Thursday, February 12, 2015

အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာ ပူးတွဲပေးခြင်းကို ဖျက်သိမ်းပေးရန်အဆို ဧရာဝတီတိုင်း လွှတ်တော်တွင်ရှုံးနိမ့်

မအူပင် (မဇ္ဈိမ)။ ။ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အုပ်​ချုပ်​​ရေးအာဏာနှင့်​ တရားစီရင်​အာဏာကို ပူးတွဲ တာဝန်​​ပေးထားခြင်းအား ဖျက်​သိမ်း ပြင်ဆင်​​​ပေး​စေကြောင်း အဆိုအား လပွတ္တာမြို့နယ်​ တိုင်း​ဒေသကြီး ကိုယ်​စားလှယ် ​ဦး​ဇော်​ဝင်းက ​ဖေ​ဖော်​ဝါရီလ ၁၀ ရက်​​က ဧရာဝတီတိုင်း လွှတ်​​တော်​ ပထမအကြိမ်​ ပုံမှန်​အစည်းအ​ဝေး ၁၂ ကြိမ်​​မြောက်​ အစည်းအဝေးတွင် တင်သွင်းရာ ရှုံးနိမ့်ခဲ့ရသည်။

ရပ်​ကွက်​နှင့်​​ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးများကို​ ဒေသဆိုင်​ရာ အာဏာနှင်းအပ်​ထားသည့်အပြင်​ လယ်​ယာ​မြေစီမံခန့်ခွဲ​ရေး ဥက္ကဋ္ဌ အဖြစ်​​ မြေယာမှုခင်းများကို စီရင်​ဆုံးဖြတ်​ရသည့် တရားစီရင်​​ရေး အာဏာကို ထပ်​မံ​ပေးအပ်​ထားခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများ

ဖြစ်​ပေါ်​နေသည်ဟု ဆိုကာ ယင်းသို့ပူးတွဲအာဏာ​ပေးထားခြင်းကို ဖျက်သိမ်းပေးရန် အဆိုရှင်က ပြောကြားခဲ့သည်။

"လူတ​စ်ယောက်​ကို အုပ်​ချုပ်​​ရေး​ရော တရားစီရင်​​ရေး​ရော ပေးထားသလို ဖြစ်​​နေတယ်​၊ တာဝန်​တခုပဲ​ ပေးသင့်​တယ်​၊ သူတို့ သ​ဘောကျဆုံးဖြတ်​ချက်​​တွေချ​နေတယ်​" ဟု အဆိုရှင်​ဦး​ဇော်​၀င်းက ဧရာဝတီတိုင်းအတွင်း လယ်ယာမြေပြဿနာများကို ရည်ညွှန်း၍ မဇ္ဈိမသို့ ​ပြောသည်​။

ဧရာဝတီတိုင်းအတွင်း ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု ကိစ္စများတွင် စီမံခန့်ခွဲရေး ကော်မတီ အနေဖြင့် ဘက်လိုက် ဆုံးဖြတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများ နှင့် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

"ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး​တွေကို အုပ်​ချုပ်​​ရေးအာဏာ​ ပေးထားပြီးသား၊ လယ်​ယာ​မြေ စီမံခန့်​ခွဲ​ရေးမှာလည်း အုပ်​ချုပ်​​ရေးမှူး​တွေကို ဥက္ကဋ္ဌထပ်​​ပေးခဲ့တယ်​၊ လယ်​ယာ​မြေ အငြင်းပွားမှု ဆုံးဖြတ်​တယ်​ဆိုတာ တရားစီရင်​​ရေးဖြစ်​​နေတယ်​" ဟု ဦးဇော်ဝင်းက ပြောသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ရေကြည်​မြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ​ဒေါက်​တာ လှမြတ်​​သွေးက "လယ်​ယာ​မြေ ပြဿနာ​တွေမှာ တစ်ဖက်​သတ် ဆုံးဖြတ်​ချက်​​တွေချ​နေတယ်​၊ ကျွန်​မတို့ ကိုယ်​စားလှယ်​​တွေ အားလုံး ကြုံ​တွေ့​နေရတယ်​၊ ဥပ​ဒေကို ပြည်​​ထောင်​စုက ပြဌာန်းတာ ဆို​ပေမယ့် ဥပ​ဒေမှာ အားနည်းချက်​​တွေ အားသာချက်​​တွေရှိ​နေတယ်​။ အခုအဆိုက ကိုယ်​စားလှယ်​​တွေ​ဆွေး​နွေးသင့်​တယ်​၊ တိုင်း​ဒေကြီးကိုယ်​စားလှယ်​​တွေ​ အောက်​​ခြေနဲ့ ထိ​တွေ့​နေရတယ်​၊ အခုအဆိုကို ပြည်ထောင်စုအထိ ဆက်လက်ဆွေးနွေး တင်ပြသင့်တယ်" ဟု မဇ္ဈိမကို ပြောသည်။

အဆိုကို မဲခွဲဆုံးဖြတ်ရာ ဖေဖော်ဝါရီ ၁၀ ရက်က တိုင်းလွှတ်တော်သို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတွင်၊ ၄ ဦးကသာ ထောက်ခံပြီး ကျန် ၅၂ ဦးက ကန့်ကွက်၍ ရှုံးနိမ့်ခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment