ ပြည်ထဲရေး ဆိုင်ရာကိစ္စ အ၀၀မှာပါ။ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ဟိုးအထက်ခရိုင်၊ တိုင်းအဆင့်ဆင့် အုပ်ချုပ်ရေးမှူးတွေ ဟာ ပြည်ထဲရေး လက်အောက်မှာပါ။ နောက် ရဲတပ်ဖွဲ့ဟာလည်း ပြည်ထဲရေး လက်အောက်မှာပါ။ ပြဿနာ မျိုးစုံပေါ်နိုင်တဲ့ ပြည်ထဲရေးဆိုင်ရာ ကိစ္စအ၀၀မှာ သမ္မတရဲ့ ဆုံးဖြတ်စီရင်ခွင့်ထက် ပြည်ထဲရေးဝန်ကြီးကို ခန့် အပ်ထားတဲ့ ကာချုပ်ရဲ့ ဆုံးဖြတ်ချက်က ပိုမိုအခရာကျနေမှာ ဧကန်ပါပဲ။ တပ်မတော်နဲ့ အရပ်သား သမ္မတရဲ့ ထိပ်တိုက်တိုးနိုင်ခြေ အလားအလာတွေက တော်တော်များပါတယ်။ ဒါလက်ရှိ အခြေခံဥပဒေထဲက ကဏ္ဍ ၂ခု လောက်ကို ထုတ်နုတ်တင်ပြတာ ဖြစ်ပါတယ်။ နောက်လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တပ်မတော်အငြိမ်းစား အများစုဖြစ်တဲ့ အာဏာရကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ ကြား ညှိနှိုင်း ဆောင်ရွက်နိုင်မှုနဲ့ ပြေလည်သွားနိုင်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေရှိနိုင်ပေမယ့် နောင်အစိုးရလက်ထက် ဥပဒေ ပြုရေးဆိုင်ရာ ကိစ္စတွေမှာ ၂၅ ရာခိုင်နှုန်း တပ်မတော်ကိုယ်စားလှယ်တွေဟာ အခရာ ကျနေမှာဖြစ်တဲ့ အတွက် လွှတ်တော်တွင်း ရောက်လာမယ့် အတိုက်အခံလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့တပ်မတော် သ ဘောမတူရင် ဥပဒေတစ်ရပ်ပြုဖို့ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

အထက်မှာ တင်ပြခဲ့သလို တပ်မတော်နဲ့ အရပ်သားအစိုးရ၊ အတိုက်အခံတွေ ထိပ်တိုက်တိုးနိုင်ခြေ ပေါ်ပေါက်ခဲ့ ရင် တပ်မတော်ကလည်း အခြေခံဥပဒေက ပေးထားတဲ့ ပါဝါကို အပြည့်အ၀ထုတ်သုံးပြီး တပ်မ တော်အခန်း ကဏ္ဍကို မြှင့်တင်ခဲ့ရင် တိုင်းပြည်အနာဂတ်ဟာ ရတက်မအေးစရာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီအခက် အခဲကို ကျော်လွှားဖို့ တစ်ခုတည်းသောနည်းက ရွေးကောက်ပွဲ မတိုင်ခင်မှာတင် နောင်အာဏာရလာနိုင် ခြေရှိ တဲ့ အစိုးရ၊ အတိုက်အခံအင်အားစု၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်တို့ တင်ကြိုသဘော တူညီမှုယူတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်မဖြစ်မနေ လိုအပ်နေပါတယ်။

● ရွေးကောက်ပွဲရွှေ့ဆိုင်းနိုင်ခြေရှိလား

အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီလိုစီ ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စား လှယ်အဖွဲ့ဟာ ဧပြီ ၁ရက်မှာ နေပြည်တော် ရောက်လာပြီး သမ္မတဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦး ရွှေမန်း၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုတွေမှာ ““အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို လွတ်လပ်တရားမျှတပြီး သတ်မှတ်ထားတဲ့အချိန် အတိုင်းကျင်းပဖို့လို”” ကြောင်းကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ ““လာမယ့် ရွေး ကောက်ပွဲများ အရေးကြီးပုံ”” နဲ့ ““အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း”” နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ ကြပါတယ်။

ဧပြီ ၃ ရက်မှာ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံရာမှာလည်း ဒေါ်အောင်ဆန်း စုကြည်က ““သမ္မတဦးသိန်းစိန် ဟာ ပြုပြင် ပြောင်းလဲမှုများနဲ့ ပတ်သက်၍ မရိုးမသား လုပ်ဆောင်လာနိုင်ကြောင်းနှင့် ရွေးကောက် ပွဲရွှေ့ဆိုင်းရန် လုပ်ဆောင် လာနိုင်ကြောင်း”” ပြောကြားခဲ့ပါသေးတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးရပ်ဝန်းမှာ လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေ ရှိတယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေ ရှိနေပါတယ်။ ၂၀၁၅ ရွေးကောက် ပွဲရွှေ့ဆိုင်းနိုင်ခြေ ရှိ၊ မရှိကို ၂၀၁၄၊ အောက်တိုဘာ ၁ ရက် သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းက အစပြုလို့ ကျွန်တော်တို့ သုံးသပ်ကြည့်ရအောင်ပါ။ ရွေးကောက်ပွဲ ရွှေ့ဆိုင်း မလားဆိုတဲ့ ပြည်သူတွေရဲ့ ပူပန်မှုဟာ ၂၀၁၄၊ အောက်တိုဘာ ၁ ရက် သမ္မတ ဦးသိန်းစိန်ရဲ့တိုင်းပြည်ကို ပြော ကြားတဲ့ မိန့်ခွန်းက အစပြုခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ အဲဒီမိန့်ခွန်းရဲ့ အပိုဒ်တစ်ပိုဒ်မှာ သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တာက ဒီလိုပါ။

““တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင် မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလနိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေ မှာ ဖြစ်တဲ့အကြောင်းကိုလည်း သတိပြုစေလိုပါတယ်””

● သမ္မတရဲ့ ဆိုလိုချက်ကို အဓိပ္ပာယ် ကောက်ကြည့်တဲ့အခါ-

(၁) တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှု မအောင်မြင်ရင်၊

(၂) နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်နိုင်မှာ မဟုတ်ဘဲ၊

(၃) နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မစတင်နိုင်ရင်၊

(၄) ၂၀၁၅ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ရာ မရေရာနိုင်ဘူးလို့၊

(၅) သတိပေးလိုပါတယ် (သို့) သတိပြုစေလိုပါတယ် (သို့) သတိထားစေလိုပါတယ်ဆိုပြီး အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။

လိုရင်းကတော့““တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတာ မအောင်မြင်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ မစတင်နိုင်ရင်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့မသေချာပါဘူး””လို့ သတိပေးလိုက်တာပါပဲ။

ရွေးကောက်ပွဲ ကျင်းပဖို့ လက်ရှိ လျာထားကာလဟာ အောက်တိုဘာကုန် (သို့) နိုဝင်ဘာလထဲမှာဖြစ်လို့ အချိန် အားဖြင့် ၆လလောက်သာ လိုပါတော့တယ်။ ဒီ ၆လ အတောအတွင်း တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်လက်မှတ် ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မလားဆိုတာ ကျွန်တော်တို့ သုံးသပ်ကြည့်ရအောင်ပါ။

၂၀၁၅၊ မတ်လ ၃၁ ရက်မှာ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဘက်က တစ်နိုင်ငံလုံး ဆိုင်ရာအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ညှိနှိုင်းပြုစုရေးဆွဲပြီးကြောင်း လက်မှတ်ရေးထိုးကြပါတယ်။ NCA မူကြမ်းကို အစိုးရဘက်က UPWC က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ (UPPC) ကိုပြန်တင်ပြ အတည်ပြုချက် ယူရမှာဖြစ်ပြီး တိုင်းရင်းသားဘက်က NCCT ကလည်း သက်ဆိုင်ရာလက်နက် ကိုင်တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင် တွဆီကို ပြန်တင်ပြပြီး အတည်ပြုချက် ယူရဦးမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုး သဘောတူညီချက်စာချုပ် (NCA) အပြီးသတ် လက်မှတ်ရေးထိုးဖို့က အဆင့်တချို့ ကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ NCA အပြီးသတ် လက်မှတ်ရေး ထိုးနိုင်ဖို့၊ မတ်လ ၃၁ရက် မူကြမ်းကို ဆွေးနွေး ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ထိပ်သီးညီလာခံကို “၀” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ်တည်ရာ ပန်ဆန်းမှာ မေလ ၁ ရက်ကနေ အနိမ့်ဆုံး ၃ ရက်ခန့်ပြုလုပ်ဖို့ ပြင်ဆင်ထားကြောင်း “၀” (UWSA) ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောကြားထားပါတယ်။ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်လက် မှတ် (NCA)အပြီးသတ် လက်မှတ်ရေးထိုးဖို့ ဖြတ်သန်းရမယ့် အဆင့်တွေ ရှိနေပါတယ်။

NCA မှာ ဘယ်သူတွေ လက်မှတ် ရေးထိုးမှာလဲဆိုတာ ထပ်မံဆွေးနွေးရပါဦး မယ်။ (မူကြမ်းမှာတော့ နှစ်ဖက် လုံးကလက်မှတ်ထိုးမယ့် သူစာရင်းတွေ တင်ပြထားပါတယ်)

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါဝင်သင့်တဲ့ နိုင်ငံ တကာ ခေါင်းဆောင်တွေ၊ ဒေသခံခေါင်းဆောင်တွေကို လက်မှတ်ရေးထိုးရာမှာ ဖိတ်ခေါ်ဖို့ နှစ်ဖက်ပြန်လည် ညှိနှိုင်းရပါဦးမယ်။ မူကြမ်းကို မေလ ၁ရက် ဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေအားလုံး သဘောတူညီမှု ရှိ၊ မရှိစောင့်ကြည့်ရပါဦးမယ်။ လက် ရှိမူကြမ်းမှာ NCA အပြီးသတ် လက်မှတ်ရေးထိုးမယ့် (Time Frame) အချိန်ကာလ သတ်မှတ်ချက် မပါပါဘူး။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးရင်တော့ ရက်ပေါင်း ၉၀ မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်မယ်ဆိုတဲ့ အချက်တော့ ပါဝင်ပါတယ်။

NCCT အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်၊ ရခိုင်တပ်မတော်တို့ဟာ လက်ရှိမှာ အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပွား နေဆဲပါ။ NCCT အနေနဲ့ NCCT အဖွဲ့ဝင် အားလုံးပါဝင်ဖို့ တောင်းဆိုထားတာမို့ ညှိနှိုင်းမှုတချို့ လုပ်ကောင်း လုပ်ရနိုင်ပါတယ်။

သမ္မတရဲ့ ၂၀၁၄၊ အောက်တိုဘာ ၁ရက် မိန့်ခွန်းအရဆို ၆လတာကာလသာ လိုတော့တဲ့ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ကြားကာလမှာ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ရေးထိုးဖို့ဆိုတာ ရာနှုန်းပြည့်မကျိန်း သေနိုင်ပါဘူး။ ညှိ နှိုင်းဆဲကြားကာလမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ကာလ ဟာ နှောင့်နှေးသွားနိုင်သလို ရက် ၉၀ အကြာမှာ ပြုလုပ်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲ တွေလည်း အထမြောက် နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းအချက်တွေ ပေါင်းစုံပြီး အကြောင်းပြချက် တစ်စုံတစ်ရာ နဲ့ ရွေးကောက် ပွဲရွှေ့ ဆိုင်းမှုဆိုတာ ဖြစ်လာနိုင်ခြေရှိပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာ မမျှော်မှန်းနိုင်တဲ့ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် အဓိကရုဏ်းတွေ ထပ်မံပေါ်ပေါက်ခဲ့ရင် (သို့မဟုတ်)တခြားသော အကြောင်းကြောင်း အခြေအနေတွေကြောင့် လည်းရွေး ကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေရှိပါ တယ်။ အကြောင်းပြချက် အကောင်းဆုံးကတော့ အပစ်ရပ်စာချုပ် လက်မှတ် မထိုးခင်နဲ့ လက်မှတ်ထိုးပြီး ကြားကာလမှာ တိုက်ပွဲတွေပြန်ဖြစ် ပွားရင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ပိုမိုဖြစ်တန် ခြေရှိပါတယ်။

● ရွေးကောက်ပွဲတရားမျှတမှု

ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ရင် လက်ရှိရွေးကောက်ပွဲ ကော်မရှင်အောက်မှာ လွတ်လပ်တရားမျှတမှုရှိဖို့ကို အတိုက်အခံ နိုင်ငံရေး ရပ်ဝန်းတစ်ခုလုံးက သံသယရှိနေကြပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာ ၂၀၁၅၊ မတ် ၂၇ တပ်မတော်နေ့ အခမ်းအနားကို စစ် ၀တ်စစ်စားအပြည့်နဲ့ တက်ရောက်လာပါတယ်။ ရွေးကောက်ပွဲမှာ ဒိုင်လူကြီးသဖွယ်လုပ်မယ့် ဘယ်အဖွဲ့အစည်း ဘက်ကိုမှ ဘက်လိုက်ခွင့် မရှိတဲ့ ကော်မရှင်ဥက္ကဋ္ဌဟာ တပ်မတော်က အငြိမ်းစားယူပြီး သကာလမှာ စစ် ၀တ်စုံကြီးကို ပြန်လည်ဝတ်ဆင် ခွင့်ရှိလားဆိုတာလည်း ပြည်သူတွေကြား မှာ ဝေဖန်သံညံသွားပါတယ်။ ဥက္ကဋ္ဌ ဦးတင်အေးရဲ့ နောက်ကြောင်း ရာဇ၀င်ကိုကြည့်မယ်ဆိုရင်လည်း စစ်ဗိုလ်ချုပ်ကြီး အငြိမ်းစား၊ သမ္မတနဲ့ စစ်တက္ကသိုလ် တစ်ပတ်တည်းဆင်းပြီး အထူးခင်မင်ရင်းစွဲရှိသူ၊ အရင်ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင် ဟောင်းတစ်ဦး ရဲ့ ရွေးကောက်ပွဲမှာ တရားမျှတစွာ ဘက်မလိုက်ဘဲဆောင် ရွက်နိုင်ခြေ အနေအထားကို နိုင်ငံ ရေး ပါတီတွေနဲ့ ပြည်သူတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ နောက်ကော်မရှင်ရဲ့ ဖွဲ့စည်းပုံက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မရှင် အဆင့်ဆင့်မှာ စစ်ဗိုလ်အငြိမ်းစားတွေကို ပြန်လည်ခန့် အပ်တာဝန် ပေးထားခြင်းဟာလည်း ရွေးကောက်ပွဲရဲ့ တရားမျှတနိုင်ခြေကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

နိဂုံးချုပ်သုံးသပ်ရရင်တော့ အစိုးရသက်တမ်း ၄နှစ်ကျော်အတွင်း ကျွန်တော်တို့ ပြည်သူတွေဟာ “မိဘပြည်သူ များခင်ဗျား””ဆိုတဲ့ လေချိုသွေး စကားလုံး အောက်မှာ ဆင်းရဲတွင်းတွေ နက်သထက် နက်လို့ မြေမဲ့၊ ယာမဲ့နဲ့ ဘ၀တွေလည်း ဖွပ်သထက်ညစ်နေပါပြီ။ ပေးဆပ်ခြင်းနှလုံးသားနဲ့ သန့်စင်တဲ့ ဦးနှောက်တွေလည်း ထောင်စည်း ရိုးထဲမှာ များသထက် များနေပါပြီ။ လက်ရှိအာဏာပိုင်တွေအနေနဲ့ နိုင်ငံရဲ့ရှေ့ခရီးအတွက် လုပ်ဆောင် ကြိုး ပမ်းနေပါတယ်လို့ အသံကောင်းဟစ်နေ ပေမယ့်လည်း တကယ့်တကယ်မှာတော့ မိမိတို့အာဏာ ဆက်လက်စွဲ ကိုင်ရေးအတွက် ဇောချွေးပြန်အောင် ရုန်းကန်နေကြတယဆိုတဲ့ ရုပ်လုံးကသိသာစွာ ပေါ်လွင်နေပါတယ်။ နိုင်ငံ့ အနာဂတ်လှပဖို့ ပြည်သူ့ဘ၀တွေကို ငဲ့စောင်းကြည့်ဖို့ အချိန်ကတော့ဖြင့် မလင့်သေးပါဘူး။ တိုင်းပြည်ရှေ့ခရီး အတွက် တစ်ခုတည်းသော ထွက်ပေါက်၊ ကယ်ပေါက်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို စိတ်ရင်းစေတနာ မှန်ကန် စွာနဲ့ အချိန်မနှောင်းမီ အမြန်ဆုံး­­­­ပြုလုပ်ပေးဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment