Thursday, August 21, 2014

ပလက်ဖောင်းပျိုးခင်းနှင့် ပန်းပျိုးသူများစာသင်ဝိုင်း ကျောင်းသားသစ် လက်မခံရန် တိုင်းပညာရေးမှူးရုံးစာပို့

မန္တလေး၊ သြဂုတ် ၁၉

အခြေခံပညာ ကျောင်းများတွင် ရွှေ့ပြောင်း သင်ကြားပေးလျက်ရှိသည့် ပန်းပျိုးသူများ စာသင်ဝိုင်းနှင့် ပလက်ဖောင်း စာသင်ဝိုင်းတို့တွင် ကျောင်းသားတိုး၍ လက်ခံခြင်းမပြုရန် တိုင်းဒေသကြီး ပညာရေးမှူးရုံးက စာပို့ထားသောကြောင့် လက်ရှိအချိန်၌ ကျောင်းသားသစ် လက်မခံသေးကြောင်း အဆိုပါ စာသင်ဝိုင်းတွင် သင်ကြားနေသူများက ပြောကြားသည်။


တိုင်းပညာရေးမှူးရုံးက လက်ရှိ ကျောင်းသားဦးရေမှအပ ထပ်တိုးလက်ခံခြင်း မပြုရ၊ အခြေအနေနှင့် အချိန်အခါအရ ပြောင်းရွှေ့ခြင်းကို လက်ခံရမည်နှင့် ပညာရေးနှင့် မသက်ဆိုင်သော နိုင်ငံရေး အပါအဝင် အခြားမည်သည့်ကိစ္စမှ မလုပ်ရဟူသော အချက်များ အပါအဝင် အချက်ခုနစ်ချက်ကို သြဂုတ် လ ၁၃ ရက်နေ့က ပေးပို့ထားသောကြောင့် စာသင်ဝိုင်းများတွင် စာသင်ကျောင်းသားသစ်များကို လက်ခံ၍ မရကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် ကျောင်းသားအသစ်များ လာရောက်အပ်နှံပါက ဆရာ၊ ဆရာမ မပြည့်စုံသဖြင့် လက်မခံသေးကြောင်း၊ ပြည့်စုံပါက လက်ခံပါမည်ဟု ပြောဆိုကာ ပြန်လွှတ်နေရကြောင်း ပလက်ဖောင်းပျိုးခင်း စာသင်ဝိုင်း တာဝန်ခံ ဦးစိန်ဝင်းက ပြောကြားသည်။

“အချက်နှစ်ချက်က လက်ခံဖို့ခက်တယ်။ အစိုးရက စီစဉ်ပေးလို့ ကျွန်တော်တို့က ပြောင်းပြီးသင်ပေးတာ။ နေရာရွှေ့တာကလည်း ပန်းရောင်းတဲ့ နေရာနဲ့ နီးတဲ့အတွက် လက်ခံတာ။ အခြားနေရာဆို လက်မခံဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးကို တင်ပြဖို့ရှိပါတယ်” ဟု ပန်းပျိုးသူများ စာသင်ဝိုင်းမှ တာဝန်ခံ ဦးကိုဝမ်းက ပြောဆိုသည်။

မန္တလေး ဘူတာကြီးအနီးရှိ ပလက်ဖောင်းတွင် ပညာသင်ကြား ပေးနေသည့် ပလက်ဖောင်းပျိုးခင်း စာသင်ဝိုင်းကို အမှတ် (၂၀) အခြေခံပညာ မူလတန်းကျောင်းနှင့် ပန်းရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသည့် ကလေးသူငယ်များအတွက် အခမဲ့ စာသင်ပေးနေသော ပန်းပျိုးသူ စာသင်ဝိုင်းကို ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်တွင် ပညာသင်ကြား ပေးနေရာမှ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သြဂုတ်လ ၁၃ ရက်နေ့က တိုင်းဒေသကြီးအစိုးရ၏ အကူအညီဖြင့် ပြောင်းရွှေ့ ပညာသင်ကြားပေးလျက် ရှိကြောင်း အဆိုပါ စာသင်ဝိုင်းများမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပညာရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပန်းပျိုးသူများ စာသင်ဝိုင်း၊ ပလက်ဖောင်း စာသင်ဝိုင်းများက တာဝန်ရှိသူများကို မြို့တော်ခန်းမတွင် သြဂုတ်လ ၈ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး စာသင်ဝိုင်းများကို အခြေခံပညာ ကျောင်းများသို့ ပြောင်းရွှေ့ပေးခဲ့ကာ ပညာရေး အသုံးစရိတ်အတွက် အစိုးရအဖွဲ့က လှူဒါန်းသော ကျပ်သိန်း ၃၀ ကို အဆိုပါ စာသင်ဝိုင်းများက လက်ခံခြင်း မပြုခဲ့ပေ။

Credit - The Voice Weekly

No comments:

Post a Comment