Monday, April 13, 2015

ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ – ဆလိုင်းယောအောင်(မကဒတ)

ဦးသိန်းစိန်အစိုးရက လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်ကို ထူထောင်သွားမည်။ ငြိမ်းချမ်းရေးအရယူရန် သန္နိဋ္ဌာန်ချထားသည်ဟု တွင်တွင် ပြောသော်လည်း တစ်ဖက်တွင် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုမှုများကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်သို့ သွတ်သွင်းလျက်ရှိသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငြိမ်းချမ်းရေးဆိုသော စကား၏ အနက်အဓိပ္ပာယ်သည် အလွန်ကျယ်ဝန်း နက်ရှိုင်းသည်ကို စာဖတ်သူများ သိကြမှာ ဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ငြိမ်းချမ်းရေး ရှိသလားမေးရင် မရှိဘူးဟု ဖြေရမှာဖြစ်ပါ သည်။ ငြိမ်းချမ်းရေးနှင့်အတူ လုံခြုံရေးကိုပါ ယှဉ်တွဲပြီး စဉ်းစားရမှာ ဖြစ်ပါ သည်။ ဘာလုံခြုံရေးလဲ။ လူသား

လုံခြုံရေး၊ စီးပွားရေးဘ၀ လုံခြုံရေး၊ အစားအစာလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဘ၀ လုံခြုံရေး စသဖြင့် လုံခြုံရေးပေါင်းများစွာ ရှိပါသည်။ ထိုလုံခြုံရေးပေါင်းများစွာ အထိုက်အလျောက် ပြည့်စုံမှသာ ငြိမ်းချမ်းသော တိုင်းပြည်အဖြစ် မှတ်ယူနိုင်မှာဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာ လူသားလုံခြုံရေးရှိ မရှိကို မကြာခင်က မတရားပြုကျင့်ခံရပြီး သတ်ဖြတ်ခြင်း ခံခဲ့ရသော ကချင်ဆရာမလေး (၂)ယောက်၏ အဖြစ်အပျက်က သက်သေ ပြနေတာ ဖြစ်နေသလို နယ်စပ်ဒေသမှာ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်သိန်းချီ နေသည့် ဒုက္ခသည်များက သက်သေခံလျက်ရှိပါသည်။ ထို့အတူ ထိုင်းနှင့်မလေးရှား နိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေကြသော ရွှေ့ပြောင်း အလုပ်သမားများနှင့် ရွှေပြည်သာ၊ လှိုင်သာယာရှိ အလုပ်သမားများက စီးပွားရေးဘ၀ လုံခြုံမှု မရှိခြင်းကို ဖော်ပြနေပါသည်။ မြန်မာနိုင်ငံ မြို့တော်တော်များများ၏ လမ်းမပေါ်တွင် ပညာမသင် ကြားနိုင်ကြဘဲ တောင်းစားနေကြသော ကလေးများ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ အရက်ဆိုင်များတွင် အလုပ်လုပ်နေ ကြရသော ကလေးအလုပ်သမားများက ပညာရေးဘ၀ လုံခြုံမှု မရှိခြင်းနှင့် လတ်တလောဖြစ်ပေါ်နေသော အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ကျောင်းသားလှုပ်ရှားမှုများက ပညာရေးဘ၀ လုံခြုံမှုမရှိခြင်းကို သက်သေ ဖော်ပြနေခြင်းဖြစ်သည်။ ဒါကြောင့် ကျွန်တော့်အနေဖြင့် ငြိမ်းချမ်းရေးထဲက အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကျွန်တော်တို့ တိုင်းပြည်အတွက် လတ်တလော အရေးတကြီး မရှိမဖြစ် လိုအပ်နေသော လွတ်လပ်ရေးနှင့်အတူ မွေးဖွား ခဲ့သော ပြည်တွင်းစစ်ရပ်စဲနိုင်ရေးအတွက် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာ ကျွန်တော်မြင်သလောက် တင်ပြလိုပါသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် အာဏာရလာသော ဦးသိန်းစိန်အစိုးရသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက် နေ့ရက် စွဲဖြင့် ကြေညာချက်ထုတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ထိုအချက်သည် အပြုသဘော ဆောင်သည့် ခြေလှမ်းအဖြစ် အတိုက်အခံအင်အားစုများက မှတ်ယူခဲ့ကြသည်။ တစ်ဖက် မှာလည်း ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သော ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့နှင့် ၂၀၁၁ခုနှစ် ဇွန်လ (၉)ရက်နေ့မှ စတင်ကာ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို အခြေခံကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် နအဖမှ ၂၀၁၀ ပြည့်ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုများ ရှိခဲ့သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပြည်တွင်း ငြိမ်းရေးနှင့် ပတ်သက်ပြီး အာဏာရအစိုးရ အဆက်ဆက်က ကမ်းလှမ်း မှုများကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့သည်။ လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း စသဖြင့် ရှိခဲ့သော်လည်း ပြည်တွင်းစစ် အဆုံးသတ်နိုင်သည့် အခြေအနေသို့ မရောက်ရှိဘဲ ပဋိပက္ခများသာ ပိုမိုကြီးထွား လာခဲ့သည်ကို တွေ့ရသည်။ ထိုအခြေအနေများကို သုံးသပ် ကြည့်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အရေးကြီးသော အချက်(၂)ချက် တွေ့ရှိပါသည်။ (၁) ဘာကြောင့် တိုင်းပြည်အတွင်းမှာ ပြည်တွင်းစစ်ဖြစ်နေရတာဆိုသည့် နိုင်ငံရေးအခြေခံအချက်ကို ထည့်သွင်းစဉ်းစားရန်၊ (၂) ပါဝင်သူများ၏ စဉ်းစားမှု စိတ်နေစိတ်ထားပြောင်းရန် လိုအပ်နေခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိတို့၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တော်လှန်နေ သူများကို သောင်းကျန်းသူများ အဖြစ်မြင်နေခြင်း၊ ငါတို့တပ်မတော်နှင့် တပ်မတော်သားများသည်သာ တိုင်းပြည်ကိုချစ်သူ၊ တိုင်းပြည်ကို ကာကွယ်နေသူ၊ တိုင်းပြည် အကျိုးအတွက် အသက်စွန့် ဆောင် ရွက်နေသူများဖြစ်သည်၊ ငါတို့သည်သာ မြင့်မြတ်သူများ ဖြစ်သည်ဟူသော စဉ်းစားချက်များကို ပြောင်းရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက ဘယ်သောအခါမျှ ငြိမ်းချမ်းရေး တည်ဆောက်ရန် ဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့ထက်ထိ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် အစိုးရ ကိုယ်စားလှယ်များ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာ အစိုးရဘက်မှ ကိုယ်စားလှယ်များ၌ ထိုအမြင်ရှိနေသည်ကို တွေ့ရသည်။

နောက်တစ်ချက်ကတော့ အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင် ယနေ့စစ်ပွဲများ ဘယ်နေရာမှာ ဖြစ်နေပါသလဲ၊ ဘယ်သူတွေကြောင့် ဖြစ်နေပါသလဲ၊ ဘာကြောင့် ဖြစ်နေရပါသလဲ။ အဖြေကတော့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် နယ်စပ်ဒေသများတွင် ဖြစ်နေခြင်းဖြစ်ပါသည်။ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ဖြစ်နေခြင်း မဟုတ်ပါ။ ဘယ်သူတွေကြောင့်လဲ ဆိုတော့ စစ်တပ်က ထိုဒေသများသို့ သွားရောက်ကာ ထိုးစစ် ဆင်နေခြင်းကြောင့်ဖြစ်ပါသည်။ စစ်တပ်များ ထိုဒေသသို့ မသွားပါက တိုက်ပွဲများ ဖြစ်မည်မဟုတ်ပါ။ ဘာကြောင့် ဖြစ်နေရပါသလဲ။ တိုင်းပြည် ကာကွယ်ရေးအတွက် ဆိုသော အကြောင်းပြ ချက်ဖြင့် စစ်တပ်များ သွားရောက်ခြင်းကြောင့် ဖြစ်ပါသည်။ တကယ်ဘဲ ထိုဒေသတွေမှာ ကာကွယ်ရေး လိုအပ်နေသလား။ လုံခြုံရေး ခြိမ်းခြောက်မှုတွေ တကယ်ရှိနေသလားဆိုတာ စာဖတ်သူများ လေးလေးနက်နက် ဝေဖန်စဉ်းစားကြဖို့ လိုအပ်ပါသည်။ ထိုဒေသရှိ တိုင်းရင်းသား အင်အားစုတွေက တိုင်းပြည် လုံခြုံရေးကို ခြိမ်းခြောက် နေပြီလား။ ဒေသခံများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီလား။ တိုင်းပြည် ကာကွယ်ရေးအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ စစ်တပ်မှာပဲ တာဝန်ရှိတာလား။ အခြား အင်အားစုတွေမှာကော တာဝန် မရှိတော့ဘူးလားဆိုတာ ဝေဖန်ဖို့နှင့် စဉ်းစားကြဖို့ လိုအပ်လာပြီဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရက လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ကို ထူထောင်သွားမည်။ ငြိမ်းချမ်းရေးအရယူရန် သန္နိဋ္ဌာန် ချထားသည်ဟု တွင်တွင်ပြောသော်လည်း တစ်ဖက်တွင် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုမှုများကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်သို့ သွတ်သွင်းလျက် ရှိသည်ကို တွေ့ရသည်။ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အစိုးရတို့၏ ကနဦး ဆွေးနွေးမှုများကတည်းက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံကြောင်းနှင့် ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးမှုများကို လွှတ်တော်ပြင်ပတွင်သာ ပြုလုပ်သွားရန် ဆွေးနွေး ခဲ့ပြီးဖြစ်သည်။ အစိုးရဘက်မှလည်း မူအားဖြင့် သဘောတူထားပြီး ဖြစ်သည်။ ထိုအခြေအနေ အောက်တွင် တစ်ဖက်မှ လက်မခံနိုင်သော ကိစ္စများကို အတင်းတွန်းပါက ငြိမ်းချမ်းရေးသည် ဝေးနေဦးမှာ ဖြစ်သည်ကို အထူးသတိပြုသင့်ပါသည်။

ဤနေရာတွင် ယခင်က တပ်မတော် ထောက်လှမ်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကေအိုင်အိုနှင့် စစ်အစိုးရတို့ ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အရာရှိဟောင်း ဦးအောင်လင်းထွဋ် ရေးသားသော ကတိမတည်သော အစိုးရ၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆောင်းပါးပါ အချက်အချို့ကို တင်ပြပေးပါမည်။ ဦးစောမောင် လက်ထက် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ကေအိုင်အေနှင့် န၀တတို့ တရုတ်-မြန်မာနယ်စပ်တွင် စတင်ဆွေးနွေးခဲ့ပါသည်။ ထိုအချိန်က ဦးစောမောင်၏ ငြိမ်းချမ်းရေးမူမှာ လက်နက်ကိုင်ထားပြီး တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်ကြမည်၊ နိုင်ငံရေးကိစ္စကို နောင်ပြည်သူ့အစိုးရ တက်လာသည့်အခါ ဆွေးနွေးမည်။ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရမဟုတ်သောကြောင့် တိုင်းရင်းသား အရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဦးသန်းရွှေ အာဏာရလာပြီးနောက် အောက်တိုဘာမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းချက်ကို အဆင့်ဆင့် တင်ပြပြီးနောက် ဦးသန်းရွှေက ဦးခင်ညွန့်ကို ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြားချက် ပေးခဲ့သည်။ ထိုညွှန်ကြားချက်မှာ ““ကိုခင်ညွန့် ကေအိုင်အေကို လက်နက်ချရမယ်လို့ ပြောလိုက်””ဆိုသော ညွှန်ကြား ချက်ပင် ဖြစ်သည်။ အထက်ပါ ပုဂ္ဂိုလ်(၂)ဦး၏ စဉ်းစားမှု အခြေအနေကို ယှဉ်ကြည့်လျှင် ဦးစောမောင်၏ စဉ်းစားချက်သည် ငြိမ်းချမ်းရေးနှင့် နီးစပ်နိုင်ပြီး ဦးသန်းရွှေ၏ စဉ်းစားချက်သည် တန်းတူရည်တူအသိ အမှတ်ပြုမှု မရှိခြင်း၊ အပြုသဘောဆန်ခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုနည်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ပါက ဖြစ်နိုင်ခြေနည်းသည်ကို တွေ့ရမှာဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှု ဆိုသည်မှာ သူ၏သဘာဝ အရကိုက အပေးအယူလုပ်ခြင်း၊ အပြုသဘောဆောင်ခြင်းနှင့် နှစ်ဖက်စလုံး အရှုံးမရှိသော အောင်နိုင်ခြင်းကို ဦးတည်သွားခြင်းဖြစ်သည်။

နိုင်ငံတကာ အတွေ့အကြုံများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ သာဓကအားဖြင့် တောင်အာဖရိက၊ နီပေါ၊ အီသီယိုးပီးယား၊ တောင်ဆူဒန်နိုင်ငံတို့ အတွေ့အကြုံများကို လေ့လာခြင်းဖြင့် သိနိုင်ပါသည်။ ပြဿနာဖြစ်သည့် အင်အားစုအားလုံးက တိုင်းပြည်နှင့် လူထုအကျိုးရှေးရှုကာ အပြုသဘောဆောင်ကာ နှစ်ဖက် အရှုံးမရှိသော ခြေလှမ်းများဖြင့် ချဉ်းကပ် အကောင်အထည် ဖော်ခဲ့သောကြောင့် အောင်မြင် ခဲ့ကြခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲများစပြီးသည့် နောက် တွင် နှစ်ဖက်စလုံးက အပြန်အလှန် ထိခိုက်စေမည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံး လိုက်နာ စောင့်ထိန်းခဲ့ကြသည်။ ပြဿနာများ ရှိခဲ့သော်လည်း နိုင်ငံရေးကို အခြေခံကာ အပြုသဘော ဖြေရှင်း ခဲ့ကြသည်ကို တွေ့ရမှာဖြစ်သည်။

လက်ရှိ ကျွန်တော်တို့ အခြေအနေ အောက်မှာ ပထမဆုံး ပြုလုပ်ရမည့် ခြေလှမ်းကတော့ ကချင်၊ ပလောင်၊ ရှမ်းပြည်နှင့် ကိုးကန့်နယ်မြေတွင် ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရေးဖြစ်ပါသည်။ ဒုတိယခြေလှမ်း ကတော့ ထိုနယ်မြေများရှိ ရင်ဆိုင်ထားသော နှစ်ဖက်တပ်များ ခွာရေးဖြစ်ပါသည်။ တတိယခြေလှမ်းကတော့ နှစ်ဖက် တွေ့ဆုံစကားပြောရေးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အချက်အလက်များကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ယခုဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဦးဝေလွင်က မှတ်ချက်ပြု စကားမှာ ““လက်ရှိ ဒီလိုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ ဘာပဲပြောပြော အဟန့်အတားဖြစ်တာ တစ်ခုပေါ့။ ဒုတိယအဓိက တစ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဒါဟာ အဟန့်အတား ဖြစ်နေတာကို သွားတွေ့ပါတယ်။ ဒီနှစ်ခုဟာ အကြီးမားဆုံး ၂ ချက်ဖြစ်ပါတယ်””ဟူ၍ ဖြစ်သည်။

နိဂုံးချုပ် တင်ပြရလျှင် ကျွန်တော်တို့ တိုင်းပြည်၏ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ကိုယ်တိုင် တည်ဆောက် ရမှာ ဖြစ်ပြီး အချိန်မီ တည်ဆောက်ရန် လိုပါသည်။ သို့သော် အပြောမဟုတ်ဘဲ လက်တွေ့ တည်ဆောက်ရန် လိုပါသည်။ တရားသဘောအရ ကြည့်မည်ဆိုလျှင် အင်အားကြီးသူနှင့် အင်အားနည်းသူ သို့မဟုတ် အင်အားကြီးသူနှင့် အင်အားနည်းသူအကြား ပဋိပက္ခဖြစ်ပါက အားကြီးသူဘက်မှ လျှော့မှသာ အဲဒီပဋိပက္ခကို ဖြေရှင်းလို့ရမှာ ဖြစ်သည်။ ယနေ့ဖြစ်နေသော ပဋိပက္ခတွင်လည်း အားကြီးသူ အစိုးရဖက်က လျှော့မှသာ နှစ်ဖက်အကြား တစ်ဆို့မှုများ၊ အဆင်မပြေမှုများနှင့် တိုက်ပွဲများကို လျှော့ချနိုင်မှာဖြစ်သည်။ သို့မှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်မှာဖြစ်ပြီး အမုန်းတရားများ ချုပ်ငြိမ်းကာ လူ့အသက် ဆုံးရှုံးမှုကို ကာကွယ် ထိန်းချုပ်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

ကျမ်းကိုး

၂၁-၆-၂၀၁၁ ဦးအောင်လင်းထွဋ် ရေးသားသည့် ကတိမတည်သော အစိုးရ၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆောင်းပါးမှ ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။

၂၀-၂-၂၀၁၅ RFA သတင်းဌာန အင်တာနက်စာမျက်နှာမှ ကောက်နုတ် ဖော်ပြခြင်းဖြစ်သည်။

(စာရေးသူသည် ယခုလက်ရှိတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တစ်ဦး(မကဒတ) (ABSDF) ဗဟို ဦးဆောင်ကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment