Sunday, September 7, 2014

ကြားဖြတ်ရွေးကောက်ပွဲမပြုလုပ်တော့ဟု ဦးတင်အေးပြောကြား

ရန်ကုန်- ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ပြောကြားလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၃၅ ခုနှင့် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် စက်တင်ဘာ ၇ ရက်၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘မဲဆန္ဒနယ်က ၃၅ နေရာပဲရှိတဲ့အတွက် လွှတ်တော်ရဲ့ voting result ကို ထိခိုက်မှုမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် USDP (ပြည်ခိုင်ဖြိုးပါတီ)က အသာစီး နိုင်မယ်ဆိုတဲ့အနေအထားဖြစ်နေတယ်။ လွှတ်တော်မှာလည်း ဖွဲ့စည်းပုံပြင်ဆင်မယ့်ကိစ္စနဲ့ ရွေးကောက်ပွဲစနစ်အတွက် လေ့လာသုံးသပ်တဲ့အလုပ်တွေ များနေတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်ရင် အလုပ်များမှာစိုးရိမ်တဲ့အတွက်’’ဟု ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲမလုပ်ဖြစ်တော့ခြင်းနှင့် ပတ်သက်၍ ပြောသည်။
ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲကို အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင်ပြုလုပ်ရန် စီစဉ်ထားပြီး ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလမှ နိုဝင်ဘာသို့ ရွှေ့ပြောင်းထားခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပါက ကျပ် ၂ ဘီလီယံဝန်းကျင်ကုန်ကျမည်ဖြစ်ခြင်း၊ မဲဆန္ဒနယ် ၃၀ ကျော်မှာ လွှတ်တော်အတွင်း ပြောင်းလဲသက်ရောက်မှုများစွာ မဖြစ်နိုင်သည့်အတွက် ဥက္ကဋ္ဌတစ်ဦး၏ လုပ်ပိုင်ခွင့်အရဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။ ပါတီများအနေဖြင့်လည်း သုံးနေရာဝင်ရောက်မယှဉ်ပြိုင်ပါက ပယ်ဖျက်ခံရမည်ဆိုသော သတ်မှတ်ချက်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်လျှင် ပါတီများအခက်အခဲဖြစ်နိုင်ခြင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်စရာများရှိနေခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲကြီးကို မပြုလုပ်တော့ကြောင်း ၎င်းက ဆိုသည်။
၂၀၁၅ တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပပေးရန် လျာထားကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။
Credit - 7DAY DAILY 

 

No comments:

Post a Comment