မြန်မာနိုင်ငံတွင်
အလုပ်အကိုင်နှင့်လုံခြုံရေး လုံလောက်စွာမရှိခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှု
မရှိခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များနေကြောင်း
ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မြန်မာနိုင်ငံတွင် အလုပ်အကိုင် လုံလောက်စွာမရှိခြင်း၊ လုံခြုံရေးလုံလောက်စွာ မရှိခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ များနေကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၂ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့၌ လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများ၌ ရောက်ရှိနေထိုင်ကြသည့် မြန်မာတိုင်းရင်းသား ဒုက္ခသည်များနှင့်ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တင်ပြဆွေးနွေးခဲ့သည်။
“ခပ်တိုတိုပြောရရင် ဒီနိုင်ငံမှာ အလုပ်လုံလောက်စွာ မရှိဘူး။ လုံခြုံရေးလုံလောက်စွာ မရှိဘူး။ နိုင်ငံရေးတည်ငြိမ်မှု မရှိဘူး။ လူမှုရေးဖူလုံမှု မရှိဘူး။ အဲဒါကြောင့်မို့လို နိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ ဒုက္ခသည်တွေများတယ်။ အဲဒီဟာတွေအားလုံး ဖြေရှင်းဖို့ဆိုတာကတော့ ခပ်တိုတိုနဲ့ ရမှာမဟုတ်ဘူး။ နောက်ပြီးတော့လည်း အစိုးရတစ်ခုတည်းအနေနဲ့ လုပ်လို့ရမှာမဟုတ်ဘူး။ တစ်တိုင်းပြည်လုံးက ပါဝင်ပြီးတော့ လုပ်ဖို့ဆိုတာ ပါဝင်ပိုင်ခွင့်လည်း ရှိဖို့လိုတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦထင်အောင်က ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမလေးလပတ်ကာလအထိ အလုပ်သမားရှာဖွေရေးရုံးများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ ဒသမ ၂၆၃ သန်းကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြည်တွင်းကို ပြန်လည်ရောက်ရှိလာပါက ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် လိုက်လျောညီထွေရှိသည့် အလုပ်အကိုင်များ ရရှိလုပ်ကိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးထင်အောင်က လွှတ်တော်တွင် ပြောကြားသည်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ၀န်ကြီးဌာနသုံးခု၏ ဆောင်ရွက်ဖြေရှင်းမှုများသည် လက်တွေ့တွင် များစွာအားနည်းလျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြဆွေးနွေးခဲ့သည်။
ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “နိုင်ငံကို ပြန်လာချင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေက ကျွန်မတို့နိုင်ငံအနေနဲ့ သူတို့ကို တာဝန်ယူနိုင်တဲ့ အနေအထား ရှိပါသလား။ အဓိကအားဖြင့် သူတို့သိချင်တာကတော့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုမျိုးဖန်တီးပေးမလဲ။ တခြားနိုင်ငံမှာနေတဲ့ အနေအထားမှာ ကျွန်မတို့ဘက်မှာ ရတဲ့ဝင်ငွေထက် နှစ်ဆကျော်လောက် ရရှိနေပါတယ်။ ဒါကို သူတို့က ပြန်လာမယ်ဆိုရင် ဘယ်လိုမျိုးဖြေရှင်းပေးမလဲ။ အဓိကအားဖြင့် နိုင်ငံရေးတည်ငြိမ်မှု၊ လုံခြုံမှု၊ သူတို့က နိုင်ငံရေးမတည်ငြိမ်မှု၊ မလုံခြုံမှုက ထွက်လာခဲ့ရတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့အတွက် တည်ငြိမ်မှု အဓိက လိုအပ်နေပါတယ်” ဟု ဆွေးနွေးသည်။
“တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းမှာရှိတဲ့ မြန်မာတိုင်းရင်သားများအပြင် မြန်မာအမည်ခံ နိုင်ငံသားအချို့လည်း ရှိနေပါတယ်။ အဲဒီအချိုးကို ကြည့်လိုက်ရင် ၅၀၊ ၅၀ ရှိနေပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ပြန်လည်လက်ခံမယ်ဆိုရင် သေချာစိစစ်ပြီးတော့မှ လက်ခံဖို့လည်း သင့်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက ဆွေးနွေးသည်။
Credit - Eleven Media Group

No comments:
Post a Comment