Wednesday, August 20, 2014

ဘယ်သူတွေ လက်မှတ်ထိုးကြမလဲ

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)လက်မှတ် ရေးထိုးရာတွင် ပါဝင်မည့်အဖွဲ့များ၊ ပါဝင်သူများနှင့်ပတ် သက်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်က စံနှုန်းသတ်မှတ်ချက်ငါးခုချမှတ်ထားပြီး အစိုးရဘက်က ယင်းကဲ့သို့ စံနှုန်းများချမှတ်ထားခြင်းမျိုးမရှိဘဲ ပြောင်းလွယ်ပြင်လွယ်သဘောထား ထားထားသည်ဟုဆိုလာသည်။

သို့သော်ပါဝင်ရမည့်သူများ နှင့် ပတ်သက်သည့်အချက်သည် သြဂုတ် ၁၅မှ ၁၇ရက်ထိ သုံးရက်ကြာဆွေးနွေးပွဲတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့အကြား ပြီးမြောက်အောင်မဆွေးနွေးနိုင်ဘဲကျန်နေသော အချက်ဖြစ်နေသည်။ အစိုးရအနေဖြင့် အပစ်အ ခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်လက်နက် ကိုင်အဖွဲ့(၁၆)ဖွဲ့ဟုသတ်မှတ် လာခဲ့သော်လည်း NCAရေးထိုးမှု အပေါ် စံနှုန်းသတ်မှတ်ချက် တိတိကျကျ ယခုအချိန်ထိ ထွက်ပေါ်လာခြင်းမရှိသေးပေ။
‘‘စံနှုန်းကို အစိုးရဘက်က Flexible(ပြောင်းလွယ်ပြင်လွယ်) ထားထားတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကစံ နှုန်းအကိုက်လုပ်မယ်ဆိုရင်ဒီဟာ အရမ်း barriers(အတားအဆီး) များသွားမယ်’’ဟု UPWCအကြီး တန်းအကြံပေးဦးလှမောင်ရွှေက သုံးရက်ကြာဆွေးနွေးပွဲအပြီးသ တင်းစာရှင်းလင်းပွဲတွင် 7DayDaily အား ပြောကြားသည်။
NCAရေးထိုးမည့်အဖွဲ့တိုင်း ရှိရမည့်အချက်များအနေဖြင့်လိုင် ဇာအစည်းအဝေးတွင် လက်မှတ် ရေးထိုးသည့်အဖွဲ့ဖြစ်ရမည်။ အ စိုးရနှင့်အပစ်အခတ်ရပ်စဲရေးသ ဘောတူညီချက်လက်မှတ်ရေး ထိုးထားသည့်အဖွဲ့ဖြစ်ရမည်။ လက်နက်ကိုင်အဖွဲ့အစည်းတွင် ရှိသင့်သည့်အင်္ဂါရပ်များအပြည့်အစုံရှိရမည်။ အစိုးရ လက်အောက်ခံတပ်ဖွဲ့မဖြစ်ရ၊ မြန်မာနိုင်ငံအစိုးရမဟုတ်သည့်အခြားနိုင်ငံအစိုးရကို တော်လှန်သည့် လက်နက်ကိုင်တပ်ဖွဲ့မဖြစ်ရဟူသည့် အချက်ငါးချက်ကို NCCT၏ လိုင်ဇာဆုံးဖြတ်ချက်အရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကချမှတ်ထားခဲ့သည်။
NCAလက်မှတ်ရေးထိုးရာ တွင် လက်မှတ်ရေးထိုးသူသည် အမှန်တကယ်တာဝန်ရှိသူ၊တာ ၀န်ယူတာဝန်ခံနိုင်သူဖြစ်ရန်လို အပ်ကြောင်း NCCTကထောက်ပြ ခဲ့သည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဘက်မှဥက္ကဋ္ဌ(သို့မ ဟုတ်)အထွေထွေအတွင်းရေးမှူး ချုပ်က လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး အစိုးရဘက်မှ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လက်မှတ်ရေးထိုးရန် NCCTက UPWCထံ တင်ပြထားသည်။
‘‘ကျွန်တော်တို့ Proposal လုပ်တဲ့အထဲမှာ ဘယ်သူတွေ လက်မှတ်ထိုးရမယ်ဆိုတဲ့အထဲ မှာလည်းပဲ ကျွန်တော်တို့က စံချိန် စံနှုန်းတိတိကျကျနဲ့တင်ပြတယ်။ အစိုးရကတော့သူတို့က ကျယ်ပြန့် တဲ့အပေါ်မှာ geopolitics (ပထ၀ီဝင်နိုင်ငံရေး)ကြည့်ရတဲ့ သူတို့ရဲ့အခြေအနေအမျိုးမျိုးကြည့်ရတဲ့အပေါ်မှာ သူတို့က Flexiableထားတယ်’’ဟု NCCTအဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက 7Dayအား ပြောကြားသည်။
NCAသည်နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအတွက် အရေးကြီး သည့်ခြေလှမ်းဖြစ်သလို စာချုပ်မ ခိုင်မာပါက နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သည့်အခါ ခိုင်မာမှုမရှိဖြစ် နိုင်သောကြောင့်လက်မှတ်ထိုးသူ သည် အမှန်တကယ်တာဝန်ရှိသူ၊တာဝန်ယူနိုင်သူ၊ တာဝန်ခံနိုင်သူဖြစ်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း NCCTက ဆိုသည်။ သမ္မတကိုယ် တိုင်နှင့် သမ္မတတာဝန်ပေးအပ်သူ တို့ ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ယခုနောက်ဆုံးအ စည်းအဝေးတွင် အစိုးရဘက်က သဘောတူလိုက်သည်။
တစ်ဖက်တွင်လည်း နာဂအ မျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ်ပလန်(NSCN-K)နှင့်ဝပြည် သွေးစည်းညီညွတ်ရေးတပ်မ တော်(UWSA)တို့ကဲ့သို့ လက်နက် ကိုင်အဖွဲ့များအပေါ်တွင်လိုင်ဇာ ဆုံးဖြတ်ချက်အရတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ NAC တွင် ပါဝင်နိုင်သည့်သတ်မှတ် ချက်မကိုက်ညီမှုများရှိနေသည်။
နာဂအနေဖြင့် မြန်မာအစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီထားသော်လည်း၎င်း ၏ ရပ်တည်ချက်မှာမြန်မာအစိုးရ နှင့် အိန္ဒိယအစိုးရနှစ်နိုင်ငံစလုံးကို တော်လှန်နေပြီး နာဂပြည်(နာဂ လန်း)အဖြစ် ရပ်တည်နေသူဖြစ် သည်။ ထိုအချက်မှာNCCTအဖွဲ့ ၏ သတ်မှတ်ချက်နှင့်မကိုက်ညီ ပေ။‘၀’အနေဖြင့်လည်းအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ထား သည်။ သို့သော်လက်ရှိတွင် ဆက် ဆံရေးအဆင်မပြေသည့်အနေအ ထားရှိနေသည်။ ထို့အပြင်NCCT တွင် UWSAအနေဖြင့် ပါဝင်ခြင်း မရှိပေ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပ ဒေ၊အခန်း(၂)နိုင်ငံတော်ဖွဲ့စည်း ပုံ၊ အပိုဒ်(၅၆)အရ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်တို့နှင့်အတူပင် နာဂနှင့် ၀တို့မှာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရှိထားကြသည်။
ယင်းနှစ်ဖွဲ့စလုံးမှာ တစ်နိုင် ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲ ရေးစာချုပ်(NCA)လက်မှတ်ရေး ထိုးသည့်အခါ ပါဝင်ရေးထိုးခြင်းရှိ မည်မဟုတ်ဟု သတင်းများထွက် ပေါ်နေသည်။ သို့သော် NCAရေး ထိုးပြီးသည့်နောက်‘‘ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံ’’အမည် ဖြင့် ကျင်းပမည့်နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွင်ပါဝင်ကြမည်ဖြစ် ကြောင်းဆိုကြသည်။
‘‘အနေအထားမတူဘူးဗျ။ ကျွန်တော်တို့အဖွဲ့အစည်းတစ်ဖွဲ့ နဲ့တစ်ဖွဲ့မတူဘူး။ တချို့အဖွဲ့အစည်းတွေက အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ထားပြီးကာမှ ဘာဖြစ်လို့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးမှာလာပြီးလက်မှတ်ထပ်ထိုးဖို့လိုသလား။ ကျွန်တော်တို့ KNU ဆို လက်မှတ်ရေးထိုးပြီးပြီ။ CNF လက်မှတ်ရေးထိုးပြီးပြီ။ ‘၀’လက်မှတ်ရေးထိုးပြီးပြီ။ ဒါကမတူညီဘူး။ တစ်ပြည်လုံးနဲ့ ဆိုင်တဲ့ဟာနဲ့ ကိုယ့်ဒေသမှာ ကိုယ်လုပ်တဲ့အပစ်အခတ်ရပ်စဲရေး၊ အခုကတစ်ပြည်လုံးသက်ဆိုင်တဲ့အပေါ်မှာ လက်နက်ကိုင်ပဋိပက္ခမှာပါဝင်တဲ့အဖွဲ့ အစည်းတွေအားလုံးပါဝင်မှာ’’ဟုNCCTဒုတိယခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းကပြောသည်။
အစိုးရက ဆွေးနွေးဘက်အ ဖြစ် သတ်မှတ်ထားသောတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ ရှိနေသည်။ ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)၊ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ၊ ရှမ်း ပြည်တပ်မတော်(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး- ငြိမ်းချမ်းရေးကောင်စီ(KNU-PC)၊ကရင်အမျိုးသားအစည်းရုံး၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNU/KNLA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါ တီ(KNPP)၊ ချင်းအမျိုးသားတပ် ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP)၊ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(DKBA)၊ ပလောင်လွတ်မြောက်ရေးအဖွဲ့(PNLO)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန်(NSCN-K)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊တအောင်းအ မျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA)နှင့် မိုင်းလားစသည့် (၁၆)ဖွဲ့တို့ဖြစ်ပြီး KIAနှင့် TNLAမှအပ  ကျန် (၁၄) ဖွဲ့နှင့် လက်ရှိအစိုးရကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသီးသီးရေးထိုးထားကြသည်။
NCCT အဖွဲ့ဝင်လည်း ဖြစ် သည့် KIA အနေဖြင့် အစိုးရနှင့် အပစ်ရပ်လက်မှတ်သီးခြားရေး ထိုးရန် ပြုလုပ်တော့မည် မဟုတ် ဘဲ NCA တွင်သာ ပါဝင်လက်မှတ်ရေးထိုးသွားမည့် အလားအလာ ရှိနေကြောင်း ယခုနောက်ဆုံးပြု လုပ်ခဲ့သည့် ဆွေးနွေးပွဲအရ သိရ သည်။
တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးပြုလုပ်မည် ဟု ကြေညာကတည်းက ဦးအောင်မင်းဦးဆောင်လှုပ်ရှား နေသည့် UPWC အနေဖြင့် လက် နက်ကိုင်တပ်ဖွဲ့အကုန်လုံးကို လက်ခံအသိအမှတ်ပြုပြီး ဆောင် ရွက်ရန်လိုကြောင်း TNLA က ဆိုလာသည်။ ရှမ်းပြည်နယ်မြောက် ပိုင်းတွင် TNLA နှင့် သေနတ် ဖောက်သံများ ဆက်ဖြစ်ပေါ်နေ မည်ဆိုလျှင်၊ တိုက်ပွဲများဖြစ်၍ စစ်ပြေးဒုက္ခသည်များရှိနေမည် ဆိုလျှင် မြန်မာပြည်ငြိမ်းချမ်းသွား ပြီ၊ ပြည်တွင်းစစ်ပြီးဆုံးသွားပြီဟု မဆိုနိုင်ကြောင်း ၎င်းတို့က ထောက်ပြသည်။
‘‘မြန်မာပြည်အတိုင်းအတာ တစ်ခုလုံး၊ ပြည်ထောင်စုမြန်မာ နိုင်ငံတစ်ခုလုံးခြုံပြီးတော့မှ ငြိမ်း ချမ်းရေးလုပ်မယ်၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှု လုပ်မယ်ဆိုရင် တော့ အဲဒါတွေအကုန်လုံးက အသိအမှတ်ပြုဖို့ လိုတယ်။ ဒီပြဿနာအကုန်လုံးရှင်းဖို့လို တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့တပ်မတော်ကိုပဲ ချန်ထားမယ်၊ AA ရက္ခိုင့်တပ်မတော်ကိုပဲ ချန်ထားမယ်၊ ကိုးကန့်တပ် မတော်ကိုပဲ ချန်ထားမယ်၊ အဲဒီ့လိုချန်ထားရင်တော့ ပြဿနာက တော့ ရှင်းလို့ပြီးမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်’’ဟု TNLA အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ပြော ကြားသည်။
NCCT တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပါဝင် နေသည်။ ယင်းဆယ့်ခြောက်ဖွဲ့ အနက် (၁၁)ဖွဲ့သာ အစိုးရက ဆွေးနွေးဖက်အဖြစ် သတ်မှတ် ထားသည့်အဖွဲ့များ ဖြစ်သည်။ ရက္ခိုင့်တပ်မတော် (AA) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ‘‘၀’’အမျိုးသားအစည်းအရုံး (WNO) နှင့် ကိုးကန့်တပ်ဖွဲ့တို့မှာ အစိုးရ၏ ဆွေးနွေးဖက်မဟုတ်သည့် NCCT အဖွဲ့ဝင်များဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစိုး ရက ဆွေးနွေးဖက်အဖြစ် သတ် မှတ်မထားသော၊ NCCT အဖွဲ့ဝင် မဟုတ်သော၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်လည်းမဟုတ်သော ကျန်လက်နက်ကိုင် အဖွဲ့အများအပြားလည်း မြန်မာ နိုင်ငံတွင် ရှိနေသည်။ ယခုအချိန် အထိမူ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)လက်မှတ်ရေးထိုးသည့်အခါမည်သည့်အဖွဲ့များ ပါဝင်မည်ဆိုသည့်အချက်မှာ အပြီးသတ်ဆုံးဖြတ်နိုင်ခြင်းမရှိသေးသော အချက်ဖြစ်နေဆဲပင်။
‘‘သတ်မှတ်ထားတာက တော့ ဆွေးနွေးနေတဲ့ ၁၆ ဖွဲ့ကို အဓိကသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဘယ်ဟာကိုမှ အခုအချိန်မှာ ငြိမ်းချမ်းရေးက အဓိကဖြစ်တဲ့ အတွက် ကျန်တာအားလုံးဟာ တရားသေအနေနဲ့ စဉ်းစားတာ တော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လို့ ဆက်ပြီးတော့ တွေ့တဲ့အချိန် မှာလည်း တချို့အချက်တွေက တော့ နှစ်ဖက်သဘောတူနိုင်တာ တွေလည်း ရှိတယ်။ တကယ်လို့ ကျွန်တော်တို့နဲ့ လက်မှတ်ရေးထိုး ထားတဲ့ ၁၄ ဖွဲ့ထဲက တချို့အဖွဲ့ က အခုလက်မှတ်ရေးထိုးပွဲမှာ အကြောင်းကြောင်းကြောင့် ပါဝင်တာမျိုးမရှိရင်တောင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မယ်၊ မပါဝင်ဘူးလို့ ပြောလို့မဖြစ်ဘူး။ နိုင်ငံ ရေးဆွေးနွေးပွဲတွေမှာ ပါဝင်မယ်၊ မပါဝင်ဘူးလို့ ပြောလို့မဖြစ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါမှာပဲ’’ ဟု UPWC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲဆိုသည့်  ရည်မှန်းချက်ရောက်အောင် သွား ရာတွင် ဖောင်းပွမှုများပါက ခရီး မရောက်မည့်အပေါ် သဘောတူ ကြသလို ညှိနှိုင်းမှုလည်း ပြုလုပ် ရန်ကျန်ရှိသေးသည်ဟု ၎င်းက ဆိုသည်။ သို့သော် အစိုးရနှင့် အပစ် ရပ်လက်မှတ်ထိုးထားသည့် NCCT အဖွဲ့ဝင် ၁၄ ဖွဲ့၊ ဆွေးနွေး ဆဲနှစ်ဖွဲ့အပြင် အခြားအဖွဲ့များ လည်း ပါဝင်လာနိုင်သည့် အလားအလာရှိကြောင်း ၎င်းက အရိပ်အမြွက်ပြောကြားခဲ့သည်။
NCA ပြီးနောက် ဆက်လက် ပြုလုပ်မည့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲတွင်မူ အားလုံးပါဝင်နိုင်မည် ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တလျှောက်တွင် အကြိမ်ကြိမ်ပြောကြားနေခဲ့ သည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရသာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမည်မဟုတ် သလို တိုင်းရင်းသားအရေးတစ်ခု တည်းကိုသာ ရှင်းလင်းမည်မ ဟုတ်ဘဲ၊ နိုင်ငံရေးပါတီများပါ ပါဝင်၍ နိုင်ငံတစ်ခုလုံး၏ အရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး အား လုံးကို ဆွေးနွေးမည်ဖြစ်ကြောင်း NCCT ဒုတိယခေါင်းဆောင်လည်း ဖြစ်၊ KNU အထွေထွေအတွင်း ရေးမှူးချုပ်လည်း ဖြစ်သည့် ပဒို ကွယ်ထူးဝင်းက ဆိုသည်။
‘‘အပစ်အခတ်ရပ်စဲရေး တစ်ချက်ခုတ်၊ နှစ်ချက်ခုတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးလုပ်မယ်၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်မယ်ဆိုတော့ သုံးချက်ပြတ်တဲ့အနေအထားနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလုပ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အားလုံးပါဝင် ပြီး နိုင်ငံတော်ကို ပြုပြင်တည် ဆောက်မယ့် အနေအထား’’ဟု ဖဒိုစေကွယ်ထူးဝင်းက ပြောကြား သည်။
NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်မည့် အဖွဲ့များ၊ ပုဂ္ဂိုလ် များနှင့် ပတ်သက်၍ စက်တင်ဘာ အစည်းအဝေးတွင် ထပ်မံညှိနှိုင်း မည် ဖြစ်သလို၊ ယင်းအစည်း အဝေးမတိုင်မီလည်း အကြိမ် ကြိမ်တွေ့ဆုံညှိနှိုင်းသွားရန် ရှိနေ သည်။ အခန်း (၇)ခန်းပါသည့် NCA မူကြမ်းတွင် အချက် ၁၂၂ ချက်ပါရှိသည့်အနက် သြဂုတ် ၁၅ရက်မှ၁၇အထိသုံးရက်တာ ဆွေးနွေးပွဲအပြီးတွင် အချက်လေးချက်သာ ညှိနှိုင်းရန် ကျန်ရှိတော့သည်။ UPWC နှင့် NCCT အနေဖြင့် လာမည့် စက်တင်ဘာလတွင် ထပ်မံတွေ့ဆုံ၍ သဘောတူညီချက်မရသေးသည့် ကျန်အချက်များကို ဆွေးနွေးကြမည်ဖြစ်သည်။
Credit - 7Day Daily

No comments:

Post a Comment