Sunday, April 12, 2015

KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦး ရာဇဝတ်မှုကြောင့် ရာထူးမှ ယာယီ ထုတ်ပယ်ခံရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဗဟိုအမြဲတမ်းကော်မတီဝင် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်အား ရာဇဝတ်မှု တစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ရှိသဖြင့် ဗဟိုကော်မတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျွန်တော်တို့အဖွဲ့အစည်းရဲ့ကိစ္စက မှုခင်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်တာပါ။ ဗဟိုကော်မတီ တစ်ဦးမှာ သူ့ရဲ့လုပ်ငန်းစဉ် ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုမှာ တရားရေးဌာနတင်ပြချက်အရ တရားရေးက စုံစမ်း စစ်ဆေးတဲ့အချိန်မှာ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် အခုလောလောဆယ် အမှုစစ်ဆေးတဲ့အချိန်မှာ ယာယီရပ်ဆိုင်းထားတာ ဖြစ်တယ်”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလက ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်အတွင်း သတ်ဖြတ်ခံလိုက်ရသည့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ တပ်ဖွဲ့ဝင် ၅ ဦးအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။

“ဒူးပလာယာခရိုင် ဖြစ်ပွားခဲ့သော လူသတ်မှုတဲ့ကိစ္စလေ။ သူက ယာယီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ သူ့ရဲဘော်ကို တာဝန်ပေးလိုက်တာ။ သူ့ရဲဘော်က အဲဒီကိစ္စကို ကျူးလွန်တဲ့အပေါ်မှာ စစ်ဆေးရမယ်ဆိုတော့ သူကတပ်မှူး တယောက်၊ ဗဟိုကော်မတီ တယောက်ဆိုတော့ စစ်ဆေးရင် တရားရုံးက ဆင့်ခေါ်လို့ ရှိရင် လုပ်ထုံးလုပ်နည်းတွေက လုပ်နေတာကိုး၊  ကျနော်တို့ကတော့ တရားရေးဌာနရဲ့ လုပ်ဆောင်ချက်အရ လုပ်ဆောင်တာဘဲ”ဟု သူက ပြောသည်။

KNU ၏ ဗဟိုကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး မန်းတင်လှိုင်သည် ဒူးပလာယာခရိုင်ရှိ KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မေတာ် (KNLA) တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ ၏ တပ်ရင်းမှူး တာဝန်ယူနေခြင်း ဖြစ်သည်။

ဒူးပလာယာခရိုင် ကရင်းအမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ မြို့နယ်မှူး စောသိန်းဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၃ ရက်တွင် သေနပ်ဖြင့် သတ်ခံခဲ့ရခြင်း ဖြစ်သည်။ KNPFသည် KNU ၏ ပြည်ထဲရေးဌာန လက်အောက်တွင် တရားဥပဒေ စိုးမိုးရေးအား အဓိက လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်ဟု သိရသည်။


Credit - Mizzima News

No comments:

Post a Comment