Saturday, September 13, 2014

အမျိုးသားပညာရေး ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည့် အချက် ၁၆ ချက် ပြင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကျောင်းသားများက သပိတ်မှောက်နေသည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို သဘောထားမှတ်ချက် ပြုထားသော နိုင်ငံတော်သမ္မတ၏ အကြံပြုစာများထဲမှ အချက်ပေါင်း ၁၆ ချက်ကို ပြန်လည်ပြင်ဆင်ရန် သဘောတူလက်ခံကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ရီက ဆိုသည်။


စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ သဘောထားမှတ်ချက်နှင့် ပေးပို့ခဲ့သော အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက်များ ဖတ်ကြားချိန်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချက် ၁၆ ချက်အပြင် နောက်ထပ် အချက်သုံးချက်ကိုလည်း သမ္မတ မှတ်ချက်နှင့်အညီ ပြင်ဆင်သင့်ကြောင်း ယင်းဥပဒေကြမ်း ကော်မတီက သုံးသပ်ထားသည်။

ယင်းအပြင် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ပါဝင်သော အခမဲ့ မူလတန်းပညာရေးကို အဆင့်ဆင့် တိုးချဲ့ခြင်းနှင့် အမျိုးသားပညာရေး ကော်မရှင် ဖွဲ့စည်းပုံကိုမူ ပြင်ဆင်ပြောင်းလဲခြင်း မရှိဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက်အတိုင်း ဆက်လက် ဆောင်ရွက်သင့်ကြောင်း ဥပဒေကြမ်း ကော်မတီကိုယ်စား ဦးခင်မောင်ရီက ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ယာယီ) က တောင်းဆိုထားသော ဆရာ၊ ဆရာမများ၏ ကိုယ်ကျင့်တရားနှင့် အရည်အသွေးပေါ် မူတည်ပြီး ဗဟိုချုပ်ကိုင်မှု ပေးမည့် အချက်ကိုလည်း နိုင်ငံတော်သမ္မတက ပြင်ဆင်ချက်အတိုင်း ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံမှ သိရသည်။

အဆိုပါ ဥပဒေကြမ်း ကော်မတီနှင့် နိုင်ငံတော်သမ္မတ သဘောထားမှတ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုချက် ပေးလိုသော ကိုယ်စားလှယ်များသည် စက်တင်ဘာလ ၁၆ နေ့ နောက်ဆုံး ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)၊ ဆရာ၊ ဆရာမများအသင်းနှင့် ကျောင်းသားသမဂ္ဂတို့က ဗဟိုချုပ်ကိုင်မှုများ ဆက်လက်ထားရှိသော ပုဒ်မများကို ဖယ်ပေးရန် ကြေညာချက် အသီးသီး ထုတ်ပြန်၍ တောင်းဆိုထားကြသည်။
Credit - The Voice Weekly 

No comments:

Post a Comment