Thursday, February 12, 2015

နတ်မောက်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို အခမ်းအနားသို့ သောင်းနှင့်ချီသည့် ပြည်သူများလာရောက်ဂုဏ်ပြု

 ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့၌ ကျင်းပလျှက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (ယနေ့)တွင် နိုင်ငံတစ်ဝန်းမှ သောင်းနှင့်ချီသည့် ရဟန်းရှင်လူပြည်သူများ လာရောက်ဂုဏ်ပြုခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့ ခုနှစ်ဖွဲ့က ရာပြည့်ပွဲစင်မြင့်တွင် ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။

ကယန်း၊ ကရင်၊ ပအို့ဝ်၊ လီဆူး၊ ကယား၊ ရှမ်းစသည့် တိုင်းရင်းသားမျိုးနွယ်စုများက ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း၊ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားသို့
လာရောက်ကြသော ပြည်သူများကလည်း ထိုအကများကို တခုပ်တရ အားပေးခဲ့ကြကြောင်း၊ ထိုဖျော်ဖြေပွဲများအပြင် သဘင်၊ ဂီတဖော်ဖြေပွဲများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

``တောင်ပေါ်မြေပြန့် သွေးစည်းညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်ပွဲမှာ ပြည်ထောင်စုနေ့နဲ့လည်း လာတိုက်ဆိုင်နေပြီး ဒီလိုလာရောက် ဖျော်ဖြေရတာပျော်ပါတယ်။ ပီတိလည်းဖြစ်မိတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကလည်း အများကြီးအားပေးကြတော့ စည်းလုံးညီညွတ်မှုကို ပြသရာရောက်လို့ အရမ်းပျော်ပါတယ်`` ဟုကယန်းတိုင်းရင်းသူ ဒေါ်လှလှဦးကပြောသည်။

နတ်မောက်မြို့မှ ဒေသခံတစ်ဦးက ``ဒီလောက် လူတွေအများကြီး ကြိတ်ကြိတ်တိုးနေတာ ကျွန်တော်တို့မြို့မှာ တစ်ခါမှကိုမတွေ့ဘူးပါဖူး။ ကိုယ့်မြို့မှာမွေးဖွားခဲ့တဲ့ လူတစ်ယောက်က တိုင်းပြည်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး အများပြည်သူတွေက ဒီနေ့ထိချစ်ခင်လေးစားနေကြတာကို ကြည့်ပြီး ဂုဏ်လည်းယူမိပါတယ်။ ဒါပေမယ့် ရာပြည့်ကွင်းထဲက ပြခန်းထဲမှ ဗိုလ်ချုပ်စာဖတ်နေပုံ စီလီကွန်ရုပ်တုကြီးကို မြင်တော့ ၀မ်းနည်းမိတယ်။ အဲဒီရုပ်တုကြီးကို မြို့ထဲသယ်လာတဲ့နေ့က မြို့ခံတွေအများကြီးပဲ ငိုကြတယ်``ဟုဆိုသည်။

ပြည်ထောင်စုနေ့က နတ်မောက်မြို့ ဗိုလ်ချုပ်ရာပြည့်ကွင်း၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ၊ ဗိုလ်ချုပ်နေအိမ် ပြတိုက်တို့တွင် တိုးမပေါက်နိုင်သည်အထိ လာရောက် ဂုဏ်ပြုသူများ များပြားခဲ့ကြောင်း၊ ဗိုလ်ချုပ် နေအိမ်ပြတိုက်သို့ လာရောက်ကြသည့် ပြည်သူအချို့မှ ထိုပြတိုက်ခြံဝင်းအတွင်းမှ မြေသားအနည်းငယ်စီကို အိတ်ဖြင့်ထည့်၍ သယ်ဆောင်သွားကြသည်များလည်း ရှိကြောင်း သတင်းရရှိသည်။


Credit - Eleven Media Group

 

 

 

 

 

 
 

No comments:

Post a Comment