Friday, July 18, 2014

မျက်နှာဖုံးစွပ်လူသတ်မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ကြားနာမည်


ရန်ကုန်၊ ဇူလိုင် ၁၆
မြောက်ဥက္ကလာပ မျက်နှာဖုံးစွပ် လူသတ်မှုကြောင့် ရုံးတင်စစ်ဆေးခံရသူများအနက် သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် လူရှစ်ဦးစွဲချက်တင်ခံရမှုကို ပယ်ဖျက်ပေးရန် လျှောက်လဲချက်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အပြီးသတ် ကြားနာစစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သန်းအေးက ပြောကြားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပြီးသတ် ကြားနာစစ်ဆေးမည့် ကိုသက်ဦးပါရှစ်ဦး၏ အမှုတွဲမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ဇွန်လက စွဲချက် အမိန့်ပယ်ဖျက်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် (နေပြည်တော်) လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ “အမှုနဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ပေးမယ်ဆိုတဲ့ အဖြေကို စောင့်ကြည့်ရဦးမှာပါ” ဟု စစ်ဆေးခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သန်းအေးက ပြောကြားသည်။
သေဒဏ်အမိန့် ချမှတ်နိုင်သော ပုဒ်မ ၃၀၂(၁)(ခ) စွဲချက်အမိန့်ဖြင့် ရုံးတင်စစ်ဆေးခံရသူ ၂၃ ဦးအနက် ကိုသက်ဦး အပါအဝင် ၁၆ ဦးကို စွဲချက်ပယ်ဖျက်ပေးရန် မြို့နယ်နှင့် ခရိုင်တရားရုံးတို့တွင် အယူခံဝင်ခဲ့ကြောင်း၊ အယူခံ ရှုံးနိမ့်ခဲ့သောကြောင့် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ထပ်မံတင်သွင်းခဲ့ရာ စွဲချက်မခိုင်လုံသူရှစ်ဦးကို တရားရှင်လွှတ်ပေးခဲ့ပြီး ကျန်ရှစ်ဦးက ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ထပ်မံအယူခံဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ (၆) လမ်းထိပ်တွင် နံပါတ်ပြားကို ဖျောက်ထားသည့် လိုက်ထရပ်ယာဉ်တစ်စီး အပါအဝင် ယာဉ်သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါ ယာဉ်များပေါ်တွင် လိုက်ပါလာသော မျက်နှာဖုံးစွပ်ထားသူ ခြောက်ဦးက 6th Star အရက်ဆိုင်တွင်းရှိ ကိုကျော်မင်းကို ဓားရှည်များဖြင့် ဝင်ရောက် ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။ ယင်းလူသတ်မှုကြောင့် လူသတ်ရန် ငွေပေးစေခိုင်းခဲ့သူများနှင့် လူသတ်မှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူ ၂၃ ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင်ပြီး ရုံးတင်စစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးနေချိန်တွင် ၎င်းတို့အဖွဲ့က ခိုက်ရန်ဖြစ်ပွားမှုများ ပြုခဲ့သောကြောင့် လုံခြုံရေး အခြေအနေအရ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြောင်းလဲစစ်ဆေးခဲ့ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရှိရသည်။
“ဒီအမှုကို တိတိကျကျ မှန်မှန်ကန်ကန်နဲ့ စီရင်ချက် ချပေးစေချင်ပါတယ်” ဟု သေဆုံးသူ ကိုကျော်မင်း၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။ အဆိုပါ မျက်နှာဖုံးစွပ်လူသတ်မှုမှာ ၂ နှစ်ကျော် ကြာမြင့်လာသည့်တိုင် အမိန့်မချနိုင်သေးဘဲ စွဲချက်တင်သော အဆင့်သာရှိသည်။

No comments:

Post a Comment