Saturday, September 13, 2014

နာမည်ကိစ္စ

မြန်မာနိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက် ရှိသည့်အနက် တပ်မတော်အစိုးရနှင့် တပ်မတော်မှ အရပ်သားပြောင်း အစိုးရများ အရေးတကြီး ကိစ္စတစ်ခုသဖွယ် ဆောင်ရွက်လေ့ ရှိသည်မှာ အခေါ်အဝေါ် နာမည်များ ပြောင်းလဲခြင်း ဖြစ်သည်။


အချို့ နာမည်၊ အခေါ်အဝေါ်များမှာ နိုင်ငံလုံးနှင့်ချီ အရေးကြီးသောကြောင့် ပြောင်းလဲရခြင်းကို နားလည်ပေးနိုင်သော်လည်း အချို့မှာမူ လုံလောက်သည့် အကျိုးအကြောင်း ခိုင်လုံ၊ အပ်စပ်မှုမရှိဘဲ ပြောင်းလဲတတ်ပြီး အချို့မူ အနှစ်သာရအားဖြင့် ပြောင်းလဲမှုမရှိဘဲ အမည်သာ မကြာခဏ ပြောင်းသွားသည့် သဘောသာ အဖတ်တင်ခြင်းမျိုးကိုမူ နားလည်ရ ခက်ပေသည်။

လွတ်လပ်ရေး ရပြီးနောက် ယခင် ကိုလိုနီခေတ်က Matriculation မက်ထရစ်ကူလေးရှင်းခေါ် မက်ထရစ် စာမေးပွဲကို တက္ကသိုလ်ဝင်တန်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး လမ်းစဉ်ပါတီခေတ်တွင်မူ အထက်တန်း၊ အခြေခံပညာ အထက်တန်း၊ အခြေခံပညာ အဆင့်မြင့်တန်း၊ အခြေခံပညာ အထက်တန်းဟု လေးကြိမ် ပြောင်းလဲခဲ့ပြီး တပ်မတော်အစိုးရ လက်ထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဟု ပြောင်းလဲခဲ့သည်။ ယခု အရပ်သား အသွင်ပြောင်း အစိုးရ လက်ထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအမည်မှ အခြေခံပညာ အထက်တန်းစာမေးပွဲဟု ပြောင်းရန် ပြင်ဆင်နေပြန်သည်။

ဤနေရာတွင် မေးစရာ ရှိသည်မှာ နာမည်က အရေးကြီးသလော၊ ကျောင်းသားများ စစ်မှန်သော အရည်အချင်း ရရှိရန်က အရေးကြီးသလော မေးခွန်းဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံ၏ ပညာရေး အဆင့်အတန်းနှင့် နာမည်လှလှ ခေါ်ဝေါ်ရေး ဘယ်သင်းက အရေးကြီးသနည်း ဆိုခြင်းကို ခွဲခြား သိမြင်နိုင်ရေးပင် ဖြစ်သည်။

ယခင်တပ်မတော် အုပ်ချုပ်ခဲ့သည့် ကာလမှာပင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု နာမည်ပြောင်းခဲ့သည့် အပြင် ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်း၊ တံတား၊ အဆောက်အအုံများနှင့် တောင်အမည်များကိုပါ အခေါ်အဝေါ်များနှင့် ဝန်ကြီးဌာန အမည်များကိုပါ မကြာခဏ ပြောင်းလဲခဲ့သည်။

ယတြာသဘောနှင့် ဖြစ်စေ၊ အသွင်အပြင် ပြောင်းလဲသွားသယောင် ထင်မှတ်လိုစေ၍ ဖြစ်စေ ထိုကဲ့သို့ အခြားအခြားသော အမည်နာမများ ပြောင်းလဲမှုများအပေါ် ထူးထူးခြားခြား ပြောစရာ မရှိသော်လည်း အမှန်တကယ် တတ်ရန် လိုအပ်သည့် ပညာရေး နယ်ပယ်တွင်မူ အမည်ပြောင်းလဲရုံမျှဖြင့် အရာရာ ပြောင်းလဲမသွားနိုင်သည်ကို သတိချပ်သင့်ပေသည်။

အထူးသဖြင့် အကောင်း၊ အဆိုး၊ အမှား၊ အမှန်တို့ကို ဆင်ခြင်တုံတရားဖြင့် ခွဲခြားသိမြင်တတ်စေရန် သင်ကြားပေးရသည့် ပညာရေးနယ်ပယ်တွင် နှုတ်တိုက်ကျက်၊ အာဂုံဆောင်၊ အမှတ်ပေး စည်းမျဉ်းအတိုင်းဖြေ၊ အောင်မြင်သည့် အမှတ်ပေါင်း အနည်းအများအပေါ် မူတည်ကာ တက္ကသိုလ်တက်ခွင့် ပြုနေသမျှ မည်သည့် နာမည်ပြောင်းသည် ဖြစ်စေ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၁၀-၉-၂၀၁၄)

---------------------------------
The Voice Daily Editorial, Vol-2/No-129 (#voiceeditorial)

 

No comments:

Post a Comment