ရန်ကုန် (မဇ္ဈိမ)။ ။ လွတ်လပ်ရေး၊ တန်းတူမျှတရေးနှင့် တရားမျှတရေးဟူသည့်
“ပင်လုံစိတ်ဓာတ်” ကို အခြေမခံသမျှ နှစ်ပေါင်း ငါးဆယ်ကျော် သန္ဓေတည်လာသည့်
“ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ” ကို ပပျောက်အောင် ကုစားနိုင်မည်မဟုတ်ဟု
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာလိုက်သည်။

အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို
ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က
ကျင်းပနေစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
“ပင်လုံစိတ်ဓာတ်”ကို အခြေခံ၍ တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ ဆန္ဒနှင့် ဘ၀ထပ်တူကျစေမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကို ဆောင်ရွက်ကြရန်လည်း အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သူ ဦးတင်ဦးကလည်း “ပဋိပက္ခလက်နက်ကိုင်နည်းကို အပြီးစွန့်လွတ်၍ အကြမ်းဖက်သောနည်းဖြင့် လုံးဝမဖြေရှင်းဘဲ စိတ်ရှည်လက်ရှည်ဖြင့် ပြည်သူတစ်ရပ်လုံး၏ မျက်နှာ၊ နိုင်ငံတော်၏ အကျိုးကိုထောက်၍ တစ်စတစ်စ အေးချမ်းစေကြရမည်ဟူသော စိတ်ထားဖြင့် ဆင်ခြင်တုံတရား အလေးထားကာ ဆောင်ရွက်ကြရန်” ပြည်ထောင်စုနေ့ နှစ်ပတ်လည်အခမ်းအနား သဘာပတိမိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့သည့် အစိုးရအဆက်ဆက်သည် ပင်လုံစိတ်ဓာတ်ကို အကောင်အထ ည်ဖော်မှုအားနည်းပြီး တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖ က်ချေမှုန်းရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းခဲ့ကြသဖြင့် အမျိုးသားသွေးစည်းညီညွတ်ရေးပျက်ပြားခဲ့ရသည်ဟု လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ လွှတ်လပ်ရေးကို တောင်တန်း/ပြည်မ မခွဲခြားဘဲ အတူရယူရန် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် 'ပင်လုံစာချုပ်' ကို ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် 'ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်' ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။
ပင်လုံစာချုပ်တွင် 'တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင်ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိ ကြောင်း မူအားဖြင့် လက်ခံသည်' 'တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်' ဟု ပါရှိသည်။
တိုင်းပြည်အတွက် လက်ရှိအရေးကြီးနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ အထွေထွေရွေးကောက်ပွဲ နီးလာသည့် ယခု ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် “သူတို့၏ ကိုယ်ရေးအတွက် အချက်အမျိုးမျိုးဖြင့် မျိုးစုံသုံး၍ ပြုလုပ်လာသည်ကို သတိပြုမိသည်” ဟုလည်း သဘာပတိမိန့်ခွန်းတွင် ဦးတင်ဦးက ထည့်သွင်းပြောဆိုခဲ့သေးသည်။
သို့သော် မည်သည့်ကိစ္စရပ်များတွင် အစိုးရက ကိုယ်ကျိုးသုံးနေသည်ကိုမူ ဦးတင်ဦးက အကျယ်တ၀င့် ပြောဆိုခဲ့ခြင်း မရှိပေ။ သမ္မတ ဦးသိန်းစိန် ကမူ ယခု ၂၀၁၅ ခုနှစ်သည် အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာ ကြုံတွေ့ရမည့် ထူးခြားသည့် နှစ်တစ်နှစ်ဟု နှစ်အစမှာကတည်းက ပြောဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment