Thursday, February 12, 2015

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်တို့ လောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနေ

တပ်မတော်နှင့် မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA) ကိုးကန့်အဖွဲ့၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်ဖွဲ့ (TNLA)၊ ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လောက်ကိုင်မြို့ပေါ်တွင်ပါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်၌ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းအထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုများသည် လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသို့ MNDAA တပ်ဖွဲ့ဝင်များ လာရောက်ပစ်ခတ်ခဲ့ရာမှ စတင်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက “မနေ့ညက မြို့ထဲကို ဝင်ပစ်တယ်။ သူတို့က ဦးစီးရုံးကိုရည်ရွယ်ပြီး ပစ်တာပေါ့။ ကျွန်တော်လည်း ဦးစီးရုံးမှာ ရှိနေတာပါ။ ဘာမှမဖြစ်ပါဘူး။ တပ်ကနေလိုက်ပြီးတော့ ချေမှုန်းတာတွေရှိပါတယ်။ ရန်လုံးကျိုင်းဘက်ကို လှမ်းပစ်တာလည်းရှိတယ်လို့ သတင်းရတယ်” ဟု ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ်များ၏ ပြောကြားချက်အရ တပ်မတော်ဘက်မှ တပ်မ ၃၃ တပ်များ တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ ရောက်ရှိလာပြီးနောက်ပိုင်း တိုက်ပွဲပိုမို ပြင်းထန်လာကြောင်း သိရသည်။

သို့သော် MNDAA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကမူ တိုက်ပွဲပြင်းထန်သည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့သည်။

“တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ ဒီဘက်ကို လာနေတုန်းပဲလို့ သိရတယ်” ဟု ဦးထွန်းမြတ်လင်းက ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီတွင် ပြောကြားသည်။

လောက်ကိုင်ဒေသတွင် MNDAA နှင့်အတူ ပူးပေါင်းတိုက်ပွဲဆင်နေသော တအာင်းလွတ်မြောက်ရေးတပ်ဦး(TNLA) အဖွဲ့ ပြန်ကြားရေးအရာရှိ တာပန်လှက ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုက်ပွဲငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“တိုက်ပွဲရှိန်က မကျသေးဘူး။ လေးနေရာလောက် တောက်လျှောက်ဖြစ်နေတယ်။ နေ့လည်ပိုင်းမှာလည်း တာပန်တံတား ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ တိုက်ပွဲတော့ဆက်လက်ပြီး ပိုမိုပြင်းထန် လာဖို့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတပ်ဘက်က အင်အားတွေတော်တော်လေး ထပ်ပြီးတော့ ဖြည့်ထားတာတွေ့တယ်” ဟု တာပန်လှက ပြောကြားသည်။

ဖေဖော်ဝါရီ ၁ဝ ရက်ညပိုင်းမှ ၁၁ ရက် နံနက်ပိုင်းအထိ တာရွှေထန်း၊ ရှောင်ဟုန်ချိန် အပါအဝင် နေရာလေးနေရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လောင်ကိုင်မြို့ပေါ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွက် အသေးစိတ် အတည်ပြုချက်ပေးသူ မရှိခဲ့ပေ။

ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တပ်မတော်အရာရှိများ အပါအဝင် နှစ်ဖက်စလုံးမှ ထိခိုက်ကျဆုံးမှု များပြားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

MNDAA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ၎င်းတို့ဘက်မှ ငါးဦးခန့်ကျဆုံးပြီး တပ်မတော်ဘက်မှ ၇ဝ ဦးခန့် ကျဆုံးကြောင်း ခန့်မှန်းသည်။

ဖေဖော်ဝါရီ ၁၁ ရက် တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားသူ မရှိခဲ့ပေ။

အခြားတစ်ဖက်တွင်လည်း လောက်ကိုင်မြို့ ဒေသခံများ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သည့်နည်းတူ အစိုးရဝန်ထမ်း အများအပြားလည်း လောက်ကိုင်မြို့တွင် မရှိတော့ကြောင်း သိရသည်။

လောက်ကိုင်ဒေသ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး လားရှိုးမြို့ခံတစ်ဦးက “မနေ့က ပန်ဆိုင်းဘက်မှာလည်း ဖြစ်တယ်လို့ ပြောတယ်။ ၁ဝ ရက်ညက လောက်ကိုင်မှာ အခြေအနေ ဆိုးရွားလာလို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို လုံခြုံမှုရှိတဲ့တပ်တွေဆီကို ခေါ်ယူထားတယ်တဲ့။ ကျွန်တော်မနက်က ဖုန်းဆက်ကြည့်တော့ လောက်ကိုင်မြို့ထဲက တရုတ်တွေကတော့ တရုတ်ပြည်ဘက်ကို သွားကြပြီ” ဟု ပြောကြားသည်။

မော်ထိုက်မြို့နယ်ခွဲတွင် တာဝန်ထမ်း ဆောင်နေပြီး တိုက်ပွဲများကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသော အမျိုးသမီးဝန်ထမ်း တစ်ဦးက “၉ ရက် နေ့လယ်ပိုင်းလောက်က မော်ထိုက်မြို့ထဲမှာ သေနတ်သံတွေ စပြီးကြားရတာ။ ပထမတော့ ဗျောက်အိုးဖောက်တယ် မှတ်နေကြတာ။ နောက်တော့ ဘေးအနီးအနား ပတ်ဝန်းကျင်က ဝန်ထမ်းတွေက အောက်ဆင်းကြတော့၊ ဆင်းကြတော့လို့ပြောတော့ အဲဒီတော့မှ ဒါတိုက်ပွဲဖြစ်နေတာပဲဆိုပြီး ဝန်ထမ်းတွေ ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး မော်ထိုက်မြို့ကနေ သုံးနာရီလောက် ဆိုင်ကယ်မောင်းရတဲ့ တရုတ်နယ်စပ် ဟုံအိုင်ကို ထွက်ပြေးလာခဲ့ကြတာ” ဟု ပြောကြားသည်။

“အဲဒီနေ့က တရုတ်နယ်စပ်ဂိတ် ဟုံအိုင်ရောက်တော့ ညမိုးချုပ်နေပြီ။ အဲဒီရွာက တည်းခိုခန်းတွေမှာလည်း သူတို့ကပေးမတည်းဘူး။ ည ၈ နာရီကျော်သွားပြီဆိုတော့ တရုတ်ပြည်ထဲလည်း ဝင်ခွင့်မရတော့ဘူး။ ဒါနဲ့ဟိုကနေထွက်လာတဲ့ ကျွန်မတို့ဝန်ထမ်းတွေ ၁၇ ယောက် တရုတ်နယ်စပ်ဂိတ်မှာ တစ်ညလုံးမီးလှုံရင်း မနက်ရောက်မှ လောက်ကိုင်ကို ထွက်လာရတာ” ဟု ၎င်းကဆက်လက် ပြောပြသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် မော်ထိုက်မြို့မှ ထွက်ခွာလာသော ဝန်ထမ်းများနှင့် ဒေသခံများသည် လောက်ကိုင်မြို့သို့ ရန်လုံကျိုင်းဂိတ်မှတစ်ဆင့် ဝင်ရောက်ခြင်း မရှိကြတော့ဘဲ ချင်းရွှေဟော်မြို့ဘက်မှ ပတ်ဝင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် တရုတ်နယ်စပ်ဂိတ်ဖြစ်သော ရန်လုံကျိုင်းဂိတ်မှ လောက်ကိုင်မြို့တွင်းသို့ ယခင်က ဆိုင်ကယ်ကယ်ရီခ ယွမ် ၁ဝ သာ ကျသင့်ရာမှ ယခုအခါ ယွမ် ၁ဝဝ အထိပေးစီးခဲ့ရပြီးလောက် ကိုင်မြို့မှလားရှိုးမြို့သို့ ယခင်ကကားခ ကျပ်နှစ်သောင်းခန့်သာ ရှိရာမှ ယခုအခါ ကျပ်ငါးသောင်းအထိ ယာဉ်စီးခများ မြင့်တက်သွားကြောင်း သိရသည်။

MNDAA (ကိုးကန့်အဖွဲ့)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(TNLA)၊ ရက္ခိုင့်တပ်ဖွဲ့ (AA) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့်လပိုင်းကတည်းက ကိုးကန့်ဒေသသို့ ဝင်ရောက်လှုပ်ရှားခြင်း ဖြစ်ကြောင်း၊ ထိုသို့လှုပ်ရှားစဉ် အစိုးရတပ်မတော်နှင့် ထိတွေ့မှုဖြစ်ပွားပြီး တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း TNLA ပြန်ကြားရေးအရာရှိ တာပန်လှက ပြောကြားသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေး ရယူခဲ့သည့် အဖွဲ့ဖြစ်ပြီး လောက်ကိုင်ဒေသကိုလည်း အထူးဒေသအဖြစ် သတ်မှတ်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လေးဖွဲ့ထဲတွင် ကိုးကန့်အဖွဲ့ (အထူးဒေသ-၁)လည်း ပါဝင်ခဲ့ပြီး ထိုအချိန်မှစတင်ကာ ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့နှင့် တပ်မတော်တို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂ဝဝ၉ ခုနှစ် ဩဂုတ်တွင် ကိုးကန့်အဖွဲ့၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို အကြောင်းပြုပြီး တပ်မတော်က ထိုးစစ်ဆင်ခဲ့ရာ ရက်ပိုင်းအတွင်းမှာပင် ကိုးကန့်အဖွဲ့များ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။ ၎င်းတို့၏ခေါင်းဆောင် ဖုန်ကြားရှင်မှာလည်း “ဝ” ဒေသသို့လည်းကောင်း၊ တရုတ်နိုင်ငံသို့လည်းကောင်း သွားရောက်ခိုလှုံခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ Globle Times သတင်းစာနှင့် အင်တာဗျူးမှတစ်ဆင့် ဖုန်ကြားရှင်က အစိုးရအား ပြန်လည်တိုက်ခိုက် တော့မည်ဟု ပြောကြားခဲ့သည်။

လက်ရှိလောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော ကိုးကန့်တိမ်းရှောင်အဖွဲ့အား နယ်မြေအတွင်း အခြေပြုလှုပ်ရှားနိုင်ခြင်း မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းခြင်းများ ပြုလုပ်နေကြောင်း လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Credit - Eleven Media Group

လောက်ကိုင်မြို့နှင့် စစ်ရေးအကဲခတ်များ ပြောကြားသည့် တိုက်ပွဲဖြစ်ဧရိယာ ခန့်မှန်းချက်မြေပုံ
 

No comments:

Post a Comment