ယာယီသက်သေခံလက်မှတ် (White Card) များအား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း အပါအ၀င် White card များ ပြန်လည်အပ်နှံရေး အစီအစဉ်ကို အစိုးရက ယနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
“ယာယီသက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံရေးအစီအစဉ် ထုတ်ပြန်ကြေညာခြင်း”
၁။ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ခွင့် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီးနှင့် လက်တွဲဖော်ဆောင်သည့် နိုင်ငံသားနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် နိုင်ငံ၏ ရေရှည်အကျိုးကို ရည်ရွယ်၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ တို့ကို ပြဌာန်း ကျင့်သုံးခဲ့ပါသည်။
၂။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၃) ပါ ပြဌာန်းချက်တို့နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီသက်သေခံ လက်မှတ်များအား ထုတ်ပေးခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်အား မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်၍ ယာယီသက်သေခံလက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ သတ်မှတ်ပါသည်။
၃။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၄) ပါ ပြဌာန်းချက်နှင့်အညီ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်း၊ စိစစ်မှုခံယူခြင်း တို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ကြရမည်။ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းကို ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၎။ အထက်ပါလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (၁) နှင့် နည်းဥပဒေခွဲ (၃)၊ နည်းဥပဒေ ၂၉ ၊ နည်းဥပဒေခွဲ (၂) တို့ပါ ပြဌာန်းချက်များအရ နှင့် ပွင့်လင်းမြင်သာမှုရှိစေရေး၊ ညီညွှတ်မျှတမှု ရှိစေရေးတို့အတွက် မြို့နယ်မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များကို နိုင်ငံတော်သမ္မတရုံးမှ မိုးပွင့်အထူးစီမံချက်တွင် ဖွဲ့စည်းပေးထားပြီးဖြစ်သော တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စု ကြီးကြပ်မှုကော်မတီများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ပါသည်။
၅။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(၁)ပါ ပြဌန်းချက်အရ မှတ်ပုံတင်အရာရှိချုပ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အားလည်းကောင်း၊ မြို့နယ်မှတ်ပုံတင်အရာရှိအဖြစ် သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးအား လည်းကောင်း တာဝန်ပေး အပ်ပါသည်။
၆။ ထို့အပြင် ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်း၍ ရဟန်းရှင်လူပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများ ရှိနေသည့်အတွက် ယာယီသက်သေခံလက်မှတ်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment