Monday, July 7, 2014

ဆဲဗင်း ဂျူလိုင် မမေ့နိုင်


Remembering 7-July
ဆဲဗင်း-ဇူလိုင် ၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်း

• ၂-၃-၁၉၆၂ နေ့မနက်ပိုင်းကစပြီး ဦးနုရဲ့ ဖဆပလ အစိုးရလက်ကနေ ဗိုလ်ချုပ်ကြီးနေဝင်းက ဦးဆောင်ပြီး စစ်အာဏာ သိမ်းလိုက်တယ်။ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလဲ ဖျက်သိမ်းလိုက်တယ်။ နိုင်ရေးသမားမှန်သမျှကိုလဲ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။
• တက္ကသိုလ်ပညာရေးကအစ ချုပ်ချယ်ကန့်သတ်လိုက်တယ်။ ကျောင်းသားတွေက တရားမျှတမှုကင်းတဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ လုပ်ဆောင်ကြတယ်။
• ၁၉၆၂ မေလမှာ ကျောင်းသားတယောက်ကို ကျောင်းဆောင်ကနေ နှင်ထုတ်လိုက်တယ်။ မေလ ၉ ရက်နေ့မှာ ကျောင်းသားတချို့ အဖမ်းခံရတယ်။ ပညာရေးဝန်ကြီး ဦးကာ ကိုသဘောမတူလို့ ၁၁-၅-၁၉၆၂ မှာ ရန်ကုန် တက္ကသိုလ် ပါချုပ် နှုတ်ထွက်လိုက်တယ်။
• ၁၇-၅-၁၉၆၂ မှာ တက္ကသိုလ်ကောင်စီသစ်ကို စစ်အရာရှိတွေပါပြီး ဖွဲ့စီးလိုက်တယ်။ ရန်ကုန်တက္ကသိုလ်ကို စစ်အစိုးရအောက်မှာ ထားရှိလိုက်တယ်။ ၆-၇-၁၉၆၂ မှာ တက္ကသိုလ်ဆီးနိတ်နဲ့ အဆောင်ကော်မီကို စစ်အစိုးရ သဘောကျ ပြန်ဖွဲ့လိုက်တယ်။

• ၇-၇-၁၉၆၂ မှာ ကျောင်းသားတွေက အစည်းအဝေးခေါ်လိုက်တယ်။
• ၇-၇-၁၉၆၂ ညနေ ၅ နာရီခွဲမှာ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ ချန်ဆလာလမ်းဆီတွေကို စစ်ကား ၂ စီး ရောက်လာပြီး မောင်ပြန်သေနတ်တွေနဲ့ ကျောင်းသားမှန်သမျှကိုပြစ်တော့တယ်။ အမှတ် (၄) ဗမာ့သေနပ်ကိုင် တပ်ရင်းက စစ်သားတွေဖြစ်တယ်။ ၃ မိနစ်ပြစ်၊ ၂ မိနစ်နား အမိန့်ပေးထားတယ်။
• ၇-၇-၁၉၆၂ ည ၈ နာရီ ၁၅ မိနစ်မှာ မြန်မာ့အသံရေဒီယိုကနေ ၅ မိနစ်ကြာ မိန့်ခွန်းပြောတော့ ဗိုလ်ချုပ်နေဝင်းက ‘ဓားဓားချင်း၊ လှန်လှန်ချင်းပဲ’ လို့ ပြောခဲ့တာ သမိုင်းတွင်တယ်။ သူကဘဲ ၁၉၈၈ အရေးအခင်းတုန်းကလည်း ‘တပ်မတော်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင် တည့်တည့်ပစ်တယ်’ လို့ ထပ်ပြောခဲ့ပြန်တယ်။
• အစိုးရက ကျောင်းသား (၁၇) ယောက်သေဆုံးတယ်လို့ကြေညာတယ်။ မျက်မြင်တွေ အပြောအရ တစ်ရာကျော် သေဆုံးပါတယ်။ မန္တလေးဆောင်တခုတည်းက ၁၇ ယောက် သေတယ်။ ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့လဲ ဖတ်ရပါတယ်။
• ၈-၇-၁၉၆၂ မနက် ၆ နာရီမှာ သမိုင်းဝင် တက္ကသိုလ်ကျောင်းသာများသမဂ္ဗ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ဆီးလိုက်တယ်။ ဗိုလ်အောင်ကျော် အထိန်းအမှတ် ကျန်ရစ်တယ်။
• ကျောင်းသားသမဂ္ဂ အဆောက်အဦကို သူဌေးကြီး ဦးညိုရဲ့ လှူဒါန်းမှုနဲ့ ၁၉၃၁ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ရှေ့တန်းကပါဝင်ခဲ့တယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စတဲ့ ကျောင်းသား ခေါင်းဆောင်ပေါင်း များစွာကို မွေးထုတ်ပေးခဲ့တယ်။

• နောင်မှာ ‘ဆဲဗင်း ဇူလိုင်အရေးအခင်း’ လို့ တွင်လာတော့တယ်။
• အဲဒီတုံးက ဗိုလ်ချုပ်နေဝင်းပြီးရင် ဗိုလ်ချုပ်အောင်ကြီးနဲ့ ဗိုလ်ချုပ်တင်ဖေတို့က အဆင့်အမြင်ဆုံးစစ်အရာရှိတွေ ဖြစ်ပြီး ဗိုလ်မှူးကြီးစိန်လွင်က တက္ကသိုလ်နယ်မြေ ဖီးလ် ကွန်မင်ဒါ ဖြစ်တယ်။ လက်တွေ့ကွပ်ကဲနေတဲ့အဖွဲ့က ပြည်လမ်း BBS အသံလွှင့်ရုံမှာထိုင်တယ်။ ဗဟိုလုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးဗစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးဘနီ၊ ပညာရေးဝန်ကြီး ဒေါက်တာလှဟန်၊ ရန်ကုန်တက္ကသိုလ် ပါချုပ် ဦးကာ တို့အဲဒီမှာရှိကြတယ်။
• ဒုတိယဗိုလ်မှူးကြီးစိန်လွင်ဟာ ၁၉၈၈ မှာ လုံထိန်းတပ် အကြီးအကဲဖြစ်ပြီး Butcher of Rangoon ‘သားသတ်သမား’ လို့ နာမည်ဆိုးတွင်ခဲ့သူ ဖြစ်တယ်။

• ၂၆-၇-၁၉၈၈ နေ့မှာ ဦးနေဝင်းနုတ်ထွက်တဲ့အခါ ဦးစိန်လွင်က ‘မဆလ’ ဥက္ကဌဖြစ်လာတယ်။ ၁၂-၈-၁၉၈၈ မှာ ဦးစိန်လွင်နုတ်ထွက်ပြီး ဒေါက်တာမောင်မောင် သမတဖြစ်လာပြန်တယ်။ ဒေါက်တာမောင်မောင်ကနေပြီး၊ ‘ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပျော်ပျော်ကြီး အုတ်မြစ်ချကြရအောင်’ ဆိုပြီး မိန့်ခွန်းပြောရာမှာ ထည့်ပြောခဲ့တယ်။
• ၁၉၆၂ စစ်အာဏာသိမ်းရာမှာ ဗိုလ်ချုပ်နေဝင်းရဲ့ ဒုတိယလူဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ကြီးကနေ ၈၈ အရေးအခင်း အစပိုင်းမှာ ၄၁ စာမျက်နှာပါစာထွက်ပြီး ဆဲဗင်းဇူလိုင်မှာ သူမပါတဲ့အကြောင်းရေးခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းကသာ တစ်တရားခံလို့ ပြောချင်ပုံရတယ်။ ပြစ်မိန့်ကိုဘယ်သူပေးသလဲ အခုထိလွှဲချနေကြလို့ မသိနိုင်သေးပါ။

၁၉၆၂ တုံးက ကျွန်တော်ဟာ မုံရွာမြို့ အထက (၂)၊ မှာ ရှစ်တန်းကျောင်းသားဘဲ ရှိပါသေးတယ်။ ကျောင်းခန်းထဲကို ဗလာစာအုပ်က ဆုတ်ယူထားတဲ့ မျဉ်းကြောင်းပါ စာရွက်ပေါ်မှာ ‘ယူနီယံဟောင်းတနေရာ’ သီချင်းစာသားကို ကိုယ်တိုင် ဖတ်ရတယ်။ အဲသည်ခေတ်မှာ လူကြိုက်များတဲ့ အဆိုတော်တင်တင်မြဆိုတဲ့ ‘ပုဂံမြို့ဟောင်းတနေရာ’ သီချင်း စားသားနဲ့ အလိုက်အတိုင်း စပ်ဆိုထားတာဖြစ်တယ်။

Historical Photograph of July 7, 1962 by Mizzima

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment