Saturday, July 19, 2014

တစ်နိုင်ငံလုံးရှိ ကျေးရွာများအားလုံး လာမည့် နှစ်အတွင်း ရေအပြည့်အဝ ရရှိရေး ဆောင်ရွက်မည်


မန္တလေး၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် ရေရှားပါးမှု ပြဿနာများ နှစ်စဉ် ကြုံတွေ့ရလျက်ရှိရာ ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးကို အစီအမံများ ချမှတ်ပြီး လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးရွာများအားလုံး သောက်သုံးရေ အပြည့်အဝ ရရှိရေးအတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစိုးရ ဆပ်ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးသိန်းဆွေက ပြောကြားသည်။

မန္တလေးမြို့တော် ၆၆ လမ်းရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတွင် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစိုးရ ဆပ်ကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဆပ်ကော်မတီတို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းအစီအစဉ်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆက်စပ်ဌာနများ အနေနှင့် ရေလုံးဝ မရှိသော ကျေးရွာများနှင့် ရေရရှိပြီး ရေမလုံလောက်သော ကျေးရွာများ စာရင်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ် ကောက်ယူကာ အစိုးရကော်မတီသို့ အပြီးသတ် ပေးပို့ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးရှိ ကျေးလက်နေ ပြည်သူများ ရေဖူလုံစွာ ရရှိရေးအတွက် မြို့နယ် ၂၂ မြို့နယ်နှင့် မြို့နယ်ခွဲ ၂ ခု ရှိ ကျေးရွာပေါင်း ၄၆၂၄ ရွာအနက် ကျေးရွာ ၄၀၅၂ ရွာတို့တွင် ရေလွှမ်းခြုံမှု ၈၄ ရာခိုင်နှုန်း ဆောင်ရွက်ပေးခဲ့ကြောင်း လက်ရှိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျန်ရှိနေသော ကျေးရွာများ ရေရရှိရေးအတွက် ကျပ် ၄၄၄၇ သန်းကျော် အကုန်ကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ ဦးမျိုးနိုင်အောင်က ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ရေရရှိရေး ဆောင်ရွက်ခဲ့မှုများအရ ရေလွှမ်းခြုံမှုမှာ ပြင်ဦးလွင်ခရိုင်တွင် ၈၇ ရာခိုင်နှုန်း၊ ကျောက်ဆည်ခရိုင်တွင် ၉၀ ရာခိုင်နှုန်း၊ မိတ္ထီလာခရိုင်တွင် ၈၀ ရာခိုင်နှုန်း၊ မြင်းခြံခရိုင်တွင် ၈၂ ရာခိုင်နှုန်း၊ ရမည်းသင်းခရိုင်တွင် ၇၉ ရာခိုင်နှုန်း၊ ညောင်ဦးခရိုင်တွင် ၈၁ ဒသမ ၆၇ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရှိရသည်။


No comments:

Post a Comment