Monday, September 8, 2014

PR ဆိုရင် ဘာဖြစ်လာနိုင်မလဲ . . .

Written by: နေထွန်းနိုင်
Credit - Eleven Media Group
၂ဝ၁၅ ရွေးကောက်ပွဲလုပ်ဖို့ အချိန်တစ်နှစ်လောက်ပဲ ကျန်တဲ့အချိန်မှာ ရွေးကောက်ပွဲစနစ်ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။

လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး) ပါတီ၊ NDF  (အမျိုးသားဒီမိုကရေစီအင်အားစု) ပါတီအပြင် ပါတီငယ်တချို့က လာမယ့်ရွေးကောက်ပွဲများမှာ အချိုးကျကိုယ်စားပြုစနစ်လို့ခေါ်တဲ့ PR (Proportional Representation) စနစ်ပြောင်းလဲဖို့ အာသီသပြင်းထန်နေပါတယ်။

ရွေးကောက်ပွဲအတွေ့အကြုံနည်းလွန်းတဲ့ မြန်မာနိုင်ငံမှာ ရိုးရှင်းတဲ့ ရွေးကောက်ပွဲစနစ်ပုံစံကနေ PR လိုရှုပ်ထွေးလွန်းတဲ့ စနစ်မျိုးကို ပြောင်းချင်သူတွေရဲ့ နောက်ကွယ်မှာ ဆန္ဒမျိုးစုံရှိနိုင်ပါတယ်။

သူတို့ ပြောင်းလဲလိုခြင်းရဲ့ နောက်ကွယ်က အခြေခံကျတဲ့အချက်က ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က လက်ရှိအချိန်အထိ ခြိမ်းခြောက်နေတာကြောင့်ပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီက ဆန္ဒမဲပေးသူအရေအတွက် ၁၅ သန်းကျော်မှာ ၇ ဒသမ ၉ သန်းကျော် ရခဲ့ပါတယ်။ ဆန္ဒမဲပေးခဲ့သူ အရေအတွက်ရဲ့ ထက်ဝက်ကျော် ၅၂ ဒသမ ၅ ရာခိုင်နှုန်းရခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၃၉၂ ဦးရခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် အားလုံးရဲ့ ရာခိုင်နှုန်း ၈ဝ ရရှိခဲ့တာပါ။

၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အဲဒီအချိန်က စစ်အာဏာရှင်တွေဟာ အာဏာလွှဲမပေးခဲ့ပါဘူး။

NLD မပါတဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ အငြင်းပွားဖွယ် ကြိုတင်မဲရလဒ်တွေနဲ့ ပြည်သူ့လွှတ်တော်မှာ ၅၈ ဒသမ ၈၆ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ ၅၇ ဒသမ ၅၉ ရာခိုင်နှုန်းနဲ့ အနိုင်ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လွှတ်တော်နှစ်ရပ်လုံးမှာ တပ်မတော်သားကိုယ်စားလှယ် အရေအတွက် ၂၅ ရာခိုင်နှုန်းစီက အလိုအလျှောက် နေရာယူထားပြီးဖြစ်လို့ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်၊ နှစ်ရပ်ပေါင်းအရေအတွက်က လွှတ်တော်နှစ်ရပ်လုံးမှာ ၇၅ ရာခိုင်နှုန်းအထက်ရယူပြီး ဒီမိုကရေစီလမ်းကြောင်း စတင်ပြီလို့ ဆိုင်းဘုတ်တင်ခဲ့ပါတယ်။

၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းရှိတဲ့အထဲမှာ လာရောက်မဲပေးခဲ့သူ ၂၂ ဒသမ ၁ သန်းရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်တွေမှာ ဆိုပါတယ်။ ပြည်သူ့လွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၂ဝ ဒသမ ၈ သန်းအနက် ၁၁ ဒသမ ၈ သန်းကျော်က ပြည်ခိုင်ဖြိုးကို မဲပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ပြည်ခိုင်ဖြိုးကို နှစ်ခြိုက်လက်ခံတယ်လို့ ပုံဖော်ခဲ့ပါတယ်။

ဒါပေမဲ့ NLD ပြန်ပါလာတဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အဖြေက ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်နဲ့ ပြောင်းပြန်အခြေအနေ ဖြစ်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်မှာ မဲပေးခဲ့သူအားလုံးရဲ့ ထက်ဝက်ကျော်က ပြည်ခိုင်ဖြိုးကို မဲထည့်ခဲ့တယ်ဆိုပေမယ့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲရလဒ်က ၁၉၉ဝ ပြည့်ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူတွေရဲ့ Man-date က NLD ပါတီမှာပဲ ရှိနေတယ်ဆိုတာကို ပြခဲ့ပါတယ်။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၄၆ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ NLD က ၄၃ နေရာမှာ အနိုင်ရခဲ့ပါတယ်။ NLD ဟာ လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာဝင်ပြိုင်ပြီး ၄၃ နေရာ အနိုင်ရခဲ့တာပါ။ ဒီရလဒ်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေအနက် ပြည်သူ့လွှတ်တော်အတွက် NLD က ၉၂ ဒသမ ၅ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်အတွက် ၆၆ ဒသမ ၆ ရာခိုင်နှုန်း အနိုင်ရတာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးက အမျိုးသားလွှတ်တော်အတွက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းပဲ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ အနိုင်မရခဲ့ပါဘူး။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD၊ ပြည်ခိုင်ဖြိုးတို့နဲ့အတူ ဝင်ပြိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသူတွေမှာ SNDP (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) တစ်ခုတည်းက အမျိုးသားလွှတ်တော်မှာ တစ်နေရာစာအတွက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဟာ ပြောင်းလဲခြင်းမရှိဘူးဆိုတာ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဖြေထွက်ခဲ့ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း NLD ဆက်နိုင်ဖို့ရှိပါတယ်။ ဒီအခြေအနေမှာ NLD ရယူမယ့် ခုံနေရာတွေကို ဝင်ယူနိုင်ဖို့ နည်းလမ်းက PR စနစ်ပဲဖြစ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ဆက်ယူထားမယ်ဆိုရင် လွှတ်တော်ကိုထိန်းချုပ်နိုင်ဖို့ ပြည်ခိုင်ဖြိုးအနေနဲ့ အနည်းဆုံး ၂၆ ရာခိုင်နှုန်း ရထားဖို့လိုပါတယ်။ NLD၊ ပြည်ခိုင်ဖြိုးမဟုတ်ဘဲ ကျန်တဲ့နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေကလည်း လွှတ်တော်ထဲကို ဝင်လိုပါတယ်။

အကယ်၍ PR စနစ်ကိုကျင့်သုံးပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုရင် NLD အတွက် အများကြီးထိခိုက်နစ်နာသွားမယ့်ပုံ မရှိပါဘူး။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့သူ အရေအတွက်ရဲ့ မဲရလဒ်တွေကိုပြန်ကြည့်ရင် NLD ဟာ သူရဲ့ အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးကို အပြတ်အသတ် အနိုင်ရထားပါတယ်။
လွှတ်တော်မှာနေရာ အများစုရထားတဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းပုဂ္ဂိုလ်တချို့နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ PR စနစ် ကျင့်သုံးမယ်ဆိုရင် ပါတီကိုသာ မဲပေးရွေးချယ်ရတဲ့စနစ် (Party List System) ကိုသုံးမယ်လို့ သိရပါတယ်။ သုံးတဲ့အခါမှာ စနစ်နှစ်မျိုးရှိတဲ့အထဲက Closed List ကိုသာသုံးပြီး ပြည်နယ်တွေမှာမလုပ်ဘဲ တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးမယ်လို့ ဆိုပါတယ် . . . . .
ထူးခြားချက်က ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံးဝင်ပြိုင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေ၊ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ NLD ဟာ တခြားမဲဆန္ဒနယ်တွေထက်တောင် ဆန္ဒမဲပိုရခဲ့ပါတယ်။

မဟာအောင်မြေမှာ မဲပေးသူအားလုံးရဲ့ ၈၉ ဒသမ ၅၄ ရာခိုင်နှုန်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မှာ မဲပေးသူအားလုံးရဲ့ ၇၅ ဒသမ ၁၁ ရာခိုင်နှုန်း၊ မရမ်းကုန်းမြို့နယ်မှာ မဲပေးခဲ့သူအားလုံးရဲ့ ၇၇ ဒသမ  ၅၃ ရာခိုင်နှုန်းကို NLD က ရခဲ့ပါတယ်။ ဒါဟာ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်းများများ ဝင်ပြိုင်ရင်လည်း NLD ရတဲ့ မဲအရေအတွက် လျော့မသွားနိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးအတွက် မဲလျော့သွားပြီး ကျန်တဲ့ပါတီတွေလည်း မျှော်လင့်ထားသလောက် မဲမရခဲ့ပါဘူး။

PR ဆိုတာဘာလဲ

PR ရဲ့ သဘောတရားက ပုံစံဟောင်း ရွေးကောက်ပွဲစနစ်ဖြစ်တဲ့ နိုင်သူအကုန်ယူ (Fast Past the Post) စနစ်ကို တွန်းလှန်ခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးမယ့် အရေအတွက်၊ မဲရလဒ်အရေအတွက်၊ ကိုယ်စားလှယ်အရေအတွက်ကို အချိုးချပြီး လွှတ်တော်ကို ဝင်ရောက်စေတာဖြစ်ပါတယ်။

ပုံစံဟောင်း ရွေးကောက်ပွဲစနစ် (FPTP) အရဆိုရင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်နှစ်ရပ်လုံးရဲ့ ၇၅ ရာခိုင်နှုန်းနီးပါးကို နေရာယူနိုင်မှာ ဖြစ်ပါတယ်။ PR ဆိုရင် ဒီလိုဖြစ်လာမှာမဟုတ်ဘဲ NLD ရဲ့ နေရာယူနိုင်မှု လျော့ကျသွားမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် FPTP စနစ် နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ အတွက် ရွေးကောက်ပွဲလုပ်ပါမယ်။ ပါတီသုံးခု ဝင်ပြိုင်ပါမယ်။ မဲစာရင်းရလဒ်တွေအရ A ပါတီက ရာခိုင်နှုန်း ၆ဝ၊ B ပါတီက ရာခိုင်နှုန်း ၃ဝ၊ C ပါတီက ၁ဝ ရာခိုင်နှုန်း အနိုင်ရပါမယ်။ ဒီအခါမှာ လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ လုံးကို A ပါတီတစ်ခုတည်းက အနိုင်ရရှိမှာဖြစ်ပါတယ်။ ဒီပမာဏကိုပဲ PR စနစ် ကျင့်သုံးမယ်ဆိုရင် ကိုယ်စားလှယ် ၁ဝဝ လုံးကို A ပါတီက မရနိုင်တော့ပါဘူး။ မဲရလဒ် အချိုးကျအလိုက် A ပါတီက နေရာ ၆ဝ၊ B ပါတီက နေရာ ၃ဝ၊ C ပါတီက ၁ဝ နေရာ ရရှိသွားမှာ ဖြစ်ပါတယ်။

မဲပေးသူအားလုံးရဲ့ ဆန္ဒတွေ လေလွင့်မသွားဘဲ အချိုးကျအနေနဲ့ လွှတ်တော်ထဲ ပါတီအားလုံး နေရာယူနိုင်မယ့်ပုံစံမျိုးပါ။ ဒါပေမဲ့ လက်တွေ့မှာ ဒီလောက်မရိုးရှင်းပါဘူး။ ဥပမာ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးရွေးပါမယ်။ ၁၁ ဦးထဲမှာ ပါတီတစ်ခုက မဲပေးသူအရေအတွက်ရဲ့ ၄၂ ရာခိုင်နှုန်း ထောက်ခံမဲရရှိပါမယ်။ အချိုးကျ ပြန်တွက်တဲ့အခါ အဲဒီပါတီက လွှတ်တော်အမတ် ၄ ဒသမ ၆၂ ဦးနှုန်း လွှတ်တော်မှာ ကိုယ်စားပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကိန်းပြည့်မဟုတ်ဘဲ အစွန်းထွက်နေတဲ့ ဒသမ ၆၂ က အခက်အခဲတစ်ခု ဖြစ်လာပါတယ်။ ဒီအခါမှာ အဲဒီအစွန်းထွက်တွေကို ပြန်ပြီးနေရာခွဲဝေနိုင်မယ့် အမတ်နေရာအချို့ကို သီးသန့်ချန်ထားရပါတယ်။

PR နည်းစနစ်များ

PR ကျင့်သုံးပုံ နည်းစနစ်အမျိုးမျိုး ရှိနေပါတယ်။ အသုံးများတဲ့စနစ်က လေးမျိုးရှိပါတယ်။ ပါတီကိုသာ မဲပေးရွေးချယ်ရတဲ့စနစ် (Party List System)၊ ကိုယ်စားလှယ်လောင်းကိုတစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် မဲပေးရွေးချယ်ရတဲ့စနစ် (Mixed Member Proportional System)၊ ကိုယ်စားလှယ်လောင်းကိုတစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် မဲပေးရွေးချယ်ရပေမယ့် လူကိုနေရာအများစုပေးတဲ့စနစ် (Mixed Member Majoritarian System)၊ ကိုယ်စားလှယ်လောင်းတွေထဲမှာမှ ကိုယ်ကြိုက်နှစ်သက်သူကို ဦးစားပေးနံပါတ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရတဲ့စနစ် (Single Transferable Vote System) တို့ ဖြစ်ပါတယ်။   

ဒီလေးမျိုးထဲက ဘယ်တစ်ခုကို မြန်မာနိုင်ငံမှာ အသုံးပြုမလဲဆိုတာ အခုချိန်ထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒါပေမဲ့ လွှတ်တော်မှာနေရာ အများစုရထားတဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းပုဂ္ဂိုလ်တချို့နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ PR စနစ် ကျင့်သုံးမယ်ဆိုရင် ပါတီကိုသာ မဲပေးရွေးချယ်ရတဲ့စနစ် (Party List System) ကိုသုံးမယ်လို့ သိရပါတယ်။ သုံးတဲ့အခါမှာ စနစ်နှစ်မျိုးရှိတဲ့အထဲက Closed List ကိုသာသုံးပြီး ပြည်နယ်တွေမှာမလုပ်ဘဲ တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးမယ်လို့ ဆိုပါတယ်။

ပါတီကိုသာ မဲပေးရွေးချယ်ရတဲ့စနစ် (Party List System)

အသုံးအများဆုံး PR စနစ် လေးမျိုးထဲမှာ အရိုးရှင်းဆုံးပုံစံပါ။ PR စနစ်အသုံးပြုတဲ့ နိုင်ငံ ၆၅ နိုင်ငံမှာ ရာခိုင်နှုန်း ၈ဝ ကျော်က ဒီစနစ်ကို အသုံးပြုနေပါတယ်။

ဒီစနစ်မှာ ပုံစံနှစ်မျိုး ရှိနေပါတယ်။ Open List နဲ့ Closed List ဖြစ်ပါတယ်။ Open Lsit က ဆန္ဒမဲမပေးခင်မှာ မဲဆန္ဒနယ် တစ်ခုချင်းစီအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်ကို (ဥပမာ ငါးဦး၊ လေးဦး၊ သုံးဦး စသဖြင့်) ထုတ်ဖော်ပြောဆိုထားရပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းကို ပါတီက ရွေးချယ်ထည့်သွင်းထားပါတယ်။ မဲပေးတဲ့အခါ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးရပါမယ်။ ဒီလိုမဲပေးလိုက်တာနဲ့ ကိုယ်စားလှယ်လောင်း ကိုယ်စားပြုထားတဲ့ ပါတီကို မဲပေးတယ်ဆိုတဲ့အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒီအခါ ပါတီတစ်ခုတည်းမှာပဲ မဲအရေအတွက်များများရတဲ့ ကိုယ်စားလှယ်လောင်းက အရွေးခံရဖို့ ပိုအခွင့်အရေးများပါတယ်။

မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ ဖြစ်နိုင်ခြေအရှိဆုံး သတင်းထွက်နေတဲ့ Closed List က ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ ပါတီတစ်ခုမှာပါဝင်မယ့် ကိုယ်စားလှယ်တွေ ဘယ်သူလဲဆိုတာ မဲပေးသူတွေက မသိပါဘူး။ ပါတီကတော့ ကြိုတင်စာရင်း သတ်မှတ်ထားရပါတယ်။ မဲပေးသူက ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးရပါတယ်။ မဲအရေအတွက်နဲ့ အချိုးကျပုံစံအရ ကိုယ်စားလှယ်ခွဲဝေတဲ့အခါ ပါတီက စာရင်းသတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တွေထဲက ထိပ်ဆုံးမှာရှိနေသူတွေက ကိုယ်စားလှယ်အဖြစ် အရွေးခံရမှာဖြစ်ပါတယ်။ ဒီစနစ်အရ ကိုယ်စားလှယ်ရေတွက်ပုံက PR အခြေခံသဘောအတိုင်းပဲ ဖြစ်ပါတယ်။ ဥပမာ မဲဆန္ဒနယ် တစ်ခုအတွက် ကိုယ်စားလှယ်ငါးဦး ရွေးချယ်ပါမယ်။ ဒီမဲဆန္ဒနယ်မှာ ပါတီငါးခုဝင်ပြိုင်ပါမယ်။ အဲဒီ မဲဆန္ဒနယ်မှာ ပဲမဲပေးသူအရေအတွက်က ၁ဝဝဝဝဝ ရှိပါမယ်။ ပါတီတစ်ခုဟာ အနည်းဆုံး ဆန္ဒမဲ ၂ဝဝဝဝ ရတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် နေရာတစ်နေရာ ရရှိပါမယ်။ ပါတီတစ်ခုက အဲဒီမဲဆန္ဒနယ်မှာ ဆန္ဒမဲ ၆ဝဝဝဝ ရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်နေရာ သုံးနေရာ ရရှိမှာဖြစ်ပါတယ်။ ၂ဝဝဝဝ ပဲရတဲ့သူက တစ်နေရာရပါမယ်။

ဒီကြားထဲမှာပဲ ပါတီတစ်ခုက မဲအရေအတွက် ၆ဝဝဝဝ နဲ့ သုံးနေရာကိုရထားပြီ။ ကျန်တဲ့လေးပါတီက တစ်နေရာစာဆန္ဒမဲ ၂ဝဝဝဝ ကို ပြည့်မီခြင်း မရှိသေးဘူးဆိုရင် ၂ဝဝဝဝ အောက်ရတဲ့ ပါတီလေးခုထဲက မဲအများဆုံးရထားတဲ့ ပါတီက ကျန်နေတဲ့နေရာတွေကို ရရှိမှာဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် မဲပေးရွေးချယ်ရတဲ့စနစ် (Mixed Member Proportional System)

ကိုယ်စားလှယ်လောင်းကိုတစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် နှစ်ဆင့်ထပ်ရွေးချယ်ရတဲ့စနစ် ဖြစ်ပါတယ်။ မဲဆန္ဒနယ်နဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ကိစ္စတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကန့်အသတ်ရှိနေတဲ့အချိန်မှာ ဒီစနစ်ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။

MMP စနစ်အရ ကိုယ်စားလှယ်အရေအတွက်ရဲ့ ထက်ဝက်ကို တစ်နယ်တစ်ဦးနှုန်း FPTP စနစ်နဲ့ရွေးပြီး ကျန်တစ်ဝက်ကို PR ပုံစံ ပါတီစာရင်းအရ ဖြည့်ပေါင်းပေးရတာ ဖြစ်ပါတယ်။ မဲပေးတဲ့ပုံစံက မဲပြားရဲ့ ဘယ်ဘက်ခြမ်းမှာ ကိုယ်စားလှယ်ကို FPTP စနစ်နဲ့ ရွေးရမှာပါ။ ညာဘက်ခြမ်းမှာတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ပါတီကို ရွေးချယ်ရမှာပါ။

ရေတွက်တဲ့အခါ FPTP စနစ်အရ မဲပေးခံထားရတဲ့ ကိုယ်စားလှယ်တွေအနက် မဲရရှိမှုရာခိုင်နှုန်း ၅ဝ အထက် အများဆုံးရရှိသူတစ်ဦးက လွှတ်တော်ကိုယ်စားလှယ် တိုက်ရိုက်ဖြစ်ပါမယ်။ ကျန်တဲ့နေရာတွေကိုတော့ PR ပုံစံအရ ပါတီအလိုက် ဆန္ဒမဲအများဆုံးရတဲ့ ပါတီတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်စားလှယ်အရေအတွက် အတိအကျ သတ်မှတ်နိုင်ရေးက ရှုပ်ထွေးမှုအဖြစ် ရှိနေပါတယ်။ ဥပမာအားဖြင့် ပါတီတစ်ခုက ရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါ ကိုယ်စားလှယ်ဦးရေ ၁ဝဝ က တိုက်ရိုက်အနိုင်ရရှိပါတယ်။ ဒါပေမဲ့ ပါတီအလိုက်ပေးတဲ့ မဲအရေအတွက်အရ ၁၅ဝ အနိုင်ရနေပြီဆိုရင် လိုအပ်တဲ့ ၅ဝ ကို ပါတီစာရင်းကနေ လိုက်ဖြည့်ပေးရတာ ဖြစ်ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲရလဒ်က ၁၉၉ဝ ပြည့်နှစ်အတိုင်း ဖြစ်ခဲ့မယ်ဆိုရင် လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို NLD အမတ်တွေချည်း ဖြစ်မနေဖို့ ကြိုတင်ပြင်ဆင်ခြင်းပါပဲ။ လွှတ်တော်မှာ ခြေကုပ်ယူနိုင်ဖို့ ပြည်ခိုင်ဖြိုးပါတီက အနည်းဆုံး ၂၆ ရာခိုင်နှုန်းရဖို့ လိုအပ်နေပါတယ် . . . . .
ဒီစနစ်အရ လွှတ်တော်ထဲကို  ပါတီစုံရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ ရောက်လာတဲ့ ပါတီတိုင်းက လွှတ်တော်ကိုယ်စားလှယ် ၅ဝ ရာခိုင်နှုန်း မကျော်ဘူးဆိုရင် အစိုးရဖွဲ့ဖို့အတွက် မဟာမိတ်လုပ်ရတာတွေ ရှိလာပါတယ်။ အစိုးရကို ဖြုတ်ချချင်တယ်ဆိုရင်လည်း ဒီနည်းလမ်းအတိုင်း ယာယီစုပေါင်းပြီး လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒီအတွက်ကြောင့် ဒီစနစ်ဟာ နိုင်ငံရေးမတည်ငြိမ်မှုကို မကြာခဏ ဖြစ်ပေါ်စေတယ်လို့ သတ်မှတ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဒီနည်းလမ်းကို အသုံးပြုတယ်ဆိုပေမယ့် စနစ်အရ လွှတ်တော်ကိုယ်စားလှယ်တွေကိုသာရွေးပြီး သမ္မတနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ ထိန်းညှိထားပါတယ်။

ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် မဲပေးရွေးချယ်ရပေမယ့် လူကိုနေရာအများစုပေးတဲ့ စနစ် (Mixed Member Majoritarian System)

FPTP နဲ့ PR ကို ရောထွေးထားတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းကိုတစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် မဲပေးရွေးချယ်ရတဲ့စနစ် (Mixed Member Proportional System) နဲ့ တူညီမှုရှိပေမယ့် ဒီစနစ်မှာတော့ လူပုဂ္ဂိုလ်ကို နေရာအများစုပေးတဲ့ ပုံစံဖြစ်ပါတယ်။ ဥပမာအားဖြင့် လွှတ်တော်တွင်းကိုယ်စားလှယ် ၄ဝဝ ရှိတယ်ဆိုရင် ၃ဝဝ ကို FPTP စနစ်နဲ့ရွေးပြီး ၁ဝဝ ကို PR စနစ်နဲ့ ရွေးချယ်တဲ့ပုံစံဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ထရာကို ဖြုတ်ချအပြီး ပြင်ဆင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီစနစ်ထွက်ပေါ်လာပြီး အသုံးပြုနေပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဒီစနစ်ကို အသုံးပြုနေပါတယ်။ ဒါပေမဲ့ ဒီစနစ်ကိုလည်း နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ စနစ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေထဲမှ ကိုယ်ကြိုက်နှစ်သက်သူကို ဦးစားပေးနံပါတ်တပ်ပြီး ရွေးချယ်ရတဲ့စနစ် (Single Transferable Vote System)

ရှုပ်ထွေးမှုရှိတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်မှာ မဲဆန္ဒရှင်တစ်ဦးက ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ဦးစားပေးအမှတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါ သတ်မှတ်မဲအရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် တိုက်ရိုက်ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်စားလှယ်က သူရရှိတဲ့ မဲအရေအတွက်ဟာ သတ်မှတ်အရေအတွက်ထက် ပိုနေပြီဆိုရင် ပိုနေတဲ့ အစွန်းထွက်မဲတွေကို တခြားသူတွေထံ ဝေငှနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်စားလှယ်အားလုံးက သတ်မှတ်ထားတဲ့ မဲအရေအတွက် မရဘူးဆိုရင် မဲအနည်းဆုံးရတဲ့ ကိုယ်စားလှယ်ကိုထုတ်ပြီး သူ့ရဲ့မဲတွေကို တခြားကိုယ်စားလှယ်တွေဆီကို ဝေငှရမှာပါ။

ဒီစနစ်ကို ပီပီပြင်ပြင်အသုံးပြုဖို့အတွက် ကျွမ်းကျင်သူအများအပြား လိုအပ်ပါတယ်။ အချိန်တိုအတွင်းမှာ အဖြေမှန်ရဖို့ မလွယ်ဘူးလို့လည်း ဆိုကြပါတယ်။ မဲကျန်တွေကို အနည်းအများအလိုက် ထပ်ပေါင်းပေးရတာကြောင့် ရှုပ်ထွေးပြီး ပြဿနာများစွာဖြစ်တတ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အိန္ဒိယအထက်လွှတ်တော်မှာ အသုံးပြုထားပြီး ဩစတြေးလျတောင်ပိုင်း၊ အနောက်ပိုင်းမြောက် အိုင်ယာလန်၊ စကော့တလန်နဲ့ နယူးဇီလန်ဒေသဆိုင်ရာ အစိုးရတွေကို ဒီစနစ်အသုံးပြုပြီး ရွေးချယ်လေ့ရှိတယ်လို့ သိရပါတယ်။

ကျန်တဲ့ PR စနစ်တွေနဲ့မတူတဲ့ ဒီစနစ်မှာ ထူးခြားချက်တစ်ခုက Party List ကို လုံးဝခွင့်ပြုပေးမထားတဲ့အချက် ဖြစ်ပါတယ်။

PR မပြောခင် ဘာတွေဖြစ်ခဲ့လဲ

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲပုံစံကို PR စနစ်ပြောင်းသင့်တယ်ဆိုတဲ့ အဆိုပြုချက်တွေထဲမှာ အဓိကကျတဲ့ ဦးတည်ချက်က တစ်ခုပဲရှိပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲရလဒ်က ၁၉၉ဝ ပြည့်နှစ်အတိုင်း ဖြစ်ခဲ့မယ်ဆိုရင် လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို NLD အမတ်တွေချည်း ဖြစ်မနေဖို့ ကြိုတင်ပြင်ဆင်ခြင်းပါပဲ။ လွှတ်တော်မှာ ခြေကုပ်ယူနိုင်ဖို့ ပြည်ခိုင်ဖြိုးပါတီက အနည်းဆုံး ၂၆ ရာခိုင်နှုန်းရဖို့ လိုအပ်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေကလည်း ဒီအတိုင်းပဲ ပြောကြပါတယ်။ သူတို့အနေနဲ့ အနည်းဆုံး ၂၆ ရာခိုင်နှုန်းနဲ့ အထက်ရအောင် လုပ်ချင်ပါတယ်။

ဒါပေမဲ့ PR စနစ်နဲ့ရွေးချယ်ဖို့ တရားဝင် အဆိုပြုခဲ့သူတွေက NLD က ခွဲထွက်လာသူတွေဖြစ်တဲ့ NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ သူတို့လည်း သူတို့ရတဲ့ မဲဆန္ဒတွေအရ လွှတ်တော်မှာနေရာရဖို့ ရည်မှန်းချက်ရှိပါတယ်။

NLD မပါဝင်တဲ့ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ NDF ပါတီဟာ မျှော်မှန်းခဲ့သလောက် အောင်မြင်မှုမရခဲ့ပါဘူး။ ပြည်သူ့လွှတ်တော်အတွက် မဲပေးနိုင်သူ အရေအတွက် သန်း ၂ဝ ကျော်ရှိခဲ့တဲ့အထဲမှာ NDF က မဲအရေအတွက် ၁ ဒသမ ၄ သန်းပဲ ရခဲ့ပါတယ်။ ဆန္ဒမဲပေးခဲ့သူ အရေအတွက်အားလုံးရဲ့ ၇ ဒသမ ၁ဝ ရာခိုင်နှုန်းပဲ ရခဲ့တာဖြစ်ပြီး ဒီရလဒ်အရ ပြည်သူ့လွှတ်တော်မှာ နေရာရှစ်နေရာ၊ ၁ ဒသမ ၈၂ ရာခိုင်နှုန်းပဲနေရာ ယူနိုင်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ ဆန္ဒမဲပေးသူ အရေအတွက် ၁ ဒသမ ၄ သန်းပဲရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ နေရာနဲ့ ၁ ဒသမ ၇၉ ရာခိုင်နှုန်းပဲ နေရာယူနိုင်ခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲမှာ NDF က ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ရှိပါတယ်။ ပြည်သူ့လွှတ်တော် တောင်ငူမြို့နယ် မဲဆန္ဒနယ်မှာ NLD၊ ပြည်ခိုင်ဖြိုးနဲ့ NDF တို့ ယှဉ်ပြိုင်ခဲ့တဲ့အခါ NDF က မဲပေးခဲ့သူအားလုံးရဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးက ၂၄ ဒသမ ၆၆ ရာခိုင်နှုန်းရခဲ့ပြီး NLD က ၇၂ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့ အများဆုံးရခဲ့ပါတယ်။

လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒမှာလည်း ပါတီလေးခု ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ NDF က ၂ ဒသမ ဝ၄ ရာခိုင်နှုန်း၊ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)က ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၁၃ ဒသမ ၈၆ ရာခိုင်နှုန်းရပြီး NLD က ၈ဝ ဒသမ ၂၂ ရာခိုင်နှုန်း ရခဲ့ပါတယ်။ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ပါတီလေးခုဝင်ပြိုင်တဲ့အခါ NDF က ၁ ဒသမ ၉ ရာခိုင်နှုန်း၊ တစညက ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၂၂ ဒသမ ၅၇ ရာခိုင်နှုန်းရခဲ့ပြီး NLD က ၇၂ ဒသမ ၅၈ ရာခိုင်နှုန်း ရခဲ့ပါတယ်။ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာလည်း ပါတီလေးခု ဝင်ပြိုင်ရာမှာ NDF က ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီက ဝ ဒသမ ၉ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၃၄ ဒသမ ၄၃ ရာခိုင်နှုန်း၊ NLD က ၆၂ ဒသမ ၇၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

အပေါ်က တွက်ချက်မှုတွေက ဥပမာအားဖြင့် ထုတ်ပြခဲ့တာပါ။ NDF ဟာ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ မျှော်မှန်းခဲ့သလောက် အောင်မြင်မှုမရခဲ့သလို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲအရေအတွက် ရရှိမှုနည်းခဲ့ပါတယ်။ သူရရှိခဲ့တဲ့ မဲအရေအတွက်အားလုံးကို ပြန်ကြည့်တဲ့အခါ အများစုက ပြည်ခိုင်ဖြိုးနဲ့ တစညကို ကျော်လွန်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ PR စနစ်ကိုကျင့်သုံးပြီး ရွေးချယ်မယ်ဆိုရင်တောင် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲစားရင်းတွေအရ NDF ဟာ ပြည်ခိုင်ဖြိုးနဲ့ တစညထက်ရရှိမယ့် အရေအတွက် နည်းနိုင်ပါတယ်။

ဒါပေမဲ့ ဆန္ဒမဲရလဒ်အရ မဲအလေအလွင့် မရှိစေဖို့အတွက် အချိုးကျ ခွဲဝေသတ်မှတ်မယ့် PR စနစ်ကို ကျင့်သုံးဖို့ လွှတ်တော်နှစ်ရပ်လုံးမှာ NDF ကိုယ်စားလှယ်တွေက အဆိုပြုခဲ့ပါတယ်။

PR နှင့် ရှုပ်ထွေးမှုများ

PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးသင့်တယ်ဆိုတဲ့ အဆိုပြုချက်တွေ အရင်ကတည်းက ရှိခဲ့ပါတယ်။ အထူးသဖြင့် အာဏာကို လက်မလွှတ်လိုသူတွေ ရှိနေတာကြောင့် PR စနစ်သုံးပြီး အာဏာကိုထိန်းညှိဖို့ အဆိုပြုသူတွေ ရှိခဲ့တာပါ။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေမှာ ကျွမ်းကျင်မှုရှိတဲ့ ပါမောက္ခလာရီဒိုင်းမွန်းကလည်း မြန်မာနိုင်ငံမှာ PR စနစ်ကျင့်သုံးသင့်တယ်လို့ ပြောဖူးပါတယ်။ ဒါပေမဲ့ သူပြောတဲ့ PR ပုံစံက အားလုံးကို မဆိုလိုဘဲ တပ်မတော်ကယူထားတဲ့ ၂၅ ရာခိုင်နှုန်းကို PR စနစ်နဲ့ ရွေးတဲ့ပုံပြောင်းကြည့်ဖို့ အကြံပေးဖူးပါတယ်။ ဒါမှ အဆင်မပြေသေးရင် နေရာ ၆ဝ လောက်ကို တပ်မတော်ကဆက်ယူထား၊ ၂၅ ရာခိုင်နှုန်းစာလောက်ကို PR ပုံစံနဲ့ ပြန်ရွေးတဲ့နည်း လုပ်ကြည့်ရင်လည်း ဖြစ်နိုင်တယ်လို့ လာရီဒိုင်းမွန်းက ပြောဖူးပါတယ်။

ပါမောက္ခလာရီဒိုင်းမွန်းရဲ့ တွက်ချက်မှုတွေအရ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ၁၉၉ဝ ပြည့်နှစ်က ပုံစံအတိုင်းပဲ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

အကယ်၍ ရွေးကောက်ပွဲပုံစံ မပြောင်းခဲ့ဘူးဆိုရင် ၂ဝ၁၅ ခုနှစ်မှာ NLD ကို မဲပေးသူ ၅ဝ ရာခိုင်နှုန်းရှိမယ်။ လွှတ်တော်မှာ ၅၆ ဒသမ ၄ ရာခိုင်နှုန်းလောက် နေရာယူနိုင်မယ်။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်နှစ်ရပ်ပေါင်းက မဲဆန္ဒရှင်အားလုံးရဲ့ ၂၂ ရာခိုင်နှုန်းလောက်ပဲ ဆန္ဒမဲရနိုင်ပြီး လွှတ်တော်မှာ ၂၈ ရာခိုင်နှုန်းလောက်ပဲ လွှမ်းမိုးမှုရှိနိုင်မယ်ဆိုတဲ့အထိ တွက်ချက်ထားပါတယ်။ တိုင်းရင်းသားတွေအပါအဝင် အခြားအင်အားစုတွေက လွှတ်တော်မှာ ၁၄ ဒသမ ၈ နေရာယူနိုင်လိမ့်မယ်လို့ လာရီဒိုင်းမွန်းက ခန့်မှန်းပါတယ်။ သူတွက်ထားတဲ့ ကိန်းဂဏန်းတွေက ပြည်သူ့လွှတ်တော်ကို အခြေခံခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန် လွှတ်တော်နှစ်ရပ်လုံးအတွက် PR စနစ်ပြောင်းမလား ဆိုတာအတွက် အဖြေမထွက်သေးပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာ PR စနစ် ကျင့်သုံးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်စရာမလိုတဲ့ပုံစံ ဖြစ်နေပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘူးဆိုရင် PR စနစ်လေးမျိုးထဲက တတိယနည်းလမ်းဖြစ်တဲ့ ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်၊ ပါတီကိုတစ်ကြိမ် မဲပေးရွေးချယ်ရတဲ့စနစ် (Mixed Member Proportional System) ကျင့်သုံးရင်လည်း ဖြစ်နိုင်မယ်ဆိုတဲ့သူတွေ ရှိနေပါတယ်။

တိုင်းရင်းသားတွေအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားပါတီကြီးတွေအနေနဲ့ သူတို့ဒေသအတွက်ရရှိမယ့် ခွဲတမ်းကို တိုင်းရင်းသားမဟုတ်တဲ့ ပါတီကြီးတွေကို ခွဲဝေပေးရမယ့်ပုံစံ ရှိနေပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသ တစ်ခုတည်းမှာပဲ အခြားသောလူမျိုးစု တိုင်းရင်းသားပါတီငယ်လေးတွေကိုလည်း နေရာခွဲဝေပေးရနိုင်ပါတယ်။

ဘယ်လိုပုံစံမျိုး PR စနစ်ကို ရွေးချယ်မလဲဆိုတာနဲ့ ရွေးချယ်လိုက်တဲ့ စနစ်အရ အချိုးကျခွဲဝေ သတ်မှတ်မယ့်ပုံစံ၊ မဲအရေအတွက် တွက်ချက်ပုံတွေက ရှုပ်ထွေးမှုရှိနိုင်ပါသေးတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်သမာသမတ်ကျဖို့ အထူးလိုအပ်နေပါတယ်။ နောက်ထပ် အန္တရာယ်တစ်ခုက ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကြိုတင်ပြဿနာ ရှုပ်ထွေးခဲ့သလို PR စနစ်နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲဟာ ပယ်မဲတွေကြောင့် ရှုပ်ထွေးမှုရှိလာနိုင်ပါတယ်။

နိုင်ငံရေးသုံးသပ်လေ့လာသူ ဒေါက်တာရန်မျိုးသိန်းက PR စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား မတူညီတဲ့အချက်သုံးခုကို ထောက်ပြပါတယ်။ တစ်အချက်က လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက အလိုအလျောက် ရောက်ရှိနေရာယူထားတာပါ။ နှစ်အချက်က ဖွဲ့စည်းပုံပြင်ရခက်တဲ့ အချက်ပါ။ သုံးအချက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဦးဆောင်ထားသူဟာ တပ်မတော်ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်နေတာပါ။

PR စနစ် ပြောင်းလဲကျင့်သုံးရေးနဲ့ ပတ်သက်လို့ NLD၊ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားပါတီတွေကို မေးတဲ့အခါ သူတို့မှာ အဖြေအမျိုးမျိုး ရှိနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်အချို့က အခြေအနေတွေကို စောင့်ကြည့်ပါလို့ ပြောပါတယ်။ NLD ပါတီဝင်တွေက PR ကြောင့် NLD ထိခိုက်မှာမဟုတ်ဘူးဆိုတာကို သိရှိထားပါတယ်။ တိုင်းရင်းသားပါတီတွေက လက်မခံပါဘူး။ တချို့ကတော့ PR ကြောင့် အင်အားကြီးပါတီနှစ်ခု အားပြိုင်တာပဲ ဖြစ်လာလိမ့်မယ်။ PR ကို ပီပီပြင်ပြင်လုပ်နိုင်လို့ လက်ငင်းအကျိုးဖြစ်လာနိုင်ဖို့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေအရ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို PR နဲ့ ဆုံးဖြတ်မယ်ဆိုရင်လည်း NLD နဲ့ ပြည်ခိုင်ဖြိုးပဲ အားသာချက်ရှိနေနိုင်ပါတယ်။ ဒီကြားထဲ PR မှာ မဲမျှဝေမှု၊ မဲဖလှယ်နိုင်မှုစတဲ့ လုပ်နိုင်စွမ်းတွေကြောင့် မဟာမိတ်ဖွဲ့မှု၊ ပူးပေါင်းမှုတွေ ဖြစ်လာမယ်ဆိုရင် ဘယ်သူတွေ မဟာမိတ်ဖွဲ့ ပူးပေါင်းကြမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိုးကား
(၁) အမျိုးသားအကျိုးစီးပွား သုတေသနအဖွဲ့က လွှတ်တော်သို့ ဖြန့်ဝေထားသည့် PR ဆိုင်ရာ စာတမ်း။
(၂) Extracted From Electoral System Design: The News International IDEA Handbook (2014)


၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီများနှင့် မဲဆန္ဒတစ်ခုချင်းစီအလိုက် ၎င်းတို့ရရှိခဲ့သော မဲအရေအတွက် ရာခိုင်နှုန်းများ

ပြည်သူ့လွှတ်တော်
 စဉ်       မဲဆန္ဒနယ်                       ပါတီ                               မဲရရှိမှုအရေအတွက်ရာခိုင်နှုန်း
  (၁) စစ်ကိုင်း NLD ၇၆  ဒသမ  ၅၁
  (၂) ပုလဲ NLD ၆၇   ဒသမ  ၇၀
  (၃) မင်းကင်း NLD ၅၆   ဒသမ  ၄၂
  (၄) ကျွန်းစု NLD ၆၉   ဒသမ  ၉၅
  (၅) လောင်းလုံ NLD ၈၂   ဒသမ  ၂၄
  (၆) တောင်ငူ NLD ၇၂  ဒသမ  ၃၈
  (၇) ထန်းတပင် NLD ၆၈   ဒသမ  ၀၄
  (၈) လက်ပံတန်း NLD ၈၀   ဒသမ  ၂၂
  (၉) သနပ်ပင် NLD ၇၆   ဒသမ  ၆၃
(၁၀) ပခုက္ကူ NLD ၇၈  ဒသမ  ၀၂
(၁၁) ပွင့်ဖြူ NLD ၆၉  ဒသမ  ၈၆
(၁၂) မကွေး NLD ၇၂  ဒသမ  ၅၈
(၁၃) မြိုင် NLD ၇၄  ဒသမ  ၆၈
(၁၄) ရေစကြို NLD ၆၈  ဒသမ  ၃၇
(၁၅) ဇမ္ဗူသီရိ NLD ၅၆  ဒသမ  ၆၈
(၁၆) ဒက္ခိဏသီရိ NLD ၆၃  ဒသမ  ၈၂
(၁၇) ပုဗ္ဗသီရိ NLD ၅၄  ဒသမ  ၅၂
(၁၈) ဥတ္တရသီရိ NLD ၅၉  ဒသမ  ၄၉
(၁၉) တံတားဦး NLD ၆၂  ဒသမ  ၇၅
(၂၀) ကျောက်ပန်းတောင်း NLD ၇၁   ဒသမ  ၆၁
(၂၁) နွားထိုးကြီး NLD ၆၃  ဒသမ  ၉၉
(၂၂) မဟာအောင်မြေ NLD ၈၉  ဒသမ  ၅၄
(၂၃) မိတ္ထီလာ NLD ၅၂   ဒသမ  ၀၉
(၂၄) ပြင်ဦးလွင် NLD ၆၁   ဒသမ  ၄၀
(၂၅) မော်လမြိုင် NLD ၇၂   ဒသမ  ၉၁
(၂၆) ကော့မှူး NLD ၈၅   ဒသမ  ၃၈
(၂၇) ဒဂုံမြို့သစ် (ဆိပ်ကမ်း) NLD ၇၅   ဒသမ  ၁၁
(၂၈) မရမ်းကုန်း NLD ၇၇   ဒသမ  ၅၃
(၂၉) မင်္ဂလာတောင်ညွန့် NLD ၈၇   ဒသမ  ၉၀
(၃၀) လှည်းကူး NLD ၆၅   ဒသမ  ၅၆
(၃၁) သုံးခွ NLD ၆၈   ဒသမ  ၆၁
(၃၂) ကလော NLD ၅၉   ဒသမ  ၀၄
(၃၃) ပုသိမ် NLD ၇၄   ဒသမ  ၁၉
(၃၄) မအူပင် NLD ၅၁   ဒသမ  ၅၇
(၃၅) မြောင်းမြ NLD ၆၅   ဒသမ  ၁၃
(၃၆) မြန်အောင် NLD ၇၅   ဒသမ  ၀၀
(၃၇) ၀ါးခယ်မ NLD ၆၄   ဒသမ  ၂၈
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမျိုးသားလွှတ်တော်
စဉ်  မဲဆန္ဒနယ်                                 ပါတီ                 မဲရရှိမှုအရေအတွက်ရာခိုင်နှုန်း
(၁)    စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၃) NLD ၆၉  ဒသမ  ၇၁
(၂) စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၇) ပြည်ခိုင်ဖြိုး ၅၁  ဒသမ  ၀၉
(၃) ပဲခူးတိုင်း မဲဆန္ဒနယ် (၇) NLD ၇၅  ဒသမ  ၁၁
(၄) မကွေးတိုင်း မဲဆန္ဒနယ် (၄) NLD ၆၅  ဒသမ  ၅၇
(၅) ရှမ်းပြည်နယ် မဲဆန္ဒနယ် (၃) SNDP ၂၉  ဒသမ  ၀၇
(၆) ဧရာဝတီတိုင်း မဲဆန္ဒနယ် (၁၀) NLD ၆၈  ဒသမ  ၆၁
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်
(၁)   က၀မဲဆန္ဒနယ် (၂)                    NLD                 ၆၇ ဒသမ ၀၄
(၂)   ရေကြည်မဲဆန္ဒနယ် (၂)              NLD                 ၆၃ ဒသမ ၅၅


No comments:

Post a Comment