Saturday, September 13, 2014


သတင်းဆောင်းပါး
သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း အရွေးခံမည့် ကိစ္စနှင့်ဆက်စပ်ပြီး ဆန္ဒပြပွဲတစ်ခုကို စက်တင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဓမ္မသာလာခန်းမအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မိုးရွာသွန်းမှုများကြားက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုတွင် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီစဉ်ဆက်မပြတ် ဖော်ဆောင်ရေးအဖွဲ့(MDCF)၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ (FNI) တို့မှ အဖွဲ့ဝင်များပါဝင်သည့် ၁၅ ဦးကျော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က သမ္မတကြီး ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တိုင်းပြည်နဲ့ လူမျိုးက သူ့ကိုရွေးချယ်မယ်ဆိုရင် စဉ်းစားပေးမယ်လို့ ပြောခဲ့တာကို ကျွန်တော်တို့က လက်ခံပေးလို့မရဘူး” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်မြင့်က ပြောကြားသည်။
ယင်းဆန္ဒပြမှုမှာ ဥရောပသုံးနိုင်ငံ ခရီးစဉ်မှ သမ္မတဦးသိန်းစိန် ပြန်ရောက်လာပြီး နောက်တစ်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ နောက်ထပ် သမ္မတသက်တမ်းအတွက် မစဉ်းစားမီ ယခုသက်တမ်း အတွင်းမှာပင် သမ္မတဦးသိန်းစိန် ဖြေရှင်းဆောင်ရွက်ရမည့် အချက်များကို ထုတ်ဖော်ခဲ့သည်။
သမ္မတဦးသိန်းစိန် ဖြေရှင်းရန် ဆန္ဒပြသူများ တောင်းဆိုခဲ့သည့် အချက်များမှာ (၁) ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေး၊ (၂)ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆောင်ရွက်ပေး၊ (၃) ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင် ဆောင်ရွက်ပေး၊ (၄) အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ပေး၊ (၅) တရားရေးမဏ္ဍိုင် တည့်မတ်အောင် ဆောင်ရွက်ပေး၊ (၆) မြေယာပြဿနာများကို ဖြေရှင်းပေး၊ (၇) အလုပ်သမားများ၏ အခွင့်အရေးများကို ဖြေရှင်းပေး၊ (၈) တောင်သူလယ်သမားများကို ဖမ်းဆီးထောင်ချခြင်းမှ ကာကွယ်ပေး၊ (၉) သတင်းမီဒီယာသမားများကို ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်မှုများကို ကာကွယ်ပေး၊ (၁ဝ) နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းလွှတ်၊ (၁၁) ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်အောင် ဖြေရှင်းရေး စသည်တို့ဖြစ်ကြပြီး ထိုကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပြီးမှသာ နောက်သက်တမ်းအတွက် စဉ်းစားပါဟု ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။
စက်တင်ဘာ ၅ ရက်တွင် ဆွစ်ဇာလန်သတင်းဌာန NNZ News နှင့် တွေ့ဆုံချိန်၌ သမ္မတဦးသိန်းစိန်က နောက်ထပ်သမ္မတသက်တမ်း ဝင်ရောက်အရွေးခံမည်၊ မခံမည် ဆိုခြင်းနှင့် ပတ်သက်၍ ၎င်းအနေဖြင့် အနားယူလိုသော်လည်း ပြည်သူများ၏ ဆန္ဒနှင့် တိုင်းပြည်၏ အခြေအနေကို ကြည့်ရဦးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
NNZ News နှင့် တွေ့ဆုံမှုမှာပင် မြန်မာနိုင်ငံ၏ တည်ငြိမ်နေမှုသည် တပ်မတော်ကျေးဇူးကြောင့် ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆ဝ နီးပါး ကြာမြင့်ခဲ့သည့် ပဋိပက္ခများ အဆုံးသတ်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်အမျိုးမျိုးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ဟန့်တားနေသည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်မည် ဆိုပါက “တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့ဖွဲ့၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုးစီးပွားကို ကြည့်၍ စဉ်းစားပြီး” မဲထည့်မည်ဖြစ်ကြောင်း၊ နှစ် ၂ဝ ကျော်ကြာ ပိတ်ဆို့အရေးယူမှုများကြောင့် ဆင်းရဲနွမ်းပါးမှု မြင့်တက်ခဲ့ကြောင်း အစရှိသည့် အချက်များကိုလည်း ပြောကြားခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲ၌ အငြင်းပွားဖွယ် ကြိုတင်ရလဒ်များဖြင့် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအနေဖြင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သော သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ရန် သက်တမ်း ၁၅ လခန့်သာ ကျန်ရှိတော့သည်။
သမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက် သမ္မတဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့သည့် မိန့်ခွန်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ စာရွက်ပေါ်မှာတင်မက လက်တွေ့အားဖြင့် အမှန်တကယ် အကောင်အထည်ပေါ်မှု ရှိ၊ မရှိ ဆိုသည်မှာ ပြည်သူများအကြား မေးခွန်းထုတ်စရာများ ရှိနေသည်။ ထို့အတူ ဒုတိယမိန့်ခွန်းအဖြစ် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များကို ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပါရှိခဲ့သည်များ ဖြစ်သော ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Goverment) ပေါ်ပေါက်ရေး၊ အစိုးရအဖွဲ့အတွင်း ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအရ ကန့်သတ်ချက်များမှလွဲ၍ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေး အပါအဝင် တရားစီရင်ရေး အဖွဲ့များ၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ သန့်ရှင်းသောအစိုးရ (Clean Goverment) ဖြစ်ရန် အဂတိလိုက်စားမှု ကင်းရှင်းရေး စသည့်အချက်များ လက်တွေ့ဖြစ်ပေါ်လာခြင်း ရှိ၊ မရှိမှာလည်း မေးခွန်းထုတ်စရာများ ဖြစ်နေပြန်သည်။
ထို့ပြင် ပြည်သူများသို့ အလျဉ်းသင့်သလို ပြောကြားခဲ့သည့် မိန့်ခွန်းများနှင့် လစဉ်ရေဒီယိုမိန့်ခွန်းများ၌ “တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည့် ကိစ္စမှာလည်း လက်တွေ့ကျကျ ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးသည့်အပြင် ကျေးလက်မြို့ပြမကျန် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုသည့် အဓိကကျသော အချက်သည်လည်း ပီပြင်သော အနေအထားသို့ ရောက်ရှိလာခြင်း မရှိသေးပေ။
လက်တွေ့အားဖြင့်မူ သမ္မတဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်း မြင့်တက်မှုမှာ သိသာစွာကြီးမြင့်လာခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်းမှာပင် ပြည်သူများ၏ ဝင်ငွေမြင့်တက်ခြင်းမရှိဘဲ ကုန်ဈေးနှုန်းသာ ကြီးမြင့်ခဲ့သည့်အတွက် ပိုမိုကျပ်တည်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။၂ဝ၁၄ ခုနှစ်အတွင်း မီတာခတိုးမြှင့်မှု အပါအဝင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုဆိုသည့် ကိစ္စများကြောင့် တဖြည်းဖြည်းမြင့်တက်ခဲ့သည့် အခြေခံကုန်ဈေးနှုန်းများသည် ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်း အထိ ဆက်လက်မြင့်တက်ခဲ့သည်။
အစိုးရသက်တမ်း သုံးနှစ်တာကာလနှင့် ဘဏ္ဍာရေးနှစ် လေးနှစ်တာကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်း ကျပ်ဘီလျံ ၉၈ဝဝ ခန့်ရှိခဲ့ပြီး ထိုပမာဏ၏ အကျိုးဆက်များက ငွေဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်ပေါ်စေသည့် အန္တရာယ်ဖြစ်ခဲ့သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂ဝ၁၃ ခုနှစ်က ဖြစ်ပေါ်သော ပမာဏ၏ အမြင့်ဆုံးတွင် ဆက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ ၂ဝ၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။
ငွေကြေးဖောင်းပွမှု၊ ဆင်းရဲမွဲတေမှုနှုန်း အစရှိသည်တို့ သိသာစွာ ကျဆင်းခြင်း မရှိသည့်နည်းတူ မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း သမ္မဦးသိန်းစိန် လက်ထက်တွင် ကြီးမားစွာပေါ်ပေါက်နေပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများအကြား အခွန်တိမ်းရှောင်မှုများရှိနေကာ သမ္မတနှင့် နီးစပ်သော ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများကိုယ်တိုင် အခွန်တိမ်းရှောင်မှုများလည်း ရှိနေသည်။
အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်နိုင်ရေး ကိစ္စမှာလည်း သမ္မတ ဦးသိန်းစိန် အစိုးရအတွက် လက်တွေ့ကျကျ အကောင်အထည်မပေါ်သည့် ကိစ္စဖြစ်ခဲ့သည်။ ဝန်ကြီးဌာနများအနက် လာဘ်စားမှု အနည်းဆုံး ဖြစ်နိုင်သည့် သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ကျပ်သိန်း ၁ဝဝ အ လွဲသုံးစားပြုမှုမှ အစပြု၍ အရေးယူမှု ပြုလုပ်ခဲ့သော်လည်း အခြားကိစ္စရပ်များတွင်မူ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပေ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလက ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေနှင့်အညီ အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ရန်အတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ၂ဝ၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်၏ ဆောင်ရွက်မှုမှာ လက်ရှိအချိန်အထိ ပီပြင်စွာ ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပြင် ထိုကော်မရှင် မတိုင်မီက ဖွဲ့စည်းခဲ့သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ၏ ဆောင်ရွက်ချက်များမှာလည်း ပီပြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ခြစားမှုအများဆုံး နိုင်ငံများစာရင်းတွင် ဆက်လက် ပါဝင်နေဆဲဖြစ်ပြီး အဆင့် ၁၇၇ ဆင့်ရှိသည့် အနက် ၁၅၇ အဆင့်တွင် ရှိနေသည်။
အခြားသော ပြဿနာများဖြစ်သည့် တရားရေးမဏ္ဍိုင်၏ အားနည်းချက်များ၊ ပြစ်မှုပြစ်ဒဏ် မျှတခြင်းမရှိသော စီရင်မှုများ၊ မြေယာပြဿနာ၊ အလုပ်သမား အခွင့်အရေး၊ မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု၊ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း ဆက်ရှိနေပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ဝဝ ကျော် တရားရင်ဆိုင်နေရခြင်း အစရှိသည်တို့မှာလည်း လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပေါ်နေသည်။
အထူးသဖြင့် ကာလရှည်ကြာလာသည့်တိုင် နောက်ကွယ်မှ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် လူမျိုးရေးအကြောင်းပြု ပဋိပက္ခများ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းများမှာလည်း ဖြစ်ပျက်ခဲ့သည်များနှင့် နှိုင်းယှဉ်ပါက သိသာစွာလျော့ပါးသွားခြင်း မရှိသေးပေ။
ထို့အတူ သမ္မတဦးသိန်းစိန်၏ အောင်မြင်သော ဆောင်ရွက်ချက်ဟု သက်သေပြရန် Show Business အနေဖြင့် ကြိုးပမ်းနေသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးမှာ လက်ရှိအချိန်အထိ လုံးဝဖြစ်ပေါ်လာခြင်း မရှိသေးဘဲ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ခြင်းမရှိသေးသော စသည့်အချက်များမှာ လက်တွေ့ကျသော အရာများအဖြစ် ရှိနေသည်။
Credit - Eleven Media Group

No comments:

Post a Comment