Monday, September 8, 2014

၂၀၁၅ ခုနှစ်တွင် မြန်မာက အာဆီယံနိုင်ငံအားလုံးနှင့် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆွေးနွေးနေ

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံနိုင်ငံအားလုံးနှင့် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
၂ဝ၁၅ ခုနှစ် အာဆီယံနိုင်ငံများအချင်းချင်း မြန်မာနှင့်အပြန်အလှန် ဗီဇာလျှောက်ထားရန်မလိုဘဲ ဗီဇာကင်းလွတ်ခွင့်ရရှိအောင် နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

“အခုလောလောဆယ်မှာ ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့နိုင်ငံ ငါးနိုင်ငံရှိပါတယ်။ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ အာဆီယံနိုင်ငံတွေအကုန်လုံး ဗီဇာကင်းလွတ်ခွင့်ရရှိဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးနေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် အပြန်အလှန် ဗီဇာလျှောက်ထားရန်မလိုဘဲ လွတ်လပ်စွာသွားလာနိုင်ခွင့်ဖြစ်သည့် ဗီဇာကင်းလွတ်ခွင့်အား လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည့်ဒေသတွင်း ငါးနိုင်ငံအား ခွင့်ပြုထားပြီးဖြစ်သည်။
အဆိုပါနိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတို့အား ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် ခွင့်ပြုထားသည်။
အဆိုပါ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက်အား အလည်ပတ် ဗီဇာသဘောအဖြစ်သာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ခွင့်ပြုရက် ၁၄ ရက်ထက်ကျော်လွန်ပြီး နိုင်ငံတွင်းနေထိုင်ခွင့်ရမည် မဟုတ်ကြောင်း၊ ထပ်မံနေထိုင်ခွင့် လျှောက်ထားလိုပါက ပြည်တွင်းမှ လျှောက်ထားခွင့်မရှိဘဲ ပြည်ပမှသာ ထပ်မံလျှောက်ထားနိုင်မည်ဟု သိရသည်။
“အာဆီယံဒေသတွင်းနိုင်ငံတွေအချင်းချင်း ဗီဇာကင်းလွတ်ခွင့် ရမယ်ဆိုရင်တောင် ခရီးသွားကဏ္ဍအပေါ် တော်တော်လေးကို အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ လက်ရှိကြုံနေရတာက အိမ်နီးချင်း ထိုင်းနိုင်ငံကိုပဲပြောရင် သူတို့နိုင်ငံကို တစ်ခါမှ သွားဖူးတာမရှိရင် ဗီဇာရဖို့ တော်တော်လေးကို ခက်ခဲတယ်။ ကုမ္ပဏီတွေကနေတစ်ဆင့် လျှောက်ရင်တော်သေးတယ်။ တစ်ဦးချင်းလျှောက်ရင် ပိုဆိုးတယ်။ ဗီဇာရဖို့ ပိုင်ဆိုင်မှု အထောက်ထားတွေ၊ Show money တွေ ပြရတယ်။ ဗီဇာကင်းလွတ်ခွင့်သာ ရမယ်ဆိုရင် ဒီအဆင့်တွေကို ကျော်လွှားနိုင်မှာပါ” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များအတွက် အွန်လိုင်းဗီဇာစနစ်ဖြစ်သည့် E-Visa ကို စက်တင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်ပေါက်၌ စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ E-Visa စနစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည်များသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။
Credit - Eleven Media Group

No comments:

Post a Comment