written by ကောင်းသုခ
စာရေးသူသည် တာဝန်အရ ဝန်ထမ်းခန့်ထားသော
အင်တာဗျူးများကို စစ်ဆေးခဲ့ရသည်။ ရာထူးတိုးမြှင့်ရေးစာတွေ့၊ လူတွေ့
စစ်ဆေးခဲ့ရသည်လည်းရှိသည်။ ထိုအခါ ဘွဲ့ရပညာတတ်များ၏ ဘွဲ့ရပြီး ပညာမတတ်သည့်
အခြေအနေများကို စိတ်မကောင်းစွာ တွေ့ရှိရသည်။
ရာထူးခန့်ထားသော
လူတွေ့အင်တာဗျူး ၁ဝ နေရာခန့်အား လူ ၁ဝဝ နီးပါး လာရောက်ဖြေဆိုကြသည်။
ရာထူးမှာ သာမန်နေ့စားဝန်ထမ်းမျှသာ ဖြစ်သည်။ အနိမ့်ဆုံးပညာအရည်အချင်း
လိုအပ်ချက်မှာ
အဌမတန်းသာဖြစ်သော်လည်း ဘွဲ့ရ ဂုဏ်ထူးတန်း
တက်ရောက်နေသူများလည်း ပါဝင်သည်။ အလုပ်အကိုင်ရှားပါးပြီး နေ့စား၏
တစ်လဝင်ငွေမှာ ကိုးသောင်းခန့်ရှိသဖြင့် တိုးဝှေ့ဝင်ရောက်ကြခြင်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်းကြီးများ ရှင်သန်ပြီး
ဈေးကွက်စီးပွားရေးစနစ်ဟုဆိုသည့်တိုင် တစ်နေ့ ၁ဝ နာရီခန့်လုပ်ရသော
အလုပ်သမား၊ အရောင်းဈေးသည်တစ်ဦး၏ လစာမှာ သုံးသောင်းမှ
လေးသောင်းငါးထောင်မျှသာ အများအားဖြင့် ရရှိသည်။ ကံကောင်းသူများသာ
ငါးသောင်းအထက် ရရှိသည်။ ထို့ကြောင့်လည်း အစိုးရဝန်ထမ်းနေ့စားအလုပ်ကို
ဘွဲ့ရဂုဏ်ထူးတန်းများပါ ဝင်ရောက်ဖြေဆိုကြခြင်း ဖြစ်သည်။ သို့ဖြစ်သောကြောင့်
ဘွဲ့ရများအား စာရေးအရ မေးသောမေးခွန်းနှင့် ဖြေဆိုပုံများကို
တင်ပြလိုပါသည်။ မြန်မာစာဘွဲ့ရတစ်ဦးအား ဤသို့ မေးဖြေခဲ့ပါသည်။
“ရာဇကုမာရကျောက်စာနှင့် မြစေတီကျောက်စာ အတူတူပဲလား”
“မတူပါဘူးခင်ဗျာ” (အတူတူ ဖြစ်ပါသည်။)
“ရာဇကုမာရကျောက်စာကို ဘာသာ ဘယ်နှစ်ခုနဲ့ ရေးထိုးထားသလဲ”
အနည်းငယ်ကြိုးစားပြီး...
“သုံးဘာသာနဲ့ ရေးထိုးထားပါတယ်” (လေးဘာသာ ဖြစ်ပါတယ်။)
“ကျောက်တိုင်ကြီးက လေးမျက်နှာပါတော့ လေးဘာသာမဟုတ်ဘူးလား”
“မသိပါဘူးခင်ဗျာ”
“ရာဇကုမာရကျောက်စာမှာ ပထမဆုံး စာလုံးက ဘာလဲ၊ ကျက်သရေမင်္ဂလာနဲ့ပတ်သက်တယ်”
“ဟုတ်ကဲ့ မမှတ်မိတော့ပါဘူးခင်ဗျာ” (သြီ.. ရှရီဟူသော စာလုံးဖြစ်ပါသည်။)
တက္ကသိုလ်တက်သူတိုင်း မြန်မာစကားပြေလက်ရွေးစင် ပထမနှစ်တွင်
ရာဇကုမာရကျောက်စာမှာ ပထမဆုံးသင်ရသော သင်ခန်းစာဖြစ်ပြီး
ဤမျှလွယ်ကူသောမေးခွန်းကို မပြောနိုင်သည်မှာ များစွာအံ့ဩစိတ်မကောင်းဖွယ်
ဖြစ်ပါသည်။
နောက်တစ်ဦးမှာ ပါဠိဘာသာဖြင့် အရှေ့တိုင်းပညာဘွဲ့ရထားသောသူ ဖြစ်ပါသည်။
“ပါဠိကို ဘယ်ဘာသာစာလုံးနဲ့ ရေးသလဲ”
“သက္ကတနဲ့ ရေးပါတယ်” (ပါဠိမှာ အသံထွက်သာရှိပြီး စာလုံးမရှိဘူး။)
“ပါဠိဘာသာ ပထမနှစ်မှာ ဇာတ်ကြီးထဲက လေးခုသင်ရတယ်။ အဲဒီလေးမျိုးထဲက တစ်ခုခုကို ပြောပါ”
“မသိတော့ပါဘူးခင်ဗျာ”
“သီလဝီပံသနဇာတ်ဆိုတာ ကြားဖူးသလား”
“မကြားဖူးပါဘူးခင်ဗျာ” (သီလဝီပံသနဇာတ်မှာ ဒိသာပါမောက္ခကြီးသမီးနှင့်
ပေးစားရန် မိမိနေအိမ်မှာ အဖိုးတန်ပစ္စည်းများ ခိုးယူလာကြရန်
အကျင့်သီလစမ်းသပ်သော ဘုရားလောင်း၏ ဇာတ်တော်ဖြစ်ပြီး လူသိများပါသည်)
နောက်တစ်ဦးမှာ ရူပဗေဒဂုဏ်ထူးတန်းတက်နေသော ကျောင်းသူတစ်ဦး ဖြစ်ပါသည်။
“E = mc2 ဆိုတဲ့ ပုံသေနည်းကို ဘယ်သူ ဖော်ထုတ်ခဲ့တာလဲ”
“နယူတန်ပါရှင်” (အိုင်းစတိုင်း၏ ကမ္ဘာကျော်သီအိုရီ ဖြစ်ပါသည်။)
“အလင်းရဲ့တစ်စက္ကန့်သွားတဲ့မိုင် ဘယ်လောက်လဲ”
“မသိပါဘူး” (ဗဟုသုတရှိလျှင် ၁၈၆.ဝဝ မိုင်/စက္ကန့်ဖြစ်ကြောင်း သိနိုင်ပါသည်။
“ကွမ်တန်သီအိုရီဆိုတာ ကြားဖူးလား”
“မသိပါဘူးရှင်”
အလွန်လွယ်ကူသော ၎င်းတို့ဘွဲ့ရရှိခဲ့သည့် ဘာသာရပ်၏ အနိမ့်ဆုံးသိရမည့်
အချက်များပင် မသိကြပါ။ စာရေးသူသည် ရူပဗေဒ၊ အရှေ့တိုင်းဘာသာ၊
မြန်မာစာဘွဲ့ရတစ်ဦး မဟုတ်သည့်တိုင် ဤမျှလွယ်ကူသော မေးခွန်းကို
ဖြေနိုင်လိ့မ်မည်အထင်ဖြစ်သာ မေးခဲ့ခြင်းဖြစ်သည်။ စာရေးသူမှာ
အင်ဂျင်နီယာတစ်ဦးဖြစ်သဖြင့် အင်ဂျင်နီယာဘွဲ့ရရှိပြီးသောလူငယ်များနှင့်
အထိအတွေ့များ ပါသည်။ သို့သော် ၎င်းအင်ဂျင်နီယာဘွဲ့ရများသည်လည်း
ဤသို့တွေ့ရပြန်ပါသည်။ စိုက်ပျိုးရေသိုလှောင်ရန် ချောင်းတစ်ခုကို
ပိတ်ဆို့မည့်အစီအစဉ်အတွက် စာရေးသူက ဤသို့ဆွေးနွေးခဲ့ပါသည်။
“မင်း တည်ဆောက်မယ့်ဆည်က မြေသားတမံဆိုတော့ Cut off Wall ပါလား”
“အဲဒါ ဘာလဲ ဆရာ”
“ဟင်.. မြန်မာလို ရေစိမ့်တားနံရံလေ၊ အဲဒါမပါရင် ရေစိမ့်ပြီး တစ်ဖက်ကို ရေစီးကြောင်း ထွက်သွားရင် ပြိုကျသွားမှာပေါ့”
“သိပ်မှ မမြင့်တာပဲဆရာ၊ ပြိုတော့လည်း ပြန်ဖို့ရမှာပေါ့” (မှတ်သားဖွယ် ဖြစ်ပါ၏)
“အပေါ်က ရေကျော်သွားရင်လည်း Erosion (ရေတိုက်စားပြီး) ပြန်ပြီးပြိုနိုင်တယ်။ ဒီတော့ Free Board (ရေလွတ်အမြင့်) ဘယ်လောက်ထားမလဲ”
“သုံးပေလောက်ဆိုရင် အဆင်ပြေမယ်ထင်တယ်”
“ဒါဆို ရေဝင်တဲ့နှုန်း (Cu/Sec) နဲ့ ရေလွှဲမြောင်း (Diversion Canal) ရှိဖို့ တွက်ထားပြီးပြီလား”
“အဲဒါတွေ မတွက်တတ်ဘူး ဆရာ”
“ဒါဆို ရေကျတဲ့နေရာမှာ Hydraulic Jump ထားမှာလား”
“အဲဒါ ဘာလဲ ဆရာ”
စာရေးသူအနေဖြင့် ဤမျှသာ နမူနာတင်ပြလိုပါသည်။ စာရေးသူ၏ဝန်းကျင်တွင်
ဆက်စပ်ထိတွေ့သမျှ အင်တာဗျူးလာဖြေသူ လုပ်ငန်းခွင်ရောက် လူငယ်လူရွယ်များ၏
ဘွဲ့ရအရည်အသွေးမှာ အံ့ဖွယ်နိမ့်ကျလျက်ရှိနေသည်ကို
နေ့စဉ်တွေ့မြင်ခံစားနေရသည်။ ထိုအခါ မိမိငယ်စဉ်က မိမိအားသင်ကြား ပြသခဲ့သော
ဆရာသမားများနှင့် ပညာသင်စနစ်အား အထူးပင်ကျေးဇူးကြီးမားကြောင်း
ခံစားလာမိသည်။ ပညာရည်မြင့်မားရေးဟူသော ကြွေးကြော်သံ၊ ပညာခေတ်ရောက်ပြီဟူသော
စာသား၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲခြင်း သတင်းစကားများ မကြာခဏ
ကြားနေမိသော်လည်း ပညာရည်မှာ ပိုမိုနိမ့်ကျလာနေသည်ဟု ခံစားမိသည်။ တစ်ချိန်က
နတ်မောက်စက်မှုအထက်တန်းကျောင်းကို စံနမူနာယူ၍ တည်ဆောက်ခဲ့သည်ဟု သိရှိရသော
စင်ကာပူနိုင်ငံ ပေါ်လီတက္ကနစ်ကျောင်းကို ယခုအခါ မြန်မာများ အပြေးအလွှား လစဉ်
သိန်း ၃ဝ ဝန်းကျင် အကုန်ခံပြီး သွားရောက်သင်ကြားနေရသည်မှာ ရင်နာစရာ
ဖြစ်သည်။
ပညာဟူသည် အသိပညာ၊ အတတ်ပညာ ဖြစ်ပါသည်။ သိမှ၊ တတ်မှသာ
ဘဝတွင် အောင်မြင်နိုင်မည်ဖြစ်ပြီး မသိမတတ်သော လူ့အဖွဲ့အစည်းအား သိတတ်သော
အဖွဲ့အစည်းက အကြောင်းတရားများ ဆုံစည်းလာသည်နှင့်
လွှမ်းမိုးအနိုင်ယူသွားမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် သိတတ်သော
လူ့ဘောင်အဖွဲ့အစည်းဖြစ်ရေးမှာ တာဝန်သိသူ၊ တာဝန်ရှိသူများက အရှိန်ပြင်းပြင်း
ဆောင်ရွက်ရမည့်ကာလ ဖြစ်ပါသည်။ နောက်ကျနေပြီဖြစ်သော်လည်း
အပြေးလိုက်နိုင်ပါက များစွာမဝေးကွာနိုင်တော့ပါ။ အားလုံး အပြေးလိုက်ကြဖို့
တိုက်တွန်းအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment