Friday, August 22, 2014

အင်အားကြီးပါတီများ ကြားဖြတ်တွင် အမျိုးသမီးအမတ်လောင်း အများဆုံးသုံး၍ ပြိုင်မည်

ယခုနှစ်ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အင်အားကြီးပါတီများအနေဖြင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အများဆုံး အသုံးပြု၍ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီများမှ သတင်းရရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီအပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများစု ပေါင်းဖွဲ့စည်းထားသည့်
ဖက်ဒရယ်ပြည်ထောင်စုပါတီတို့က ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အရည်အချင်းတူညီပါက အမျိုးသမီးများကို ဦးစားပေးမည်ဟု ထုတ်ဖော်ပြောကြားထားသည်။
‘‘အခုကတော့  ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နေပါပြီ။ အမျိုးသမီးရော၊ အမျိုးသားရော ပါပါတယ်။ အမျိုးသမီးတွေကိုလည်း ရွေးဖို့ရှိပါတယ်’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်း  ဒေသကြီး အတွင်းရေးမှူး  ဦးသာဝင်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အမျိုး သမီး၊ လူငယ်နှင့် တိုင်းရင်းသား ဖြစ်မှုအပေါ် အခြေခံပြီး ထိုက်သင့်သောအတွေ့အကြုံနှင့် ပညာရှိသူများကို ရွေးချယ်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် ကြေညာထားသည်။
‘‘အရည်အချင်းချင်းတူနေရင် အမျိုးသမီးရယ်၊ လူငယ်ရယ်၊ တိုင်းရင်းသားရယ် ဦးစားပေးမယ်ဆိုတော့ လူငယ်ရော၊ တိုင်းရင်းသားရောက အမျိုးသမီးတွေ လည်းဖြစ်နိုင်တာပဲ။ အမျိုးသမီး တွေကို ဦးစားပေးဖို့ရှိပါတယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အောင်နိုင်ရေး အဖွဲ့ဝင် ဦးမောင်မောင်ဦးက ပြောသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော် သက်တမ်းရှိနေသည့် အင်အားကြီး ပါတီများတွင် ပါဝင်သော တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီသည် ကြားဖြတ်ရွေး ကောက်ပွဲတွင် ၁၈ နေရာ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးများကို ဦးစားပေး စဉ်းစားထားကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီက ပြောကြားသည်။
လက်ရှိလွှတ်တော်အတွင်းတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အရေအတွက် နည်းပါး နေခြင်းကြောင့် အမျိုးသမီးထု အတွက် လိုအပ်ချက်များကို တင်ပြရန် အားနည်းမှုများရှိနေပြီး ရွေး ကောက်ပွဲများတွင် ပါတီများအနေဖြင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ အမျိုးသမီးများကို ဦးစားပေးသင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက 7 Day Daily သတင်းစာအား ပြောကြားသည်။
၂၀၁၄ ပွင့်လင်းရာသီတွင် လွှတ်တော်တွင်း လစ်လပ်နေရာ ၃၀ ကျော် အတွက် ကြားဖြတ် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောကြားထားသည်။
လက်ရှိ ပြည်သူ့လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်သည်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏  ၅ရာခိုင်နှုန်းသာရှိပြီး အမျိုးသားလွှတ်တော်တွင်လည်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုသည် ၁ ဒသမ ၆ ရာခိုင်နှုန်းသာရှိကြောင်း လွှတ်တော် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ အစီရင်ခံစာအမှတ်(၁)အရ သိရသည်။
Credit - 7Day Daily

No comments:

Post a Comment