Wednesday, July 16, 2014

ဒီမိုကရေစီနောက်ကြောင်း ပြန်မလှည့်ရေး




ဇူလိုင်လ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
#emg_editorials

ဒီမိုကရေစီနောက်ကြောင်း ပြန်မလှည့်ရေး

အာဏာသိမ်းမှုများ၊ ပြည်တွင်းစစ်များ၊ တော်လှန်ရေးများနှင့် ငြိမ်းချမ်းစွာအသွင် ကူးပြောင်းမှုများသည် နိုင်ငံရေးသိပ္ပံဘာသာရပ်၏ ဌာပနာအစစ်များဖြစ်ကြသည်။ ယင်းတို့က အင်စတီကျူးရှင်းဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားသည့် အချိန်များအတွင်း နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုများ၏ အကျိုးဆက်များကို မီးမောင်းထိုးပြပေးသည်။ ဒီမိုကရေစီစနစ်များ ပေါ်ထွန်းလာမှုနှင့် ၎င်းတို့ကျဆုံးသွားရပုံများကို သိရှိနားလည်နိုင်စေရန် ကူညီပေးသည်။ အစိုးရအဖွဲ့များ ပြိုလဲသွားရပုံ၊ အစိုးရသစ်များ ပေါ်ထွက်လာရပုံ၊ ယင်းအစိုးရသစ်များ ခိုင်မာအောင်ပြုလုပ်ပုံတို့ကို ရှင်းပြခြင်းသည် နိုင်ငံရေးသိပ္ပံ၌ အရေးကြီးဆုံး မေးခွန်းများကို ဖြေရှင်းခြင်းဖြစ်သည်။

ဥပမာအားဖြင့် ချီလီနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြိုလဲသွားရပုံ၊ စစ်အာဏာရှင်စနစ်ကို ခိုင်မာအောင် တည်ဆောက်ပုံနှင့် ဒီမိုကရေစနစ်သို့ ပြန်လည်ကူးပြောင်းပုံကို လေ့လာနိုင်သည်။ ချီလီနိုင်ငံတွင် ၁၉ ရာစုမှစ၍ ခိုင်မာသည့် စီးပွားရေးတစ်ရပ် ဖွံ့ဖြိုးလာပြီး အီလစ်အနည်းငယ်တို့က ကွန်ဆာဗေးတစ်ပါတီကို ထူထောင်ကာ နိုင်ငံရေးစနစ်အား ထိန်းချုပ်မှုအပေါ်အခြေခံလျက် ဒီမိုကရေစီစနစ်တစ်ရပ်ကို ကျင့်သုံးနိုင်ခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းတွင် အီလစ်များက ထိရောက်သော အစိုးရတစ်ရပ်ကို ဆက်လက်ဖော်ဆောင်ရန် ဆန္ဒရှိသော်လည်း အာဏာရှင်များ ပေါ်ထွက်လာမှုကို ရှောင်ရှားရန်လိုလားခဲ့သည်။ ထို့ကြောင့် ၁၈၇၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ်ပေါ်ထွက်လာခဲ့ရာ ယင်းတွင် အကြီးအကဲများ သက်တမ်းနှစ်ကြိမ်ဆက် ထမ်းဆောင်ခြင်းမှ ကာကွယ်ထားပြီး အစိုးရအဖွဲ့ဝန်ကြီးများကိုချုပ်ကိုင်ရန် ကွန်ဂရက်၏အာဏာကို တိုးမြှင့်ထားသည်။ ဆီလျော်မျှတသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်မာအောင်ပြုလုပ်နိုင်ခြင်းကြောင့် ချီလီ၏ ဒီမိုကရေစီသက်တမ်း ကြာခဲ့ပြီး အမေရိကန်အပါအဝင် အနောက်တိုင်းနိုင်ငံများကပင်လျှင် ချီလီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတုယူခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် ချီလီ၏ အဓိကနိုင်ငံရေးအင်အားစုနှစ်ရပ်ဖြစ်သော ကွန်ဆာဗေးတစ်ပါတီနှင့် လစ်ဘရယ်ပါတီတို့ သဘောထားကွဲလွဲလာပြီး အင်စတီကျူးရှင်းနှစ်ခု ပဋိပက္ခဖြစ်လာသည်။ ကွန်ဆာဗေးတစ်တို့က ကက်သလစ်ဘာသာကို ကာကွယ်ခဲ့သော်လည်း လစ်ဘရယ်တို့က ဘာသာရေးကို ဆန့်ကျင်သည့်အနေအထားသို့ ရောက်ရှိသွားသည်။ ဤသို့နှင့် ၁၉၇၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဩဂတ်စတိုပီညိုချေးက အစိုးရအဖွဲ့ကိုဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ပြည်သူများနိုင်ငံရေး နိုးကြားလာသောကြောင့် သမ္မတ ပတ်ထရစ်ရှိုအေလွန်အဇိုကာ သမ္မတဖြစ်ခြင်းနှင့်အတူ ဒီမိုကရေစီသို့ အသွင်ပြောင်းမှုများ ပြန်လည်စတင်ခဲ့သည်။

ဒီမိုကရေစီစနစ်တွင် လူအများစုသည် ပြည်သူ့ဘဏ္ဍာများကို သုံးစွဲကာ နိုင်ငံနှင့် ပြည်သူ့အတွက် အကျိုးအမြတ် အများဆုံးရရှိအောင် ပြုလုပ်ပေးနိုင်မည်ဟု ကတိပြုသူ သို့မဟုတ် ယုံကြည်ရသူများကို မဲပေးမည်ဖြစ်သည်။ သို့သော် ခိုင်မာသော ဘဏ္ဍာရေးမူဝါဒ မရှိပါကလည်း နိုင်ငံ၏ဘဏ္ဍာကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းမပြုနိုင်ဘဲ ဒီမိုကရေစီစနစ် ပြိုလဲသွားမည်ဖြစ်သည်။ ၎င်းအပြင် နိုင်ငံ၏ အဓိကကျသော အင်စတီကျူးရှင်းများ ပဋိပက္ခဖြစ်ပွားခြင်းကလည်း အစိုးရအဖွဲ့နှင့်အတူ ဒီမိုကရေစီစနစ်ကို ပြိုလဲသွားစေနိုင်သည်။ ဒီမိုကရေစီစနစ်ပြိုလဲသွားသည်နှင့် အာဏာရှင်စနစ်က အစားထိုးဝင်ရောက်ရန် အသင့်ရှိနေသည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်ပြိုလဲလျက် အာဏာရှင်စနစ်သို့ နောက်ကြောင်းပြန်လှည့်မသွားစေရန် ခိုင်မာသောမူဝါဒများ ချမှတ်ရန်လည်းကောင်း၊ ဆီလျော်မျှတသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိရန်လည်းကောင်း၊ နိုင်ငံ၏ အဓိကကျသော အင်စတီကျူးရှင်းကြီးများ ပဋိပက္ခမဖြစ်ပွားရေးသည်လည်းကောင်း မဖြစ်မနေလိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။ 

http://news-eleven.com/editorial/%E1%80%87%E1%80%B0%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9C-%E1%81%81%E1%81%86-%E1%80%9B%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%82%94%E1%80%91%E1%80%AF%E1%80%90%E1%80%B9-daily-eleven-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%81%8F-%E1%80%A1%E1%80%9A%E1%80%B9%E1%80%92%E1%80%AE%E1%80%90%E1%80%AC%E1%80%B7%E1%80%A1%E1%80%AC%E1%80%B1%E1%80%98%E1%80%AC%E1%80%B9 

No comments:

Post a Comment