Tuesday, August 19, 2014

ကျေးဇူးရှင်ထမင်းချက် အိမ်ဦးခန်းဇွတ်တက်တော့ အိုးမည်းကွက်ပဲ အဖတ်တင်

တည်ငြိမ်အေးချမ်းမှု ကိုထိန်းတယ်ဆိုတာက တပ်မတော်ရဲ့ အလုပ်ပဲလေ။ ဒါပေမဲ့ ပြည်သူ က ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။
““ငါ ထမင်းချက်ကျွေးလို့ နင်တို့ လူဖြစ်တာ၊ ဒါကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး၊ လူမြင်အောင် ငါ အိမ်ဦးခန်းတက် ချက်မယ်””လို့ ဘယ်အမေကမှ ပြောမှာ မဟုတ်ပါဘူး။

ကျေးဇူးရှင်ထမင်းချက် အိမ်ဦးခန်းဇွတ်တက်တော့ အိုးမည်းကွက်ပဲ အဖတ်တင်
--------------------------
-
ဆောင်းပါးရှင် - ရီနေနိုင်
---------------------------

ကျွန်တော်တို့ အခြေခံဥပဒေကြီးကိုပြင်ဖို့ ခက်အောင်လုပ်ထားတဲ့ ပုဒ်မကြီးကို အရင်ပြင် ဖို့ကိစ္စ။ တစ်နည်း ပြောရရင် အိမ်ခေါင်မိုးယိုရင် ဘယ်လိုဖာရမယ်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက် ကို ချိတ်ပိတ်ပြီး အိမ်ခေါင် ထုတ်တန်းထဲမှာပဲ ထွင်းထည့်ထားတဲ့အဖြစ်မျိုး။ မိုးယိုလို့ ပြင်မယ် ဆိုရင် ဘယ်လိုပြင်ရမယ်ဆိုတဲ့ အညွှန်းက အိမ်ခေါင်ကိုဖျက်ပြီးမှ ယူလို့ရမှာကို “အဲဒီလို စည်းမဲ့ ကမ်းမဲ့ ဖျက်လို့မရဘူး”လို့ ပြောနေတော့ မိုးရေထဲထိုင်နေရမယ့်အဖြစ်မျိုးပေါ့ဗျာ။

ဒါနဲ့ပဲ ကျွန်တော်တို့တစ်တွေက ဒါကြီး ဒီလိုလုပ်ထားတာဖြင့် အဓိပ္ပာယ်မရှိပါဘူး လို့ ပြောကြဟောကြစည်းရုံးကြ၊ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုး ဆန္ဒပြုတင်ပြကြ လုပ်ကြရတာ ပေါ့။ ဒီနေရာမှာ တချို့က ဒီပုဒ်မကြီးကို သ ဘောမတူပေမဲ့ လက်မှတ်ထိုး ဆန္ဒ ထုတ်ဖော် တာတို့ ဘာတို့ဆိုတာကို “နိုင်ငံရေးလုပ်နေ ကျလူတွေ လုပ်လိမ့်မပေါ့”လို့ သဘောထား တာလည်း ရှိတယ်။ တချို့ကျတော့လည်း ဒီလိုလုပ်တာဟာ အစိုးရကို ဆန့်ကျင် တာပဲ လို့ အယူလွဲရာက လက်မှတ်သွားထိုးမိရင် “အထိုးမတော် တစ်ကွက်” ဖြစ်မှာကြောက်ပြီး “ထိုးနေကျနှစ်ကျပ်ကွက်”ပဲ ထိုးတာကောင်းပါတယ် လို့ တွေးသူလည်းတွေးပေါ့။

တချို့ကျတော့ လည်း အစိုးရ၀န်ထမ်းဖြစ်နေတော့ မထိုးရဲလို့ ဆိုတာမျိုးလည်းရှိသေး။ ဒါတင်မက ““ကျွန်မ တို့ကတော့ မကြောက်ပါဘူး၊ ထိုးရဲပါ့၊ ဒါပေမဲ့ ကိုယ်ထိုးလိုက်လို့ မဆီမဆိုင် ကိုယ် တူလေး တို့သားလေးတို့ “ပြုတ်”မှာစိုးလို့ အောင့်နေ လိုက်ရတာတော့””ဆိုတာမျိုးလည်း ကြားရ တတ်သေးသဗျ။ အင်း ဘာပဲဖြစ်ဖြစ် ဒီလို အခက်အခဲ အပိတ်အဆို့ အတားအဆီး အခြိမ်း အခြောက် အဟိန်းအဟောက်တွေကြား ကပဲ ဆန္ဒပြုလက်မှတ်ပေါင်း ငါးသန်းလောက် ရတယ် ဆိုတော့ မနည်းလှဘူးလို့ တွေးမိပါ တယ်။ ဘာကြောင့်ဆိုတော့ ပြောရမယ်ဆိုရင် သူ့လူဆိုသူတွေ ကို အသာထားဦး (သူတို့ခမျာ က ထိုးချင်တောင် မထိုးရဲရှာဘူးလေ)။ အခု ကာလမျိုးကြီးရောက်ခါမှ ကိုယ့်လူပါရယ်လို့ လက်သီးလက်မောင်းတွေ တန်းအော်အော်ပြနေ သူတွေ ကတောင် (လက်သီးလက်မောင်း တန်းရချိန်ထဲကနေ လက်မှတ်ထိုးချိန်လေး ဖဲ့မပေးနိုင် ရှာသမို့ ထင်ရဲ့) ထိုးကြရတဲ့ပုံမပေါ်တာ မမြင်ချင်မှအဆုံး မြင်မြင်နေရလို့ပါပဲဗျာ။

ဒီနေရာမှာ အားတက်စရာကောင်းတာက ကျွန်တော်တို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်က ဗီအိုအေသတင်းဌာနကြီး နဲ့ “ဗျူးခန်း”မှာ “ဒီလိုလူထု(လှုပ်ရှားမှု)နဲ့တောင်း (ဆို)စရာမလိုပါဘူး(ကွယ်)၊ ၄၃၆(ဆိုတာကြီး ကို)က ပြင်မှ ဒီငြိမ်းချမ်းရေး Process ကြီးက လုပ်လို့ရမှာလေ”” လို့ ပြောသွားခဲ့တယ်လေ။ ပြောသွားတဲ့ ဟန်ပန်ကြောင့် တချို့က ဥက္ကဋ္ဌ ကြီးအပေါ် အမြင်စောင်းနိုင်တာမို့ ကျွန်တော် က ဒီစကားကိုပဲ ခင်မင်နှစ်လိုဖွယ်ဖြစ်အောင် “ကွင်းစကွင်းပိတ်”နဲ့ စကားလုံးတချို့ ဖြည့်ပေး လိုက်တာပါ။

ဒီစကားအရ ဥက္ကဋ္ဌကြီးက ၄၃၆ ကို ပြင်ကိုပြင်ရမယ်ဆိုတဲ့ အမြင်ရှိနေတာ သေချာ တဲ့အပြင် ဒါကိုပြင်မှ တိုင်းရင်းသားများကို ထိုက်ထိုက်တန်တန် ပေးနိုင်မယ်ဆိုတာမျိုး တောင် အတိ အလင်းပြောထားပါသေးတယ်။ (“အခုလောက်နဲ့ မကျေနပ်သေးရင် လိုအပ်သလို ပြင်ဆင်ပြီး ထိုက်ထိုက်တန်တန်ကြီးကို “ပေး”ထည့်ပစ်လိုက်မှာနော်၊ ဟင်း”လို့ ယူသော် ရ၏ပေါ့ဗျာ)။

ဒီနေရာမှာ သူရဦးအောင်ကိုက ၄၃၆ ကို သူနဲ့ဥက္ကဋ္ဌကြီးပဲပြင်ချင်ပြီး ကျန်တဲ့ကြံ့ခိုင်ရေး များက တစ်ယောက်မှ မပြင်ချင်ကြကြောင်း၊ တပ်မတော်ကလည်း မပြင်ချင်ကြောင်း ပြောဖူးတာ ပြန် သတိရမိပါတယ်။ အခုတော့ နှစ် ယောက်မဟုတ်ဘဲ သုံးယောက်ကြီးများတောင် ဖြစ်နေပြီပေါ့ ဗျာ။ ပြီးတော့ ပြင်ချင်သူများက လည်း အရှိန်အ၀ါကြီးပြီး နေရာကြီးကြီးမှာ ထိုင်နေသူ များဖြစ်တာမို့ ဦးခင်အောင်မြင့်ပြော တဲ့ “လူထုနဲ့တောင်းစရာ မလိုပါဘူး” ဆိုတာ ဟုတ်များ ဟုတ်နေမလား စောင့်ကြည့်ကြရ မှာပေါ့။ (တောင်းစရာလည်း မလိုဘူး၊ ပေးစ ရာလည်းမလိုဘူး ဆိုရင်တော့ ဒုက္ခနော်)။

ဦးအောင်ကို ဆိုတာလည်း နှယ်နှယ်ရရတော့ မထင်နဲ့။ မေလ ၃၁ ရက်နေ့ မနက်က ဂိုလ် ရှယ်လေး ဆိုတဲ့ ဆရာနဲ့ အင်တာဗျူးရာမှာ “၄၃၆ ဆိုတာ လူတစ်စုရဲ့ဝန်ကို တစ်ပြည်လုံး က ထမ်းထားရတဲ့ တံပိုး”လို့တောင် ဆိုလိုက် သတဲ့ဗျ။ ပြီးတော့ တစ်ပြည်လုံး ဘယ်ညာကွေ့ မရတဲ့ နွားနဖားကြိုးပဲတဲ့။ အဲဒီတံပိုး၊ အဲဒီ နဖားကြိုးကို ဖြုတ်ချင်ဖြတ် ချင်နေကြောင်း တောင် ပြောခဲ့တာပါတဲ့ဗျာ။ ကဲ၊ ဒါဆို ကျွန် တော်တို့ လူထုအားနဲ့ ဘာကြောင့် ရုန်းရတယ် ဆိုတာ အချင်းချင်း ပြောတဲ့အဖြေနဲ့ပဲ ဦးခင်အောင်မြင့်လည်း သဘောပေါက် လောက်ပါတယ်နော်။

နောက်တစ်ခု ဦးခင်အောင်မြင့် ထပ်ပြော လိုက်ပုံကတော့ ““စစ်အုပ်ချုပ်ရေး ကျန်နေ သေးတယ် ဆိုတာ မငြင်းလိုပါဘူးတဲ့၊ အရှိန် တော့ကျန်သေးတဲ့သဘော၊ ထဲထဲဝင်ဝင်တော့ မကျန်ပါဘူးတဲ့၊ တစ်ချိန်တော့ ဆုတ်ရမှာပေါ့ တဲ့၊ နိုင်ငံတော်ရဲ့ စတေဘယ်လ်လတီ တည် ငြိမ်ပျက်ပြားမှု ပျက်ပြားမှာ စိုးလို့ ဒါတွေလုပ် ထားခဲ့တယ်ထင်တာပါတဲ့””။ အင်း၊ ပြောတာ နားထောင် ရတာတော့ ဦးခင်အောင်မြင့်က သူမမီခဲ့တဲ့ခေတ်ကြီးတစ်ခေတ်၊ ဒါမှမဟုတ် သူ ပါဝင် ပတ်သက်ခြင်း မရှိတဲ့ကာလက လူ တွေအကြောင်း ပြောနေတဲ့ပုံစံမျိုးပဲခင်ဗျ။ ပြီး တော့ “ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်း အစဉ် အလာမှာ ဒီနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တပ်မတော် ကပဲ ထိန်းနိုင်တာ၊ ကျန်တဲ့ Institution ဘယ်သူမှမထိန်းနိုင်ဘူး”လို့ ဆိုပါသေး တယ်။ ငြင်းစရာ လုံးလုံးမရှိပါဘူးခင်ဗျ။ ဘာကြောင့်ဆိုတော့ အဲဒီတည်ငြိမ်အေးချမ်းမှု ကိုထိန်းတယ်ဆိုတာက တပ်မတော်ရဲ့ အလုပ်ပဲလေ။ ဒါပေမဲ့ အဲဒါကို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။

ဘာနဲ့တူလဲဆိုတော့ အိမ်တစ်အိမ်မှာ “ထ မင်းချက်”က ကျွန်တော်တို့ရဲ့ကျေးဇူးရှင်၊ သူ့ ကြောင့် အသက်ရှင်နေရတယ်ဆိုရင် ဘယ် သူမှမငြင်းနိုင်ဘူး။ ဒီနေရာမှာ “ထမင်းချက်”ဆိုလို့ နှိမ်တယ်လို့မထင်ပါနဲ့။ ကျွန်တော်တို့ရဲ့ မွေးသမိခင် ကျေးဇူးရှင် အတော်များများဟာ အိမ်ရဲ့ထမင်းချက်ပါပဲ။ ဒါပေမဲ့ အဖေရှာပေး တဲ့ငွေနဲ့ မိသားစုစားချင်တာကို မိသားစုနဲ့တိုင် ပင်ပြီး ချက်ရတာပါ။ ““ငါထမင်းချက်ကျွေးလို့ နင်တို့လူဖြစ်တာ၊ ဒါကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး၊ လူမြင်အောင် ငါ အိမ်ဦးခန်းတက် ချက်မယ်””လို့ ဘယ်အမေကမှ ပြောမှာမဟုတ် ပါဘူး။ အမေပဲဖြစ်ဖြစ်၊ အဒေါ်တို့ အစ်မတို့ ဖြစ်ဖြစ်၊ တချို့အိမ်တွေမှာ ချိဖ်ကုတ်လုပ်ချင် တဲ့အဖေကဖြစ်ဖြစ် ဒါမှမဟုတ် အိမ်ဖော်ကပဲ ဖြစ်ဖြစ် ထမင်းချက်အဖြစ် အိမ်ရဲ့ကျေးဇူးရှင် ဖြစ်နိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အိမ်ဦးခန်းတက် ပြီးချက်မယ်လို့ ဘယ်ထမင်းချက်ကမှ လုပ်မယ် မထင်ပါဘူး။ အိမ်ဦးခန်း ထမင်းတက်ချက်လို့ လည်း ရပ်ကွက်ထဲမှာဘယ်သူကမှ ချီးကျူး မှာမဟုတ်ဘဲ “ရူးနေလား”လို့သြဘာပေးခံရ မယ့်အပြင် အချိန်ကြာလာရင်တော့ ဧည့်ခန်း မျက်နှာကြက် မှိုင်းစွဲပြီး အိုးမည်းကွက်ဖြစ်တာ ပဲ အဖတ်တင်မှာပေါ့။

ဒီလိုပဲ ကမ္ဘာမှာ အချမ်းသာဆုံးဘဏ်ကြီး တွေ စာရင်းကို ရှာကြည့်ရင် အမေရိကန်က Finnie Mae လို့ လူသိများတဲ့ FNMA ဘဏ်တို့၊ ဂျာမနီက Deutsche Bank တို့အပြင် တရုတ် ကလည်း သူတို့ရဲ့ Industrial and Commercial Bank of Chinaဘဏ်ကြီးက အချမ်းသာဆုံး လို့ ဆိုနေတာရှိတယ်။ ဘယ် လောက်ချမ်းသာတဲ့ဘဏ်ဖြစ်ဖြစ် သူတို့လုံခြုံ ရေးကို တာဝန် ယူ စောင့်ရှောက်နိုင်တာက တော့ အဲဒီဘဏ်မှာ Security လို့ခေါ်တဲ့ လုံခြုံ ရေးဝန်ထမ်းက အစွမ်းဆောင်နိုင်ဆုံးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီလို စွမ်းဆောင် နိုင်လို့တော့ သူ့ကို ဘဏ်ဥက္ကဋ္ဌခန့် လို့တော့ မဖြစ်ပါဘူး။ ဒါဆို ဒီလို ဘဏ်လုံခြုံရေးစောင့်တဲ့လူက ဘဏ်မှာ တာဝန်ရှိ လူကြီးမင်း ဘယ်တော့မှ မဖြစ်နိုင်ဘူးလားဆို ဖြစ်နိုင်ပါသဗျာ။ သူဘဏ်လုပ်ငန်းကို ကျွမ်းကျင်အောင် လေ့လာသင်ကြားပြီးဖြစ်နိုင်သလို အများပိုင်ဘဏ်တစ်ခုခုမှာ ရှယ်ယာတွေ အများဆုံးဝယ်နိုင်လို့ ဘဏ်လုပ်ပိုင်ခွင့်ကိုရတဲ့ ဒါရိုက်တာမျိုး ဖြစ်ချင် ဖြစ်နိုင်ပါသေးတယ်။

ဆိုလိုတာက ဘဏ်လုံခြုံ ရေးကို တာဝန်ယူနိုင်ရုံနဲ့တော့ ဘဏ်ဥက္ကဋ္ဌ မဖြစ်ဘူးဆိုတာကို သာ ပြောတာပါ။ သူတော် ရင်တော်သလို ဘဏ်ဥက္ကဋ္ဌတောင်မကဘဲ အများကြိုက်ရင် သမ္မတတောင်ဖြစ်နိုင်တာပဲဗျာ။ ဘာအံ့သြစရာရှိလို့တုံး။

ဒီတော့ ကျွန်တော်တို့ သဘောမှာတော့ “ဘယ်သူ သမ္မတမဖြစ်ရ”လို့ ကန့်သတ်ထား တာလည်း မရှိပါဘူး။ နိုင်ငံသားဖြစ်ပြီး အများ ကလည်း နှစ်သက်တင်မြှောက်ရင် ဖြစ်စေပဲ ပေါ့။ ဒါပေမဲ့ ထမင်းဟင်း အချက်ကောင်းလို့၊ ဒါမှမဟုတ် “အိမ်လုံလို့” အိမ်ဦးခန်းမှာတက် နေစေလို့တော့ မဖြစ်ဘူး ဆိုတာကို ပြောချင် တာပါ။ ထမင်းဟင်းချက်တတ်တာ၊ အိမ်လုံတာက သတ်သတ်၊ အိမ်ဦးခန်းတက်နေခွင့်က သတ်သတ်ဖြစ်ပြီး ဘယ်သူမဆို အရည်အချင်း မီရင်တက်နေခွင့်ရှိပြီး အိမ်လုံအောင်စောင့် ဖော်ရလို့ ဒါမှမဟုတ် ထမင်းဟင်းအချက် ကောင်းလို့ဆိုပြီးတော့တော့ မဖြစ်နိုင်တာကိုသာ ပြောရတာပါ။

ပြီးတော့ ဦးခင်အောင်မြင့်ပြောတဲ့အထဲ မှာ ပီအာစနစ်နဲ့ပတ်သက်ပြီး “၂၀၁၅ တော့ လုပ်ရတော့ မယ် သဘောပေါ့နော်၊ လုပ်ရတော့ မယ်ဆိုပေမဲ့လည်း နံပါတ်တစ်၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ ညီဖို့ လိုတယ်၊ ညီမညီဖွဲ့စည်းပုံ အခြေခံခုံရုံးနဲ့ ဆွေးနွေးရမယ်၊ သူကလည်း ညီပါတယ်” ဆိုတဲ့ စကားကို ကျွန်တော်ဖြင့် မရှင်းလှဘူး။ “သူကလည်း ညီပါတယ်”ဆို တာ ဘာကိုပြောမှန်းကို မသိပါဘူး။ သူက လည်း ညီတယ်ပဲပြောမှာပါပဲလို့ ဆိုလိုတာလား။

ပီအာနဲ့ပတ်သက်ပြီး အခြေခံ ဥပဒေမှာ ဘာမှမဖော်ပြထားပေမဲ့ ““ညီပါတယ်”” ပဲ ပြောရ မှာ သေချာပါတယ်ဗျာလို့ ဆိုလို သလား။ ကျွန်တော်ဖြင့် မရှင်းလှလို့ ဒီတွေ့ဆုံခန်းကို သုံးလေးခါလောက် ပြန်နားထောင်ပါတယ်။ နားထောင်တိုင်းကြားရတာကလည်း ဟုတ် တယ်။ ““သူကလည်း ညီပါတယ်””တဲ့။ သူက လည်းညီတယ်၊ ကျွန်တော်တို့ကလည်း ညီတယ်၊ ခင်ဗျားတို့ ပီအာကန့်ကွက်တဲ့လူတွေပဲ မညီတာလို့ ဆိုလိုလား မသိပါဘူးနော်။

မီးဖိုထဲမှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ကျွေးမွေးရတဲ့ ကျေးဇူးရှင်မိခင်ကြီးကစပြီး ဇနီးနဲ့သမီး အထိ “ထမင်းချက်သူ” ချိဖ်ကုတ်များကို တကယ့်ကျေးဇူးရှင်အဖြစ် ကျွန်တော် က အသိအမှတ်ပြု ထားပါတယ်။ သူတို့ကြောင့် ကျန်းမာရ၊ အသက်ရှင်သန်ရ၊ ၀မ်းမီးငြိမ်းရဆို တာလည်း အားလုံး အသိပါပဲ။ ဒါတင်ဘယ်က မလဲ။ မီးဖိုချောင်ရဲ့ တန်ဖိုးကိုဖွဲ့ဆိုတဲ့ အဆိုအမိန့်တွေလည်း များစွာ ရှိပါတယ်။ အဲဒီထဲက အမည်မသိပညာရှိတစ်ဦးရဲ့ အဆိုအမိန့် က “True healthcare reform starts in your kitchen, not in Washington ” လို့ ဆိုပါတယ်။

ဒီနေ့ခေတ် မြန်မာတွေအတွက် ဆီလျော်ဘာသာပြန်ရရင်ဖြင့် “ကျန်းမာရေး စောင့်ရှောက်မှုကို ဂရုတစိုက်ပြန်လုပ်ကြစို့ဆိုရင် ပထမခြေလှမ်းက ခင်ဗျားရဲ့မီးဖိုချောင်ထဲက စရမှာဗျို့၊ နေပြည်တော် ကလို့ မထင်လိုက် နဲ့”” လို့ ပြန်ဆိုရင် သင့်မယ်ထင်တာပါပဲ။ ခက်တာက မီးဖိုချောင်ထဲက ကျေးဇူးရှင်အဖြစ် အားလုံးက အသိအမှတ်ပြု တန်ဖိုးထားကြ တာကို မကျေနပ်နိုင်ဘဲ “နေပြည်တော်”မှာ “ငါကျေးဇူးရှင်ကွ” လို့ လုပ်ချင်တော့ ဘာရီဖောမှ ပြန်စလို့ မရဖြစ်နေတာပါပဲ။

မီးဖိုချောင်က လူက အိမ်ဦးခန်းဝင်ပြီး ချက်တာပြုတ်တာရော၊ လူကြီးလုပ်ဧည့်ခံတာရော လုပ်တဲ့ အခါ အရပ်ထဲကအမြင်မှာ သူ့ကိုသာ “အရူးလား”လို့ ကြည့်တာမဟုတ်ဘဲ ကျန်အိမ်သားတွေ ကိုလည်း “ငတုံးလား”လို့ အကြည့်ခံရတာပဲ။

ဒီတော့ မီးဖိုချောင်ကလူက ဧည့်ခန်းကနေ ပြန်ဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာလို့ မီးဖိုချောင်ပြန်ရောက်တယ်ထားဦး။ နှစ်ပေါင်းငါးဆယ်ကျော် ကြပ်ခိုးစွဲညစ်ညမ်းသွားတဲ့ ဧည့်ခန်း မျက်နှာကြက် အမည်းကွက်အနာကဖြင့် အမြဲရှက်စရာအဖြစ် ကျန်ရစ်နေဦးမှာကို ဆုတ်ခွာကောင်း ဆုတ်ခွာမယ်ဆိုနေသူ များ သတိထားအမှတ်ရစေချင်တယ်ဗျာ။

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

No comments:

Post a Comment