Monday, February 9, 2015

ကျောင်းသား သပိတ်များကို ထောက်ခံသည့် ဆန္ဒပြပွဲ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်

ရန်ကုန် (မဇ္ဈိမ)။ ။ အနယ်နယ်အရပ်ရပ်မှ ချီတက်လာသည့် ကျောင်းသား သပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲကို  ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားများ စုစုပေါင်းအင်အား ၁၀၀၀ ၀န်းကျင်ခန့် ပါဝင်သည်။

Student-Strike-Yangon-07
အနယ်နယ်အရပ်ရပ်မှ ကျောင်းသားသပိတ်များကို ထောက်ခံသည့် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှ ဆူးလေ မြို့တော်ခန်းမသို့ လမ်းလျှောက် ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)



အဆိုပါ ကျောင်းသားသပိတ် ထောက်ခံဆန္ဒဖော်ထုတ်ခြင်းကို နံနက် ၉ နာရီခွဲမှ စတင်က  ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းမှ ဆူးလေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထောက်ခံ ဆန္ဒပြပွဲတွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် ကိုနန္ဒစစ်အောင်က ''ဒါက ထောက်ခံကြိုဆိုတဲ့ သပိတ်တစ်ရပ်ပါ။ ၃ရက်နေ့ ညှိနှိုင်းပွဲပြီးတဲ့အခါမှာ အစိုးရက ၁၅ ဦးကော်မတီက သပိတ်ကို ကိုယ်စားပြုလားလို့မေးတဲ့အခါ ကိုယ်စားပြုလား မပြုလားဆိုတဲ့အနေနဲ့ သပိတ် တပ်တွေ ရန်ကုန်ကို အားလုံးချီတက်လာမယ်လို့ ပြောခဲ့တယ်'' ဟု ပြောသည်။

အဆိုပါ ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲမှာ ရန်ကုန်သို့ တက်လာမည့် ကျောင်းသား သပိတ်များ ပိုမို အားတက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု  အမျိုးသားဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ မဖြိုးဖြိုးအောင် က ဆိုသည်။

ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲတွင်  ပညာရေးဥပဒေနှင့် ပတ်သက်ပြီး ဟောပြောပွဲများလည်း ပြုလုပ်ခဲ့ကာ ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်သောကြောင့် မင်္ဂလာတောင်ညွန့်၊ တာမွေ နှင့် ကျောက်တံတား မြို့နယ်တို့တွင် သက်ဆိုင်ရာ ရဲစခန်းများက တားမြစ်ခဲ့သေးသည်။  အဆိုပါကဲ့သို့ ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်း ရန်ကုန်မြို့တွင် ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ရှေ့နေများကွန်ရက်၊ အလုပ်သမား သမဂ္ဂ၊ မသန်စွမ်း အဖွဲ့အစည်းများ စသည့် အရပ်ဘက် အဖွဲ့အစည်း ၁၀ ဖွဲ့ခန့် ပါဝင်ခဲ့ပြီး နယ်မြို့များမှ တက်လာသည့် ကျောင်းသားသပိတ်များ ရန်ကုန် ရောက်လာသည့် အချိန်တွင်လည်း ကြိုဆို ထောက်ခံပွဲကို ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။

ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်သည့် ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ (UNOD) က လည်း ကျောင်းသားသပိတ်များကို  အင်အားသုံးအကြမ်းဖက်ဖြိုခွဲခြင်း၊ အချိန်ဆွဲဆွေးနွေးခြင်းတို့ကို လုံးဝ မပြုလုပ် ရန်နှင့် ကျောင်းသားများ တောင်းဆိုထားသည့်အတိုင်း တွေ့ဆုံဆွေးနွေး၍ ၎င်းတို့၏ တောင်းဆိုချက်များအား အကောင်အထည်ဖော်ဆောင်ရန် ဖေဖော်ဝါရီ ၈ ရက်က တောင်းဆိုလိုက်သည်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒဖော်ထုတ်နေသော နိုင်ငံအနှံမှ သပိတ်မှောက် ကျောင်းသားများသည် မန္တလေးမှ ရန်ကုန်ထိလည်းကောင်း၊ ပုသိမ်မှ ရန်ကုန်အထိ လည်းကောင်း၊ ပခုက္ကူမှ ရန်ကုန်အထိလည်းကောင်း၊ ထားဝယ်မှ မုံရွာ၊ မော်လမြိုင်မှ ရန်ကုန်သို့ ချီတက်လာပြီး တစ်ရက်လျှင် မိုင်၂၀နှုန်းခန့်ဖြင့် ချီတက်လာခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းသားများ၏ သပိတ်မှောက်စစ်ကြောင်းများကို ရပ်နားပြီး သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားများကိုလည်း သက်ဆိုင်ရာ ကျောင်းသားမိဘများက လိုက်လံခေါ်ယူကြရန်  ပြောကြားထားသည်။

Credit - Mizzima News

No comments:

Post a Comment