Wednesday, September 10, 2014

ဖနောင့်အောက်က ကျေးဇူးရှင်ကြီးများ

ရန်ကုန်မြို့လယ်မှ ရှစ်မိုင်ခန့်ကွာဝေးသည့် ပန်းလှိုင်မြစ်နှင့် ဇော်ဂျီမြစ်အကြားရှိ မြေနေရာများတွင် စိမ်းစိုနေသည့် စပါးပင်များက နှစ်ပေါင်းများစွာ နေရာယူထားခဲ့ကြသည်။
လယ်သမားများက ပေါက်တူးများစွဲကိုင်ကာ အစိမ်းရောင်စပါးခင်းများဘေး ဖြတ်သန်းသွားလာခဲ့ကြသည်။ သူတို့၏နောက်တွင်တော့ မျိုးစေ့များ၊ ကောက်ပင်များထည့်ထားသော တောင်းပလုံးများကို လွယ်ထားသည့် ကောက်စိုက်သမများက ကပ်ပါလာခဲ့ကြသည်။ လေးတိုင်စင်
လယ်စောင့်တဲကလေးပေါ်တွင် မိဘများအိမ်အပြန်ကို လယ်သမားများ၏ သားသမီးများက စောင့်နေခဲ့ကြသည်။
ယခုတော့ အရာရာပြောင်းလဲခဲ့ပြီဖြစ်သည်။
အစိမ်းရောင်စပါးပင်များနေရာတွင် မြက်ခင်းစိမ်းစိမ်းများက နေရာဝင်ယူခဲ့ပြီ။ ပေါက်တူးများကိုင်ကာ သွားလာနေကြသည့် လယ်သမားများနေရာတွင် ဂေါက်ရိုက်တုတ်များ ကိုင်ဆောင်ထားသည့် အထက်တန်းလွှာ လူတန်းစားများက နေရာဝင်ယူခဲ့သည်။ သူတို့၏နောက်တွင်တော့ ဂေါက်အိတ်များလွယ်ထားသည့် ကယ်ရီလုပ်သားများက ကပ်လျက်။ လေးတိုင်စင် လယ်စောင့်တဲကလေးများနေရာတွင်တော့ နိုင်ငံ၏အကောင်းဆုံးသော ခေတ်သစ်အဆောက်အအုံများ အစားထိုးဝင်ရောက်ခဲ့ကြသည်။
တစ်ချိန်က စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခဲ့ကြသည့် နေရာသည် တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ရာစာရင်းဝင်ခဲ့သည့် ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာအဖြစ် ပြောင်းလဲခဲ့သည်။
ခေတ်အမီဆုံး ဗိသုကာလက်ရာများ၊ ၁၈ ကျင်းပါသည့် ဂေါက်ကွင်းနှင့် ဇိမ်ခံအဆောက်အအုံများဖြင့် ပြည့်နှက်နေသည့် အိမ်ရာသည် မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ကြေးရတတ်များသာမက နိုင်ငံတကာမှ ဧည့်သည်များနှင့် သံတမန်အသိုင်းအ၀ိုင်းအတွက်ပါ နေချင်စဖွယ်အိမ်ရာတစ်ခုအဖြစ် အချိန်တိုအတွင်း ဖြစ်လာခဲ့သည်။
သို့သော်လည်း တိုင်းပြည်၏ ခေတ်အမီဆုံးသော အိမ်ရာစီမံကိန်းဖော်ဆောင်ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် နေရာမှ မူလစိုက်ပျိုးသူလယ်သမားများ၏ ဘ၀ကတော့ တည်ခုံပေါ်တင်ပြီး အားပါပါဖြင့် လွှဲရိုက်ခံခဲ့ရသည့် ဂေါက်သီးများလို အဝေးဆီသို့သာ လွင့်သွားခဲ့သည်။
မူလလယ်သမားများအား မြေလျော်ကြေး၊ သီးနှံလျော်ကြေးနှင့် နစ်နာကြေးများမပေးဘဲ သိမ်းဆည်းခံရသူများအား ပေ(၆၀× ၂၀) မြေကွက်များသာဖော်ပြီး ပြန်ပေးခဲ့ကြောင်း ဇူလိုင်လအတွင်း ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း(၄)တွင် ဖော်ပြထားသည်။ လယ်ပျောက်ခဲ့သည့် လယ်သမားများကို မြေပြန်ပေးသည်ဆိုသော်လည်း အလကားတော့မဟုတ်ခဲ့။ မြေတစ်ကွက်လျှင် ၁၂,၀၀၀ ကျပ် ပေးသွင်းရသည်။
မြေကွက်အတွက်လည်း ပိုက်ဆံမသွင်းနိုင်၊ လုပ်ငုတ်လက်ရင်း မြေများတွင်လည်း မဖယ်ရှားပေးနိုင်သူများအတွက်တော့ အစိုးရက သီးသန့်အစီအစဉ်တစ်ခု လုပ်ပေးခဲ့သည်။
‘‘မိမိနေအိမ်များမှ အလွယ်တကူဖယ်ရှားပေးခြင်းမရှိသူ ၃၀ ဦးခန့်သည် ထောင်ဒဏ်ကျခံခဲ့ကြရပါသည်’’ဟု ငြင်းဆန်သူများအတွက် အစိုးရပေးခဲ့သည့် သီးသန့်အစီအစဉ်ကို ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ထုတ်ရေးသားထားသည်။
၎င်းတို့သည် ပြီးခဲ့သည့်နှစ်ကာလများအတွင်း ဒုက္ခမျိုးစုံခံခဲ့ရသည့် သန်းနှင့်ချီသော လယ်သမားများအနက်မှ အချို့သာဖြစ်သည်။
ပြီးခဲ့သည့် အစိုးရအဆက်ဆက် လက်ထက်တွင် စီမံကိန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းပြ၍ ဧကထောင်သောင်းချီကာ သိမ်းဆည်းခဲ့ပြီး သန်းနှင့်ချီသော လယ်သမားများ၏ဘ၀ကို ဖျက်ဆီးပစ်ခဲ့သည်။ အစိုးရသစ်က သိမ်းဆည်းခံလယ်ယာမြေများအရေး ဖြေရှင်းရန် အကြိမ်ကြိမ် ကတိက၀တ်များ ပေးခဲ့သော်လည်း တစ်ချိန်တည်းတွင် လယ်မြေများ ဥပဒေမဲ့သိမ်းဆည်းခဲ့သူများကို အရေးယူရန်ထက် ကိုယ့်လယ်ကိုယ်ပြန်ရရန် ကြိုးပမ်းသူများကိုသာ အရေးယူမှုများပြုလုပ်ခြင်းက ပိုမိုများပြားခဲ့သည်။
‘‘လယ်သမားတွေကို ကာကွယ်ဖို့ထက် နှိပ်ကွပ်ဖို့က ပိုပြီးအားသာနေတယ်။ တကယ်တမ်း ငွေများတရားနိုင်လေ၊ ငွေမရှိတဲ့ လယ်သမားတွေအတွက် တင်ပြတဲ့အဆိုကိုတောင် ပယ်ချခံရတာကိုပဲ အထင်သားဖြစ်နေပြီ။ လက်ရှိ ကျွန်တော့်ဆီကရှိတဲ့ စာရင်းအရ လယ်သမား သုံးထောင်ကျော် တရားစွဲခံရတာရှိတယ်’’ဟု မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။
တပ်မတော်အစိုးရတာဝန်ယူခဲ့သည့် နှစ်များအတွင်း စီးပွားရေးသမားများအတွက် တွက်ခြေကိုက်သည့် ရင်းနှီးမြှုပ်နှံမှုမှာ ဈေးပေါပေါဖြင့်ရရှိသည့် လယ်မြေများကို ရနိုင်သလောက် ၀ယ်ယူစုဆောင်းထားခြင်း ဖြစ်သည်။ လယ်သမားများအား နည်းလမ်းမျိုးစုံဖိအားပေးကာ လယ်မြေများထံမှ ထွက်ခွာရန် အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းခဲ့ကြသည်။ ထိုအတွက် ကုန်ကျစရိတ်မှာ ပြောပလောက်အောင်မရှိခဲ့။
ဦးနေ၀င်းဦးဆောင်သည့် မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ပါတီ ပြုတ်ကျသွားခဲ့သည့် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း အာဏာသိမ်း တပ်မတော်အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းတစ်ခုတည်းတွင်ပင် မြို့ပြစီမံကိန်းခေါင်းစဉ်ဖြင့် လယ်မြေဧကပေါင်း  ၆၀၀၀ ကျော် သိမ်းယူခဲ့ပြီး လယ်သမားများအား အတင်းအကျပ်မောင်းထုတ်ခဲ့သည်။
သို့သော်လည်း ယနေ့အချိန်တွင်တော့ အမှန်တကယ်သိမ်းယူထားသည့် လယ်မြေများ၏ ၅ ရာခိုင်နှုန်းခန့်တွင်သာ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြောင်း ကော်မရှင်စာရင်းအရ ဖော်ပြထားသည်။
‘‘ကော်မရှင်အစီရင်ခံစာအရ လယ်ယာမြေသိမ်းထားပြီး လုပ်ငန်းအကောင်အထည်မဖော်ရင် လယ်သမားကို ပြန်ပေးရမယ်ဆိုတာ ရှိထားပြီးသားပါ။ အခု ရန်ကုန်တိုင်းမှာ အကောင်အထည်မဖော်ထားတဲ့ လယ်ကွက်တွေကို လယ်သမားလက်ထဲပြန်ရောက်ဖို့ လွှတ်တော်မှာ မေးမြန်းသွားမှာပါ။ အခုစာရင်းဇယားတွေ လုပ်နေပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြား မြေစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းကပြောသည်။
အစိုးရထိပ်ပိုင်းက လယ်ယာမြေအရေးဖြေရှင်းပေးမည်ဟု ကတိက၀တ်များပြုထားသော်လည်း အောက်ခြေ၀န်ထမ်းများနှင့် လယ်သိမ်းကုမ္ပဏီများက လယ်သမားများအား ခြိမ်းခြောက်ပြီး စောဒကတက်မှုမရှိအောင် ပြုလုပ်မှုများရှိနေကြောင်း လယ်သမားများနှင့် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်များကပြောသည်။
‘‘လယ်မြေတွေပြန်ပေးမယ်ပြောပြီး လက်မှတ်ထိုးခိုင်းတယ်။ လာထိုးခိုင်းတဲ့သူတွေကပဲ အိမ်တွေကို လာဖျက်သွားကြတယ်။ ပြောတော့ လယ်ပြန်ပေးဖို့ လက်မှတ်ထိုးပေးပါဆိုပြီး လက်မှတ်လည်းထိုးလိုက်ရော အိမ်ပါအဖျက်ခံရတယ်’’ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ကြည်စုအုပ်စုအတွင်းမှ လယ်သမားဦးအောင်မျိုးကပြောသည်။
လယ်သမားများအတွက် လယ်ပြန်ပေးမည်ဆိုသည့် လက်မှတ်များက လယ်မြေသိမ်းမှုအတွက် ကျေအေးသည်ဟု အဓိပ္ပာယ်သက်ရောက်သည့် စာရွက်ပေါ်က ရေးစာများကို အဓိပ္ပာယ်နားမလည်၍ ရေးထိုးပေးလိုက်မှုကြောင့် အချုပ်ခန်းထဲသို့ရောက်ရသည့် အကြောင်းရင်းများဖြစ်လာသည်ကို မသိကြပါ။
လယ်ယာမြေပြန်လည်ရရှိရေးလှုပ်ရှားသည့် ဒါဇင်နှင့်ချီသော တောင်သူလယ်သမားများသည် ဖမ်းဆီးထောင်ချခြင်း၊ ကာလရှည်ကြာ တရားရင်ဆိုင်စေခြင်း စသည်တို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
‘‘လယ်သိမ်းခံရပြီး တရားစွဲခံရတာတွေရှိတာဟာ စိတ်မကောင်းစရာပါ။ ဒီအပိုင်းကို ကော်မရှင်က ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဖြစ်လာတဲ့ ပြဿနာတွေအပေါ်မှာ အခြေခံပြီး လယ်သမားတွေ တင်ပြလာမှ လုပ်ပေးလို့ရမှာ လွှတ်တော်မှာ မေးပေးလို့ရတဲ့ အခြေအနေတစ်ရပ်သာ ဖြစ်တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းကပြောသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် ဥပဒေမဲ့ပြုကျင့်ခဲ့သည့် အစိုးရ၀န်ထမ်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်ပြီး လယ်ယာမြေပြဿနာများ ဖြေရှင်းရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် လယ်သမားများက မကြာခဏ တိုက်တွန်းလျက်ရှိကြသည်။ သို့ရာတွင် အမှန်တကယ် အရေးယူခံရသူများကမူ လယ်ယာမြေဆုံးရှုံးခဲ့ကြသည့် လယ်သမားများသာ ဖြစ်ပါသည်။
Credit - 7DAY DAILY 

 
မြို့ပြဧရိယာချဲ့ထွင်မှုကြောင့် လယ်ယာမြေများမှာ အိမ်ခြံမြေအဖြစ် မြန်ဆန်စွာ အသွင်ပြောင်းကုန်သည် [ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]

No comments:

Post a Comment