Friday, July 18, 2014

ဗိုလ်ဗထူးအိမ်ရာနဲ့ ကပ်လျက်ရှိနေတဲ့ ပြည်လုံးချမ်းသာ လမ်းပေါ်က အိမ် ၃၀ ခန့်ကို


ဗိုလ်ဗထူး အိမ်ရာနဲ့ ကပ်လျက်ရှိနေတဲ့ ပြည်လုံးချမ်းသာလမ်းပေါ်က အိမ် ၃၀ ခန့်ကို စည်ပင်မြေမှာ ကျူးကျော်နေထိုင်နေတယ် ဆိုပြီး ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။
နောက်ဆုံးထား ဖယ်ရှားပေးရမယ့်ရက်က ဇူလိုင်လ ၂၄ ရက်နေ့ ဖြစ်ပြီး မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားစာ ပေးပို့တာ ဖြစ်ပါတယ်။
အဲဒီကျူးကျော်နေအိမ် ၃၀ မှာ လူဦးရေ ၁၀၀ ကျော်နေထိုင်နေကြပြီး မိုးတွင်းကာလ ဖြစ်တာမို့ ပြောင်းဖို့ရာ အခက်အခဲတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီဇင်ဘာလအထိ နေထိုင်ခွင့် ပေးစေလိုတယ်လို့ အကြောင်းကြားစာကို လက်ခံရရှိထားတဲ့ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ဆိုပါတယ်။
အကြောင်းကြားစာ ထဲကအတိုင်း မဖယ်ရှားပေးရင် စည်ပင်သာယာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ ထိထိရောက်ရောက် အရေးယူမယ် လို့လည်း အကြောင်းကြားစာမှာ ဖော်ပြထားပါသေးတယ်။
ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းနဲ့ ကပ်လျက်ရှိနေတဲ့ အိမ်ရာစီမံကိန်းတစ်ခု လျာထားတဲ့ မြေပေါ်မှာ ရှိနေတာမို့ ကျူးကျော်နေသူတွေကို ဖယ်ခိုင်းရတာဖြစ်ပြီး လတ်တလောမှာ ဖယ်ရှားခံရမယ့် သူတွေအတွက် နစ်နာကြေးပေးဖို့ အထက်က ညွှန်ကြားမထားဘူးလို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) စည်ပင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဲဒီ ကျူးကျော်အိမ်ရာတွေမှာ နေ့စားအလုပ်သမား အများစု နေထိုင်နေကြပြီး တချို့အိမ်တွေဟာ အနှစ် ၂၀ ကျော်ကြာအောင် နေခဲ့တာဖြစ်ပါတယ်။ တချို့အိမ်တွေ ကတော့ လေးနှစ်ခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

No comments:

Post a Comment