ရန်ကုန်၊ စက်တင်ဘာ ၈
ရွေးကောက်ပွဲများတွင်
ပြောင်းလဲအသုံးပြုမည့် အချိုးကျကိုယ်စားပြုစနစ် PR ကို
တိုင်းရင်းသားလူမျိုးများ မဲပေးရာတွင် လွယ်ကူစေသော ဒီဇိုင်းပုံစံမျိုးကို
အစီရင်ခံစာတွင် ထည့်သွင်းရေးဆွဲထားကြောင်း အမျိုးသားလွှတ်တော် PR
အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးဖုန်းမြင့်အောင်က The Voice သို့
ပြောကြားသည်။
သြဂုတ်လ ၈ ရက်နေ့ အမျိုးသားလွှတ်တော် PR စနစ်
အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း
ပြောကြားခြင်း ဖြစ်သည်။
“အဓိကက ဗမာစာမတတ်တဲ့ တိုင်းရင်းသားတွေ
မဲပေးတဲ့နေရာမှာ ရှုပ်ထွေးမှု ဖြစ်စေမယ့် အရာတွေ ပယ်ချပြီး
ဒီဇိုင်းပုံစံတစ်ခု ရေးဆွဲနေတယ်” ဟု ၎င်းကဆိုသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသုံးပြုနေသော PR စနစ်များထဲမှ ငါးမျိုးကို
ရွေးချယ်ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အချက်များကို ထည့်သွင်းကာ PR
ဒီဇိုင်းပုံစံ တည်ဆောက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ
ရေးဆွဲထားသော PR ဒီဇိုင်းပုံစံကို အစီရင်ခံစာတွင် ထည့်သွင်းပြီး
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့မည် ဖြစ်ကြောင်း၊ ယင်းနောက်
အမျိုးသားလွှတ်တော်တွင် အတည်ပြုမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် PR စနစ်
အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။
PR စနစ် အသုံးပြုရန်
ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ကိုက်ညီသော
လွယ်ကူရိုးရှင်းသည့် ပုံစံများကိုသာ အသုံးပြုသင့်ကြောင်း ဖက်ဒရယ်မဟာမိတ်
FUP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောကြားသည်။
“တကယ်တမ်း မဲပေးမှု လွယ်ကူစေချင်ရင် ရိုးရှင်းတဲ့ ပုံစံလေးတွေ အများကြီး ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန်အတွက်
အမျိုးသားလွှတ်တော်က အတည်ပြုထားပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော PR
စနစ်ကို အကောင်အထည်ဖော်ရန် ကိုယ်စားလှယ် ၃၆ ဦးပါ PR စနစ်
အကောင်အထည်ဖော်ရေး ကော်မတီကို ဇွန်လ ဒုတိယပတ်အတွင်း ဖွဲ့စည်းခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်
အားလုံးတွင် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် (PR) အသုံးပြုရန် အဆိုပါ
ကော်မတီက သြဂုတ်လအတွင်း ဆုံးဖြတ်ထားသည်။
Credit - The Voice Weekly
No comments:
Post a Comment