Friday, February 13, 2015

နိုင်ငံရေးသမားအောင်ဆန်း

 

ဒဂုန်တာရာ၏ အောင်ဆန်းစာအုပ်မှ
 

(၁)

လွန်ခဲ့သော နှစ်နှစ်ခန့် ဗိုလ်ချုပ်အသက်ရှိစဉ်က တာရာမဂ္ဂဇင်း လူကိုလေ့လာခြင်းကဏ္ဍ၌ “အောင်ဆန်း သို့မဟုတ် အရိုင်း”ဟူ၍ ရေးသားခဲ့သည်။ ထိုအခါကပင် ဗိုလ်ချုပ်အောင်ဆန်းက “တာရာကတော့ ငါ့ကို အရိုင်းတဲ့ကွာ။ ငါဟာ စင်စစ်တော့ ရိုင်းသလောက် ရိုင်းပါတယ်။ ဒါပေမဲ့ မရိုင်းတဲ့ အချက်ကလေးတွေလည်း ရှိပါသေးတယ်ကွာ”ဟု ပြောခဲ့သည်။

ထိုအခါက ဗိုလ်ချုပ်အောင်ဆန်းကို လူထုတစ်ရပ်လုံးက “ရွှေပေါ်မြတင်” ကြည်ညို ချစ်ခင်နေခိုက် ကျွန်တော်က “အရိုင်း” ဟု ဆိုလိုက်သောအခါ တချို့က မကျေနပ်ကြ။

အမှန်အားဖြင့် “အရိုင်း”ဟု တင်စားလိုက်ခြင်းမှာ ဗိုလ်ချုပ်အား နာစေလို၍ နှိမ့်ချရေးခြင်းမဟုတ်ဘဲ သူ၏ လူ့သဘာဝပုံဟန်ကို ထင်ရှားပေါ်လွင်လာအောင် ဥပစာဖြင့် ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။

သည် လူ့သဘာဝ စိတ်နေစိတ်ထား ရုပ်ပုံလွှာကို မူတည်ကာ “နိုင်ငံရေးသမား အောင်ဆန်း”အဖြစ်ကို လေ့လာရပေမည်။

(၂)

သည်လောက် ငယ်ရွယ်သော အသက် နှင့်၊ သည်လောက် ကြီးကျယ်ထင်ရှားသော အမျိုးသားခေါင်းဆောင်အဖြစ် နိုင်ငံရေးမော်ကွန်း တင်ထွန်းတည်ရှိရခြင်းမှာ သူ့၌ ထူးခြားခြင်းတစ်ရပ် ရှိရပေမည်။

သည်ထူးခြားခြင်းကား အခြားမဟုတ်ပေ။ “တစ်ခုတည်းသော ရည်ရွယ်ချက်တွင် စိုက်စိုက်မတ်မတ် ထားရှိသောစိတ်ဓာတ်” ဟု ထင်မြင်မိည်။ တစ်ခုတည်းသော အာရုံရှိသော ဧကမူစိတ်ဟု ဆိုရပေမည်။

သည်ဧကမူ စိတ်မှာ အပြင်ပသဏ္ဌာန်၌ပင် ဖော်ပြထင်လင်းလျက် ရှိသည်။

တက္ကသိုလ်ရောက်စက သမဂ္ဂမှ လူများစွာနှင့် ရင်းနှီးခင်မင်ခဲ့သည်။ ကျွန်တော်မှာ စာပေလောကမှာနေသော်လည်း စင်စစ်အားဖြင့် နိုင်ငံရေးသမားများနှင့် ပိုမိုရင်းနှီး သိကျွမ်းခဲ့သည်သာ များသည်။

သိသော လူများအနက် ကိုအောင်ဆန်းမှာ ထူးခြားသောဟန်ဖြင့် ပေါ်လွင်နေ၏။

ထူးခြားခြင်းကား ချစ်စဖွယ် ပြုံးမြသော သခင်ဗဟိန်းကဲ့သို့ ခင်မင်စရာ လူတစ်ယောက် မဟုတ်။

ကိုကြီးနုလို မှုန်ငေးရီဝေသော အကြည့်ဖြင့် လူတစ်ဖက်သားကို ညှို့ယူသော စိတ်ညှို့ အိပ်ငွေ့ချသမားဆန်ဆန်လူမျိုးလည်း မဟုတ်။

ချစ်ခင်စွဲငြိဖွယ်ရာမျိုးကား လုံးဝမဟုတ်။ မှုန်ကုပ်ကုပ်၊ ကြောင်စင်းစင်းနှင့်...။

မှုန်ကုပ်ကုပ်မှာ တစ်စုံတစ်ရာကို အာရုံစိုက်၍ တွေးတောကြံဆနေသဖြင့် အတွင်းမှ လေးနက်ထက်သန်စွာ တွေးတောခြင်းမှာ အပြင်မျက်နှာအမူအရာ၌ မျက်မှောင်ကုတ်ဟန်ဖြင့် ထင်ရှားဖော်ပြလျက် ရှိသည်။ လူတို့ သည် တစ်စုံတစ်ရာကို လေးနက်စွာ တွေးတောကြံဆသည့်အခါ မျက်မှောင်ကုတ်လာတတ်သည်။

ယင်းသို့ မျက်မှောင်ကုတ်ကာ တွေးတောကြံဆနေသည့် အချိန်များလာသောအခါ မှုန်ကုပ်ကုပ်ဟန်မှာ သူ၏သဘာဝ ဖြစ်လာတော့သည်။ သူ့ကို ဘယ်အခါကြည့်ကြည့် မှုန်ကုပ်ကုပ်ဟန်ပန်နှင့်သာ တွေ့ရသည်။ ကြာတော့ ကြောင်စင်းစင်း ဖြစ်လာပေသည်။

ရှေ့တည့်တည့် ကြည့်နေသော်လည်း ကြည့်ရာသို့ မျက်လုံးက မမြင်။ သူ၏အာရုံမှာ အတွေး၌သာ ဝင်လျက်ရှိနေ၏။

ထို့ကြောင့်လည်း သူ့ကို နှုတ်ဆက်တာ သိချင်မှသိသည်။ သူကပြန်၍ နှုတ်မဆက်။ လမ်းတွင်တွေ့က ခေါ်ချင်မှပင် ခေါ်သည်။ ခပ်ကြောင်ကြောင် ဖြစ်နေ၏။

တစ်ခါက စိတ်ပညာဘက်၌ လေ့လာနားလည်သော ဒဂုန်နတ်ရှင်နှင့် မန္တလေးသို့ အတူသွားဖူးရာ ကျွန်တော့်အား ဝေဖန်ဖူးသည်။

“ဒဂုန်တာရာ အခန်းထဲဝင်လာတာကို အကဲခတ်ကြည့်နေမိတယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာ၊ ဘယ်သူမှ အသိမရှိတဲ့နေရာ ဝင်လာသလိုပဲ။ စိတ်ပညာအရတော့ အတွင်းဝင်နေတဲ့စိတ်လို့ ခေါ်တယ်။ အပြင်ကိုမေ့နေတာ” ဟု ပြောဖူးသည်။

ကျွန်တော်မှာ စိတ်ပညာကို နားမလည်၊ အယုံအကြည်လည်း ရှိသည် မဟုတ်။ သို့သော် ဒဂုန်နတ်ရှင် ပြောပြချက်နှင့် မေ့တတ်သည့် အကျင့်ကို သုံးသပ်မိရင်း ကျောင်းတုန်းက ကိုအောင်ဆန်း၏ မှုန်ကုပ်ကုပ် ကြောင်စင်းစင်းဟန်ကို ပို၍နားလည် သိမြင်လာမိသည်။

သူသည် တစ်ခုတည်းကိုသာ လေးနက်စွာ တွေးတောကြံဆနေသည်။ တစ်ခုတည်းသော ရည်ရွယ်ချက်ကိုသာ စိုက်မတ်နေသည်။

ထို့ကြောင့် လူများက သူ့ကိုနှုတ်ဆက်တာ မမြင်လိုက်၊ ခေါ်တာ မသိလိုက် ကြောင်နေခြင်း ဖြစ်သည်။

သူတွေးတောကြံဆနေသော တစ်ခုတည်းကား အဘယ်နည်း။ သူစိုက်မတ်နေသော အာရုံတစ်ခုတည်းကား အဘယ်နည်း။ သည်အချက်ပင် သူ့အား နိုင်ငံရေးသမားအဖြစ် ကြီးကျယ်စေခြင်း ဖြစ်သည်။

သည်အချက်ကား အမျိုးသားတော်လှန်ရေး (ဝါ) နယ်ချဲ့လက်မှ ရုန်းထွက်နိုင်သော လွပ်လပ်ရေးပင်တည်း။

(၃)

သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ အာရုံထားသည်။ အခြားဘာကိုမျှ ဂရုမစိုက်။

သူနှင့် စကားပြောတိုင်း သူသည် နိုင်ငံရေးစကားကိုသာ ပြောလျက်ရှိသည်။ ရှေ့ကို မျက်လုံးကြီးစိုက်ကာ “ဗမာပြည်ကြီး လွတ်လပ်ရေးရအောင်”ဟု တဒဟော စီးကျသော စမ်းရေအဟုန်ဖြင့် သွန်ချက်လျက် ရှိတတ်သည်။

ထိုအခါများတွင် ဘယ်သူမှ ကြားဖြတ်ဝင်ပြော၍ မရ “နေဦး၊ ကျုပ်ပြောဦးမယ်”ဟူ ၍ပင် လက်ဖြင့်ကာလျက် စိတ်ပါလက်ပါ ပြောလျက်ရှိနေ၏။ ကျွန်တော်တို့မှာ ပြုံး၍ သာနေကြရသည်။ ဤမျှ နိုင်ငံရေးစိတ် ပြင်းထန်သည်။

ပြောသလောက်မက ပြောသည်ထက် လုပ်သည်။ စိုက်စိုက် စွပ်စွပ် ရွတ်ရွတ် လုပ်သည်။

ဂျပန်သို့ နိုင်ငံခြားလက်နက် အကူအညီရယူရန် သွားခြင်းကား အမှောင်ထဲတွင် မိုက်မိုက်ကန်းကန်း စွန့်ရမ်းသွားခြင်း ဖြစ်သည်။ ဘယ်သူမျှ မသွားချင်သော ကိစ္စဖြစ်၏။ အဆက်အသွယ် ကောင်းကောင်းမရှိ။ မရေမရာ နှင့်၊ သူပင် တစ်ဇွတ်ထိုးသွားခဲ့၏။

အမျိုးသားတော်လှန်ရေးစိတ် (ဝါ) နိုင်ငံရေးစိတ်နှင့်သာ သွားနိုင်ခြင်းဖြစ်ပေ၏။ သူနှင့်အတူ ဗိုလ်ရန်အောင်သာ ပါသွားခဲ့၏။ ထို့ကြောင့်လည်း အမွိုင်တွင် ငတ်ပြတ်ကာ သောင်တင်နေခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံရေးကိစ္စကလွဲ၍ အခြားဘာမျှဂရုမစိုက်။ ၁၉၄၅ ခုက “အရှေ့နှင့် အနောက်အသင်း”၌ သူပြောခဲ့သော စကားရပ်ကို ကိုးကားပြလိုသည်။ သူနိုင်ငံခြားသွား၍ နိုင်ငံရေး ဆက်သွယ်ပုံ အဖြစ်အပျက်။ တိုကျိုရောက်၍ ကာနယ်ဆူဇူကီးနှင့် တွေ့ခန်း၌-

“တိုကျိုလေဆိပ်မှာ မီနာမီလို့ခေါ်တဲ့ ကာနယ်ဆူဇူကီးက လာကြိုပြီး ဟိုတယ်တစ်ခု ခေါ်သွားတယ်။ သူက မိန်းမယူမလားလို့ မေးတယ်။ (ကျွန်တော်ဟာ အဲဒီတုန်းက ရာခိုင်နှုန်း တစ်ရာပြည့် လူပျိုစစ်ပေါ့။) ကျွန်တော်တို့က ကြားရတာတောင် ရှက်ပြီး ငြင်းလိုက်တယ်။
ဆူဇူကီးက ပြန်ပြောတာ သူ့ စကားနဲ့ပြောရမယ်ဆိုရင် “ရှက်စရာမရှိပါဘူး၊ ရေချိုးသလိုပါပဲ”တဲ့”ဟု ဖော်ပြခဲ့သည်။

အခြား ရဲဘော်သုံးကျိပ်ဝင်များအနက်  ခင်မင်သူများက ကျွန်တော့်အား စီကာပတ်ကုံး ပြောပြဖူးကြသည်။ အခြားသူများက မရှောင်နိုင်ခဲ့ကြ။

သူ့တွင် နိုင်ငံရေးဟူသော တစ်ခုတည်းသော အလုပ်ရည်ရွယ်ချက်ကလွဲ၍ အခြားဘာမျှ မရှိ။ မကပ်ငြိ။ သည်နေရာ၌ “ဓနရှင် နိုင်ငံရေးသမား”မျိုးနှင့် ကွာလှဘိ၏။

ဝတ်ကောင်းစားလှဝတ်ကာ၊ စကားလုံးအလှများကို ရွေးချယ်ဟောပြောကာ လူအကြိုက်လိုက်၊ လူများနှင့် သင့်မြတ်အောင်လုပ်ကာ မီးစင်ကြည့်ကသော ကျပန်းနိုင်ငံရေးသမားမျိုးနှင့် ကွာသည်။

သူတွင် နိုင်ငံရေးရည်ရွယ်ချက်ကလွဲ၍ အခြားကိုယ်ရေးကြီးပွားမှု၊ ကိုယ်ရေးအာသာဆန္ဒ၊ ကိလေသာရမ္မက်ဖြည့်မှုတို့နှင့် ရောထွေးကပ်ငြိခြင်း မရှိ။

နိုင်ငံရေးသမားအဖြစ် ပြည့်ဝကုံလုံခြင်း ရှိသည်။ စာပေနှင့် မကင်းကွာ။ စာပေကို အမြဲတမ်းလေ့လာဖတ်ရှုခြင်း ရှိသည်။ တစ်ခါက တက္ကသိုလ်သမ္မဂ၌ တစ်နေ့လုံး ကျွန်တော်နှင့် စာပေအကြောင်း ပြောခဲ့ကြဖူးသည်။

ပင်းယမဂ္ဂဇင်း၌ ပါရှိသော “ကမ္ဘာ့စာပေ နှင့် ဗမာဂန္ထဝင်”ဟူသော ဆောင်းပါးကိုရှေ့ တွင်ပင်ဖတ်ကာ ကိုးကား၍ ဝေဖန်သည်။ ကျွန်တော်၏ ရတုကဗျာနှင့် ဝတ္ထုများကိုပင် သိနေသည်။

“ဒီစာပေ ဆောင်းပါးကတော့ ကန္ထလောကတို့၊ ဘာတို့မှာ ထည့်ဖို့ကောင်းတယ်။ ဒီမယ် ခင်ဗျား ကဗျာတို့၊ ဝတ္ထုတို့ချည်း ရေးမနေနဲ့ ဗျာ။ နိုင်ငံရေးလှုံ့ဆော်မှု လုပ်ပါဦး။ စာရေးကောင်းကောင်းနဲ့ တော်လှန်ရေးလုပ်မယ်ဆိုရင် ...”ဟု ဆိုကာ ဂေါ်ကီ၏ ဝတ္ထုအကြောင်း ရောက်သွားတော့၏။

နိုင်ငံရေးသမားများတွင် စာပေနှင့် မကင်းကွာဖို့ လိုပေသည်။ လီနင်ဆိုလျှင် စာပေသဘောတရားများ ရေးနိုင်ခဲ့၏။ ဂေါ်ကီ၏ ဝတ္ထုကို ကောင်းကောင်းဖတ်ကာ ဝေဖန်ခဲ့၏။ ပလက်ကင်နော့မှာ အနုပညာသဘောများ ရေးခဲ့၏။ မော်စီတုံးမှာ ခက်ခဲသောကာရန်နှင့် ကဗျာများပင် စီကုံးခဲ့သည်။

သခင်နု၊ သခင်သန်းထွန်းတို့သည်လည်း စာရေးကောင်းသူများပင် ဖြစ်ကြသည်။

သခင်အောင်ဆန်းသည် စာရေးကောင်းတစ်ဦး ဖြစ်သည်။ ဂျပန်ခေတ်က ကော်ပီစာအုပ်များဖြင့် ရေးထားသော သူကိုယ်တိုင်ရေးသည့် အတ္ထုပ္ပတိံလက်ရေးမူကို သူ၏ မော်တော်ကားရှေ့အံ၌ ထိုးထားသည်ကို မတော်တဆ ဖတ်ခဲ့ရဖူးသည်။

“ဥဿဟ”ဟု ပါဠိဖြင့် အမည်ပေးထားသည်။ အမှာတွင် စစ်အတွင်း၌ စစ်သေနာပတိ ဖြစ်နေခြင်းမှာ ကာလနှင့် လုပ်ခွင့် တိုက်ဆိုင်နေပုံကို ရေးထားသည်။ ငယ်စဉ်က အဖြစ်အပျက်များသာ ရှိသေးသည်။ ရေးဟန်ရှိ၍ ဖတ်ရသည်မှာ သွက်လက်သည်။ ပါဠိကို အတော် သုံးနှုန်းသည်။

(၄)

နိုင်ငံရေးသမား အောင်ဆန်းသည် သည်ထူးခြားသော  ဧကမူစိတ်ဓာတ်ဖြင့် လုပ်ခဲ့ရာ နိုင်ငံရေး၌ အောင်မြင်ပါသလောဟု ဝေဖန်စောကြောအပ်သည်။

အမျိုးသားတော်လှန်ရေး၌ ဦးဆောင်နိုင်ခဲ့သည်မှာ ရာဇဝင်သက်သေ ဖြစ်သည်။ အမျိုးသားတော်လှန်ရေး ဒီရေတက်ကြွချိန်၌ တစ်မျိုးသားလုံးက သူ့အား ကြည်ညိုလေးစား ယုံမှတ်ခဲ့ကြသည်။

ယနေ့တော်လှန်ရေး၌ ကဏ္ဍနှစ်ဆင့် ရှိသည်။ အမျိုးသားတော်လှန်ရေး။ အမျိုးသားလွတ်မြောက်ရေး။ အမျိုးသားတော်လှန်ရေးမှာ နယ်ချဲ့ကိုခြားနားသော အရေးတော်ပုံ ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးသည်ကား နယ်ချဲ့ဩဇာခံဖောက်ပြန်သော တော်လှန်ရေး ဆန့်ကျင်ဘက် အင်အားစု၏ ဖိနှိပ်မှုမှ လွတ်မြောက်ရေး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားတော်လှန်ရေးကဏ္ဍ၌ ခေါင်းဆောင် ဖြစ်ပေသည်။

ဗိုလ်ချုပ်ကြောင့် အမျိုးသားတော်လှန်ရေး အောင်ခဲ့ပါသလော။ ပုဂ္ဂိုလ်အားဖြင့် အောင်သည်ကား မဟုတ်ပေ။ လူထု၏ လှုပ်ရှားထကြွမှုကြောင့်သာလျှင် ဖြစ်သည်။ သို့သော် သည်လွတ်လပ်ရေးတိုက်ပွဲ၌ ရှေ့တန်းက ပါဝင်ခဲ့ပေသည်။

လွတ်လပ်ရေးတိုက်ပွဲတွင် အောင်ဆန်း -အက်တလီစာချုပ်ဖြင့် အဆုံးသတ်ခဲ့သည် မဟုတ်ပေ။ နု-အက်တလီစာချုပ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်မှ အခြေခံဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို ဆွေးနွေးညှိနှိုင်းရေးဆွဲလျက်ရှိစဉ် ဗိုလ်ချုပ်အောင်ဆန်းမှာ ကျဆုံးခဲ့ရရှာပေသည်။

သခင်အောင်ဆန်း၏ နိုင်ငံရေးတွင် အမှားများရှိသလောဟု ဝေဖန်မှုဖြင့် မေးဖွယ်ရှိသည်။

သခင်အောင်ဆန်း၏ နိုင်ငံရေးများကို အစဉ်တစ်စိုက် လေ့လာအကဲခတ်လာခဲ့သည်။ ဗိုလ်ချုပ်လုပ်တာ အကုန်မှန်တယ်ဟု ယုံစားသူတွေလည်း ရှိကြသည်။ ဘာဗိုလ်ချုပ်လဲ၊ နယ်ချဲ့နဲ့ စေ့စပ်တာပဲဟု အထင်သေးသည့် အယူအဆရှိသူတွေလည်း ရှိကြသည်။

ကျွန်တော်လည်း ဗိုလ်ချုပ်ကို နိုင်ငံရေးသမားအဖြစ် လေးစားစိတ်ဝင်စားသူ ဖြစ်သည်။ ဖဆပလ လှုပ်ရှားမှုကို အကဲခတ်နေသူ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်လုပ်ခဲ့သည်များအနက် သဘောမတူနိုင်သည့် အချက်များလည်း ရှိခဲ့သည်။

ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပယ်သည်က တစ်ကြိမ် စိတ်ပျက်မိသည်။ ကွန်မြူ နစ်ပါတီသည် လွတ်လပ်ရေးတိုက်ပွဲ (ဝါ) အမျိုးသားတော်လှန်ရေး၌ ရှေ့တန်းက ပါခဲ့သည်။ ဖဆပလဟူသော ညီညွတ်ရေးတပ်ပေါင်းစု၌ အင်အားတစ်အား ဖြစ်သည်။ စစ်အပြီး၌ ဖဆပလကို ဗိုလ်ချုပ်က ဥက္ကဠ၊ သခင်သန်းထွန်းက အတွင်းရေးမှူးအဖြစ် ဦးဆောင်ခဲ့ကြသည်။ ကျွန်တော့်သဘောက ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ တွဲဖက်ဆောင်ရွက်သည်ကို မြင်လို၏။ တို့ဗမာအစည်းအရုံးခေတ်က တစ်တွဲတွဲ နိုင်ငံရေးအစီအစဉ်များ ရေးဆွဲသတ်မှတ်ကြသည်ကို သတိရမိ၏။

ညီညွတ်ရေးတပ်ပေါင်စု ပြိုကွဲမည်ကို နည်းနည်းမှ မလိုလားခဲ့။ တပ်ပေါင်းစု ပြိုကွဲမည်ကို နယ်ချဲ့က အလိုရှိ၏။ ထိုအခါ နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့၏။

ကျွန်တော်တို့က ညီညွတ်ရေးတပ်ပေါင်းစုဖြင့်သာလျှင် ငြိမ်းချမ်းစွာ တည်ဆောက်နိုင်မည်ဟု ယုံကြည်ထား၏။

တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက်ပွဲလုပ်ရာ ဗိုလ်ချုပ်၏ “ပညာတတ်တွေမလိုဘူး၊ လက်ညှိုးထောင်တတ်ရင် တော်ပြီ”ဟု အမတ်ရွေးကောက်ပွဲမိန့်ခွန်းများကို ဖတ်ရသောအခါ စိတ်ပျက်မိပြန်သည်။

ဤအချက်များသည် အမှားလော၊  အမှန်လောဟု ဝေဖန်စိစစ်ကြရန် လိုသည်။

ယနေ့ဖြစ်နေသော မငြိမ်သက်မှုများ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပြဿနာများ က အဖြေများဖြစ်ကြပေသည်။ မညီညွတ်ခြင်း၏ အကျိုးအပြစ်များ၊ တင်မိလျှင် ချ၍မရတတ်သော နိုင်ငံရေးအာဏာ အကျိုးအပြစ် သဘောများကို လူထုသည် ခံစားသိမြင်ကြပေသည်။

(၅)

ဗိုလ်ချုပ်သည် အချီးမြှောက် အယုံကြည်ခြင်း အခံရဆုံးသော နိုင်ငံရေးခေါင်းဆောင် ဖြစ်ခဲ့သည်။ သူ၏ အရှိန်အဝါသည် ကြီးမားလှပေ၏။

ဗိုလ်ချုပ်၏ လမ်းစဉ်ကို လိုက်ခဲ့ကြပါသလောဟု ဝေဖန်ကြရန် လို၏။

အကြမ်းဖျင်းကစ၍ ကြည့်ကြစေလိုသည်။

ယာယီ အာဇာနည်ဗိမာန်တောင်ကုန်းသို့ တက်၍ အလေးပြုကြသောသူတို့၏ ခြေရာများသည် မွမွများလှပေသည်။

ဗိုလ်ချုပ်လမ်းစဉ်ကို သန္နိဠာန်ချကြကုန်သော ပန်းခွေများသည် ပန်းတောကြီးတစ်တောအဖြစ် မို့မောက်လောက်ပေပြီ။

သို့သော် အာဇာနည်ဗိမာန်သည် စက္ကူ ၌ ခဲသားမျဉ်းအဖြစ်ပင် တည်ရှိနေသေးသည်။ ဗိုလ်ချုပ်ကျောက်ရုပ်မှာ “မပြီးတတ်သေး၊ ဝိုးဝါးထွေး“ ၍သာ နေခဲ့ရရှာသည်။

၆ နှစ်ပင် ကြာခဲ့ပေသည်။

အတိုးကြီးစားနှင့် ငွေတိုးပေးနေသော ဘာဘူတစ်ယောက်အိမ်၌ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ထားသည်ကို တွေ့ခဲ့ရ၏။ အမှန်အားဖြင့် ဗိုလ်ချုပ်သည် အတိုးကြီးစနစ်ကို ဆန့်ကျင်သူ ဖြစ်သည်။

ဗိုလ်ချုပ်ပြပြီး မတော်မတရားလုပ်ခြင်းမျိုးကိုကား မလိုလားအပ်။

ပန်းချီဆရာ ကိုအုန်းလွင်နေသော ၃၉ လမ်း ကြိမ်ထိုးဆိုင်ရှေ့၌ စစ်အကျီရှည်ကြီး ဝတ်ပေးထားသော ဗိုလ်ချုပ်ရုပ်ကို တွေ့ရ၏။ စစ်ဦးထုပ်၌ ပန်းများပင် ဝေနေတတ်သေး၏။ ပွဲနေ့ဆိုလျှင် လမ်းထိပ် ရာဇမတ်ကွက် မဏ္ဍပ်တွင်း၌ ရောက်နေတတ်ပေသည်။

ဗိုလ်ချုပ်ရုပ် ကျကျနနမရှိ၍ သူတို့ လုပ်တတ်သလောက်နှင့် လုပ်ခြင်းသာ ဖြစ်ကြပေသည်။

ဗိုလ်ချုပ်သည် နိုင်ငံရေးသမားအဖြစ် ဤမျှအရှိန်အဝါ ပဲ့တင်သံ ကြီးမားကျယ်ဝန်းခဲ့သည်။ သို့သော် အုပ်ချုပ်ရေးသမားအဖြစ်ကား မဟုတ်ခဲ့ပေ။

လီနင်သည် နိုင်ငံရေးသမားအဖြစ် ဇာဘုရင်စနစ်ကို တိုက်ချခဲ့သည်။ တော်လှန်ရေးသမားအဖြစ်နှင့် ဦးဆောင်ခဲ့သည်။ ဆိုရှယ်လစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ်လည်း နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ပေသည်။ သို့ဖြစ်၍ ထူးချွန်သော နိုင်ငံရေးသမားလည်းဖြစ်၊ အုပ်ချုပ်ရေးသမားလည်း ဖြစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကား အစိုးရအဖွဲ့ကို ကျကျနန မလုပ်ရသေးခင် ကွယ်လွန်သွားခဲ့ပေသည်။

ဂရိတ်အတ္ထုပ္ပတ္တိစာရေးဆရာကြီး ပလူတာက “သေးငယ်သော အဖြစ်တစ်ရပ်၊ စကားတစ်လုံး၊ ပြက်လုံးတစ်ကွက်ကပင်လျှင် စစ်ပွဲများ၊ လှုပ်ရှားမှုများစွာထက် လူ၏ သဘောထားကို ဖော်ပြတတ်သည်”ဟု ရေးဖူးသည်။

ဗိုလ်ချုပ်မကွယ်လွန်ခင် မေလလောက် က “လွတ်လပ်ရေးရတဲ့အချိန်ထိတော့ ကျုပ်နိုင်ငံရေး လုပ်ရဦးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေ လုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်”ဟု ပြောခဲ့တာရှိ၏။

သူ၏ နိုင်ငံရေးအမြင်သဘောမှ လှစ်ခနဲ အန်ကျလာသော အစက်တစ်စက် ဖြစ်သည်။

တော်လှန်ရေးကား မပြီးမြောက်သေးပေ။ တစ်ဆင့်ပြီး တစ်ဆင့် သွားရသည်။ တောက်လျှောက်တက်နိုင်မှ တက်သည်။ စတာလင်က တစ်ကွေ့ပြီးတစ်ကွေ့ ခွေရစ်တက်ရတာလည်း ရှိသည်ဟု ရေးဖူး၏။

ဗိုလ်ချုပ်အောင်ဆန်းကား အမျိုးသားတော်လှန်ရေးကဏ္ဍအထိ အောင်မြင်ထူးခြားသော နိုင်ငံရေးသမားကြီး ဖြစ်ပေသည်။

၁၉၅၃ ခုနှစ် ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်း အတွဲ (၇)၊ အမှတ် (၇၄)မှ


Credit - Eleven Media Group

No comments:

Post a Comment