Tuesday, July 8, 2014

မေတ္တာရှင် ရွှေပြည်သာဆရာတော် ရဲ့ အကြောင်းပါ

ကိုကြည်လွင်ပေးပို့ သော စာတစ်စောင်
ဖတ်ကြည့်ပါ
အကြောင်းက မေတ္တာရှင် ရွှေပြည်သာဆရာတော် ရဲ့ အကြောင်းပါ
လေးစားရပါသော ကိုထွန်းဝေ .. ကျနော့်နံမည် ကြည်လွင်ပါ။
ဖေ့စ်ဘွတ်မှာ ကြည်မောင်သုံးပါတယ်။ ကိုထွန်းဝေ အသုံးပြုလို့ အဆင်ပြေမယ်ဆိုရင် ဆရာတော်အရှင်ဇ၀နရဲ့ပေးစာကို ကျနော် စာရိုက်ပို့ပေးလိုက်ပါတယ်။ အသုံးတည့်ရင် သုံးနိုင်အောင်လို့ပါ။ ကျနော် Microsoft word နဲ့ရိုက်ထားတာပါ။
အများပြည်သူဖတ်ရှုနိုင်ဖို့အတွက် မူရင်းစာနဲ့အတူ ပြန်တွဲပြီး တင်ပေးစေလိုပါတယ်။ ကျေးဇူးပါ။ နောင်တော်ကြီးကို အစဉ်လေးစားလျှက် ... ကြည်လွင်
ဖိုင်ပူးတွဲပို့ပေးလိုက်ပါတယ်။ မရရင် ပြောပါ။ အတက်ခ်ျဖိုင်မရောက်မှာစိုးလို့ ကော်ပီလုပ်ပြီးလည်း ပို့ပေးလိုက်ပါတယ်။ အဆင်ပြေသလိုသုံးပါ။ “ စိုးတင့် ယခုစာကို အများသိအောင် အင်တာနက်ကတဆင့် (ယနေ့) မြန်မြန်တင်ပါ။ မင်းတို့ဖောင်ဒေးရှင်းဖွဲ့တွေ သတင်းတွေ၊ သတင်းစာကအင်တာဗျူးတွေတင်ထားတာ ဖတ်လို့သိပ်မရဘူး၊ ၀ါးနေတယ်တဲ့ ပြုပြင်လိုက်ပါဦး မေတ္တာရှင် (ရွှေပြည်သာ) “နှလုံးသားမှ အသိပေးလွှာ “ သူတပါးကို မကြည်ညိုရင် ကုသိုလ်မရရုံဘဲ ရှိမယ် ကိုယ့်ကိုယ်ကို မကြည်ညိုရင် အပါယ်ကျတတ်တယ် အကြောင်းကား … သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း မိမိကိုယ်မိမိလိမ်ညာ၍မရသောကြောင့်တည်း… နှလုံးသားကလာတဲ့ ဒဿနပါ၊ ကိုယ်တိုင်မကျင့်ဘဲနဲ့ စာအုပ်တွေဘယ်လောက်ဖတ်ဖတ် ဒီလိုဒဿနမျိုးထွက်မလာနိုင်ဘူးဆိုတာ ပညာရှိသူတော်ကောင်းတိုင်း သိနိုင်ပါတယ်။ ယခုလူ့ဘ၀ရောက်တဲ့အထိ ကိုယ်ကိုယ်ကိုကြည်ညိုလျှက်ပါ။ ဓမ္မကထိကဘ၀က ရောက်တဲ့အရပ်မှာ ရတဲ့အလှူငွေတွေချက်ခြင်းပြန်လှူခဲ့တာတွေကို တကယ်လိုအပ်လို့ အလှူခံတဲ့ ရဟန်းရှင်လူတွေ အသိပါ။ အောင်မြင်နေတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လှူခဲ့တဲ့အလှူငွေတွေကို ပြန်တွက်ကြည်ရင် သိန်းပေါင်းနှစ်သောင်းအထက်မှာရှိတာကြောင့် တွေးကြည့်တိုင်းပီတိဖြစ်ရပါတယ်။ ရဟန်းဘ၀ကရခဲ့တဲ့ ၀တ္ထုငွေကြေးတွေကို လူ့ဘ၀ထိယူပြီးမသုံးသင့်ဘူးလို့ ယူဆတယ်။ ဒါကြောင့် လှူဝတ်လဲချိန်မှာ ---- ဘာမှမကျန်အောင်ခွဲဝေလှူဒါန်းပစ်တာပါ။ ကျောင်းကန်တွေကိုလည်း ၀ိနည်းနဲ့အညီ ဦးစီးအုပ်ချုပ်နိုင်တဲ့သံဃာတွေကို လွှဲအပ်လှူဒါန်းခဲ့တယ်။ ရိပ်သာငါးခုမှာရှိတဲ့ အဆောက်အဦးကြှီးကြီးတိုင်းဟာ ဓမ္မပူဇာငွေအများစုနဲ့ ဆောက်လုပ်ခဲ့ရတာပါ။ တဦးတည်းအလှူရှင်မရှိခဲ့ပါဘူး၊ သည်ကြားထဲက တရားဟောနားတဲ့အခါ နွမ်းပါးသူများအတွက် ပညာရေးနဲ့ကျန်းမာရေးမှာဆက်ထောက်ပံ့နိုင်အောင် ဖေါင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာကို အစိုးရဘဏ်မှာအပ်ပေးထားပါတယ်။ မြန်မာပြည်က နွမ်းပါးသူရဟန်းရှင်လူများကို ယခုထက်မကလှူချင်ကူညီချင်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့အတွက်ရယ်၊ ၀ိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊ အဲဒီကူညီချင်တဲ့ရည်ရွယ်ချက်ကြီးအောင်မြင်ဖို့အတွက်ရယ်ဟာ လူဝတ်လဲရခြင်းရဲ့အဓိကအကြောင်းတွေပါ။ နှစ်သုံးဆယ်ကျော်ကြိုးစားအားထုတ်ခဲ့ရတဲ့ ရဟန်းဘ၀နဲ့အောင်မြင်မှုတွေကိုစွန့်ရတဲ့အတွက် ကာယကံရှင်က ဘေးကလူတွေထက်ပိုခံစားရပါတယ်။ အရင်းကများပါတယ်။ အရင်းများရင် အမြတ်များရတာဟာလည်း သဘာဝပါ။ ရလာမယ့်အမြတ်ဟာလည်း အများအကျိုးအတွက် အဓိကပါ။ ပုံမှန်အတိုင်းနေသွားမယ်ဆိုရင် အောင်မြင်နေပါပြီ။ ပြည့်စုံနေပါပြီ။ ဒီအောင်မြင်မှုတွေ ပြည့်စုံမှုတွေကိုစွန့်ပြီး သာမန်လူတစ်ယောက်အဖြစ် ခံယူလိုက်ပြီဆိုကတည်းက ကြီးမားတဲ့ရည်ရွယ်ချက်ကြီးတစ်ခုရှိနေပြီဆိုတာ စဉ်းစားတတ်သူတိုင်းသိနိုင်ပါတယ်။ ဒီရည်ရွယ်ချက်ကြီးအောင်မြင်ဖို့အတွက် အကူအညီပေးသူ၊ လက်တွဲခေါ်သူများကိုလည်း လက်ခံသင့်ရင်လက်ခံရမှာပါ။ ရည်ရွယ်ချက်ကြီး အောင်မြင်မှုလမ်းကြောင်းပေါ်စရောက်ပြီဆိုတာနဲ့ အားလုံးကိုအသိပေးပါ့မယ်။ မာနချပြီး ရည်ရွယ်ချက်ကြီးကြီးထားဖို့ မင်းကွန်းတိပိဋ္ဋကဆရာတော်က သြ၀ါးပေးဘူးပါတယ်။ ကိုယ့်ကိုယ်ကို သိပ်အောင်မြင်နေပြီလို့ထင်လာရင် ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကို မော့ကြည့်လိုက်။ ကိုယ်ဘာမှမဟုတ်သေးဘူဆိုတာ သိလာလိမ့်မယ်တဲ့။ မေတ္တာရှင် ရွှေပြည်သာဆိုတာ ကမ္ဘာအဆင့်နဲ့ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်သေးပါဘူး။ စာရေးတဲ့အဆင့်၊ လှူဒါန်းတဲ့အဆင့်တွေဟာ ဘာမှမပြောပလောက်သေးပါဘူး။ သူတစ်ပါးလှူတာလက်ဖြန့်ခံပြီး တစ်ဆင့်ပြန်လှူတဲ့အဆင့်လောက်ပဲရှိတာပါ။ အချိန်ပေးပါ၊ ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။ တစ်ချိန်မှာ မေတ္တာရှင် ရွှေပြည်သာဟာ အောင်မြင်မှုအသီးအပွင့်တွေပွေ့ပိုက်ပြီး မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူတွေရဲ့ရင်ခွင်ထဲ အရောက်ပြန်လာမယ်ဆိုတာ နှလုံးသားနဲ့ယုံကြည်ပေးကြပါ။ ပရ၀ဇ္ဖာ နုပဿိဿ၊ နိစ္စံဥဇ္ဈာန သညိနော။ အာသ၀ါ တဿဝသုန္တိ၊ အာရာသော အာသ၀က္ခယာ။ (ဓမ္မပဒ) သူတပါးအပြစ်ကို အဖန်ဖန်မြင်တတ်ပြီး၊ အမြဲတန်း သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချနေသောသူသည် အာသဝေါတရား (ကိလေသာများ) တိုးပွား၏။ အာသဝေါတရားကုန်ရာ နိဗ္ဗာန်မှဝေး၏။ (မရောက်နိုင်) သူတပါး၏မကောင်းကွက်ကိုရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည် စိတ်လည်းဆင်းရဲသည် အရုပ်လည်းဆိုးသည် စီးပွါးလည်းပျက်သည် အပါယ်သို့လည်းကျသည် သူတပါး၏ကောင်းကွက်ကိုရှာကြည့်လျှင် ကုသိုလ်လည်းဖြစ်သည် စိတ်လည်းချမ်းသာသည် ရုပ်လည်းလှသည် စီးပွါးလည်းတက်သည် နိဗ္ဗာန်သို့လည်းရောက်သည်။ သူတပါး၏အပြစ်ကို တွေးချိန်၊ ရေးချိန်၊ ပြောချိန်များသည် အလကားရခြင်းမဟုတ်၊ မိမိကုသိုလ်ရမယ့်အချိန်များကို အကုသိုလ်နှင့်လဲပေးရခြင်းဖြစ်သည်။ အင်တာနက်သည် လူ့ဘ၀နှင့်တူသည်။ လူ့ဘ၀သည် ကုသိုလ်အတွက်အသုံးချပြီး နိဗ္ဗာန်သွားနိုင်သကဲ့သို့၊ အကုသိုလ်အတွက်အသုံးချပြီး အပါယ်သို့လည်းသွားနိုင်သည်။ ထို့အတူ အင်တာနက်သည်လည်း ကုသိုလ်အတွက်အသုံးချပြီး နိဗ္ဗာန်သွားနိုင်သကဲ့သို့၊ အကုသိုလ်အတွက်အသုံးချပြီး အပါယ်သို့လည်း သွားနိုင်ပေသည်။
မေတ္တာရှင် (ရွှေပြည်သာ)
လေးစားလျက်
ကိုထွန်းဝေ
https://www.facebook.com/tun.wai.10/posts/570183203092748 

No comments:

Post a Comment