Monday, July 7, 2014

NLD လူငယ်ညီလာခံ ပြီးဆုံး၊ သယံဇာတကို အားမကိုးဖို့ ဒေါ်စုပြော

၂ရက်ကြာ ကျင်းပခဲ့တဲ့ NLD နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံရဲ့ နောက်ဆုံးနေ့မှာ လူငယ်ကိုယ်စားလှယ် ၁၅ဝကို ပြောဆိုရာမှာ ပြည်သူကို အားကိုးပြီး သယံဇာတကို အားမကိုးဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ပြောခဲ့တာလဲ။
သယံဇာတတွေ ပေါကြွယ်ဝတာက ကောင်းပေမယ့် အုပ်ချုပ်သူတွေက ပြည်သူကိုအားမကိုးဘဲ သယံဇာတကို အားကိုးပြီး ရပ်တည်တာဟာ ကျိန်စာဖြစ်နိုင်တာကြောင့် လူသားအရင်းအမြစ်ကို အဓိက တန်ဖိုးထားရမယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၆ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဗဟိုလူငယ်ညီလာခံထဲက ဗဟိုဦးဆောင်လူငယ် ၅၇ယောက်ကို ရွေးချယ်ခဲ့ပြီး အဲဒီအထဲကမှ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင် ၁၅ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ပါတီရဲ့ လုပ်ငန်းစဉ် ၈ချက်ကို လုပ်ဆောင်ဖို့ ကြေညာထားပြီး အမျိုးသမီးနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးဖို့ကိုလည်း ပါတီခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။
လူများစုဖြစ်တဲ့ ဗမာတွေက အုပ်ချုပ်ရေးမှာ အပေါ်စီးပိုင်းကနေ အထူးအခွင့်အရေးလို ရယူနေတာကို သူ့အနေနဲ့ လက်မခံတာကြောင့် အင်အားကြီးတဲ့ပုဂ္ဂိုလ်တွေက ပြည်ထောင်စု အေးချမ်းဖို့ ပိုပြီးတာဝန်ယူရမယ်လို့ ပါတီလူငယ်တွေကို ပြောဆိုခဲ့ပါတယ်။
ဗဟိုလူငယ်အဖွဲ့က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ဖို့ အချိန်ယူရဦးမယ်လို့ လူငယ်ညီလာခံ အထွေထွေအတွင်းရေးမှူးက ဆိုပါတယ်။
လူငယ်တွေ နိုင်ငံရေးလုပ်ဖို့ မဝံ့မရဲဖြစ်နေတာကြောင့် လူငယ်ညီလာခံကနေတစ်ဆင့် လူငယ်ထုကို နိုင်ငံရေး ဦးဆောင်မှုမှာ စံပြအနေနဲ့ လုပ်ပြစေချင်လို့ မွန်ပြည်နယ် ဘီလင်းက လူငယ်တာဝန်ခံက ပြောပါတယ်။

credit - http://www.kamayutmedia.com/2014/07/06/wants-to-rely-on-human-resource/
 

No comments:

Post a Comment