ရန်ကုန်၊ စက်တင်ဘာ ၁၂
ခေါင်းလောင်းကို ကြိုးချီနေပြီဟု
ထုတ်ပြန်ထားသော်လည်း လက်တွေ့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့်
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းနှင့် အဆက်အသွယ်
မရရှိတော့ကြောင်း ခေါင်းလောင်းရှာဖွေရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ
ဦးနိုင်မင်းအောင်က ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုအတွက်
ထပ်မံတိုးမြှင့်ထားသည့် သတ်မှတ်ချိန် နောက်ဆုံးရက်သို့ ရောက်ရှိပြီ
ဖြစ်သော်လည်း ရှာဖွေရေးအဖွဲ့မှ မည်သည့်သတင်းမျှ
ထုတ်ပြန်ခြင်း မရှိသည်နှင့်
ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အန်ကယ်တို့ဆီကိုလည်း ဘာမှ လှမ်းပြောတာ မရှိတော့ အန်ကယ်တို့လည်း ဘာမှ မထုတ်ပြန်ပေးနိုင်ဘူး” ဟု ၎င်းကပြောဆိုသည်။
ယင်းကဲ့သို့ ဦးစံလင်း၏ ညွှန်ကြားချက် မရရှိသဖြင့် ၎င်းတို့အနေနှင့်
ဦးစံလင်းရှိရာ ခေါင်းလောင်း ရှာဖွေနေသည့် သင်္ဘောသို့ သွားရောက်ရန်လည်း
မဖြစ်နိုင်ကြောင်း ဦးနိုင်မင်းအောင်က ထပ်လောင်း ပြောဆိုသည်။
ခေါင်းလောင်း ရှာဖွေနေချိန်က ရှာဖွေမှုနှင့် ပတ်သက်သည့် သတင်းများကို အဆိုပါ
အရန်ကော်မတီက မကြာခဏ ထုတ်ပြန်ခဲ့သော်လည်း ခေါင်းလောင်းကြီး တွေ့ပြီဟု
ကြေညာခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါကော်မတီ အနေနှင့်
သတင်းထုတ်ပြန်နိုင်ခြင်း မရှိတော့ပေ။
အဆိုပါ ခေါင်းလောင်းကြီးကို
မူလက သြဂုတ်လ ၂၆ ရက်နေ့တွင် နောက်ဆုံးထား ဆယ်ယူသွားမည်ဟု အဖွဲ့ခေါင်းဆောင်
ဦးစံလင်းက ကြေညာခဲ့ပြီး ဆယ်ယူနိုင်ခြင်း မရှိခြင်းကြောင့် ရှာဖွေချိန် ၁၇
ရက်ကို ထပ်တိုး သတ်မှတ်ထားခြင်း ဖြစ်ရာ စက်တင်ဘာလ ၁၂ ရက် (ယနေ့) သည်
နောက်ဆုံးရက် ဖြစ်သည်။
ယင်းကိစ္စကို မေးမြန်းရန် ဦးစံလင်း အပါအဝင်
ပုံမှန် သတင်းထုတ်ပြန် ပြောကြားလေ့ ရှိသည့် ရှာဖွေရေး အထောက်အကူပြုအဖွဲ့မှ
ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းတို့၏ လက်ကိုင်ဖုန်းများသို့ The Voice က
ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
ခေါင်းလောင်းကြီးကို
တွေ့ရှိထားပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့တွင် ဦးစံလင်းက ထုတ်ပြန်
ကြေညာထားသော်လည်း ခေါင်းလောင်းရှာဖွေမှုတွင် ပါဝင်ခဲ့သည့် ကော့သောင်းဒေသမှ
ရေငုပ်သမားအချို့ကမူ ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ
တွေ့ရှိထားခြင်း မရှိကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ယင်းရေငုပ်အဖွဲ့
ခေါင်းဆောင်က ပြောဆိုထားသည်။
ရှာဖွေရေးကာလ တစ်လတာအတွင်း မည်သည့်ထူးခြားမှုမျှ မတွေ့ရှိရသဖြင့် ရေငုပ်သမား ငါးဦးမှာလည်း နေရပ်ပြန်သွားခဲ့ပြီ ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ဦးစံလင်းအဖွဲ့က တစ်စုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။
Credit - The Voice
No comments:
Post a Comment