
၁၉၃၄ ခုနှစ်တွင် အောင်ဆန်းသည် အိုင်အေစာမေးပွဲ အောင်မြင်ပြီးနောက် ကျောင်းသားနိုင်ငံရေးကို စတင်ဆောင်ရွက် ပါသည်။ ထိုနှစ်တက္ကသိုလ်ကျောင်းသားး သမဂ္ဂ (တကသ) အမှုဆောင်ရွေးကောက်ပွဲ တွင် ၀င်ရောက်၍ ယှဉ်ပြိုင်အရွေးခံရာ ကိုအောင်ဆန်းအရွေးမခံရပါ။
လူသိနည်းသေးသည့်ပြင် ကျောင်းသားအများက သူ့ကို လူ့ဂွစာဟုသာ အသိအမှတ်ပြုထား ကြပါသေးသည်။အရွေးမခံရသော်လည်း အောင်ဆန်းသည် စိတ်ပျက်မသွားပေ။ သူ့အားမဲမပေးသူများကိုလည်း စိတ်ခုမသွားပါ။ အောင်ဆန်းသည် သဘောထားကြီးသူပေတည်း။ မည်မျှသဘောထားကြီးသည်ကို မြူနီစီပယ်မင်းကြီးဟောင်း ဦးထွန်းအုန်၏ ၁၉၆၁ ခု ကမ္ဘာ့ကလေးများနေ့ ၁၃-၂-၆၁ သ၀ဏ်လွှာကို ဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။
ဦးထွန်းအုန်က ကလေးများထံပို့သည့် “ဦးလေးထွန်းအုန်၏ စကားလက်ဆောင်” ဟူသော သ၀ဏ်လွှာ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
“ပထမဦးဆုံး ဦးလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတာကတော့ ၁၉၃၄ ခုနှစ်ကဘဲ။ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲလုပ်တယ်။ ဒီအခါမှာ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်တို့က အဖွဲ့တစ်ခုဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ကြတယ်။ ကိုအောင်ဆန်းကို မဲထည့်ပါ။ ကျုပ်တို့တာဝန် ယူပါတယ်တဲ့။ ဦးလေးက ပြန်ပြောလိုက်တယ်။ ဒါလောက်ရှုသိုးတဲ့ လူကိုမဲထဲ့လိုက်လို့ ဘယ်ဖြစ်မလဲ။ မထည့်နိုင်ဘူးဗျာ” လို့ ဦးလေးက ပြန်ပြောလိုက်တယ်။ ဒီအခါမှာ သူတို့က “ခင်ဗျားတော်တော် ခေါင်းမာတဲ့လူဘဲ” လို့ မှတ်ချက်ချပြီး လက်လျှော့သွားကြတယ်။ မဲရေတွက်ပြီးတဲ့ညနေ ကိုအောင်ဆန်းဟာ ဦးလေးရဲ့အခန်းကို ရောက်လာတယ်။ ခပ်လှမ်းလှမ်းကတဲက သူကရယ်မောပြီး လှမ်းပြောလိုက်တယ်။ “ကိုထွန်းအုန် ကျွန်တော်အရွေးမခံရဘူးဗျာ့ ဟဲဟဲဟဲ” တဲ့။ အနားရောက်လာတော့ ဦးလေးကကုလား ထိုင်ထိုးပေးပြီး “ခင်ဗျား စိတ်ဆိုးချင်ဆိုး၊ ခင်ဗျားကို ကျွန်တော် မဲမထဲ့ခဲ့ဘူး” လို့ ပြောလိုက်တော့ သူကအားရပါးရရယ်မောပြီး “ဒါမျိုးမှ ကျွန်တော်ကကြိုက်တာ။ မဲတန်ဘိုးဆိုတာ အဲဒီလိုထားရတယ်ဗျ။ အရွေးမခံရတာ ခံရတာက အရေးမကြီးပါဘူး။ အပြင်လူအနေနဲ့လဲ ကျောင်းသားကိစ္စတွေ တပြုံတခေါင်းကြီး လုပ်နိုင်ပါတယ်။ တိုင်တိုင်ပင်ပင်နဲ့ ဆက်ဆောင်ရွက်ကြပေါ့ဗျာ” စသည်ဖြင့် ၃ နာရီလောက် စကားလက်ဆုံကျပြီး သူငယ်ချင်း လုပ်ဖော်ဆောင်ဘက်အဖြစ် ရင်းနှီးသွားကြတယ်။
“၁၉၃၅-၃၆ ခုနှစ်ကျတော့လဲ အမှုဆောင်များအဖြစ် တင်မြှောက်ခံကြရတဲ့အခါ ကျောင်းသားကိုအောင်ဆန်းဟာ အထွေထွေအတွင်းရေးမှူး အနေနဲ့ အလုပ်သိပ်လုပ်ပြချင်တယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူ့ရဲ့ဆက်ဆံမှုကို အားမရသေးတဲ့အတွက် သူ့ရဲ့စွမ်းရည်ကို ကလောင်ဖြင့်ပြစေဘို့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာတာဝန်ခံအဖြစ် တာဝန်ယူစေတယ်။ လုပ်ပြချင်တာ မလုပ်ရလို့ သူ့စိတ်ကောက်သွားသလား။ မကောက်ပါဘူး။ ထားတဲ့နေရာကနေ၊ သူ့စွမ်းရည်ကိုပြပြီး၊ ကျောင်းသားကိစ္စအ၀၀ကို ဆောင်ရွက်ခဲ့ပါတယ်။ သာမန်အားဖြင့်သာဆိုရင် ငါတော်ရဲ့သားနဲ့ ငါ့ကိုနေရာမပေးရကောင်းလားဆိုပြီး စိတ်လိုက်မာန်ပါတွေ လုပ်မှာဘဲ။
“ဒါတင်လား၊ မဟုတ်သေးပါဘူး။ လူလေးတို့ သေသေချာချာ နားထောင်မှတ်ထားနော်။ ဦးလေးတို့ ၁၉၃၆ ခုနှစ် သပိတ်မှောက်ပြီးတဲ့ နောက်ပိုင်းမှာတောင် သူ့ကိုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌနေရာကို မပေးသေးဘဲ။ ပြင်ပကျောင်းသားကြီး တစ်ယောက်ကို ဥက္ကဋ္ဌ၊ သူ့ကိုဒုတိယ ဥက္ကဋ္ဌနေရာမှာထားပြီး ဆောင်ရွက်စေကြတယ်။ ဒီလိုလုပ်လဲ သူဟာဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကို ထိုးဖောက်မယ်ဟေ့ဆိုတဲ့ စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ ကြည်ဖြူစွာ လုပ်ဖော်လုပ်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမံ လုပ်ပြပြန်ပါတယ်။
“ဒီလိုမြင့်မြတ်တဲ့ စိတ်ထားတွေကြောင့် မြန်မာအမျိုးသား ခေါင်းဆောင်တင်မက၊ ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကြီး ဖြစ်ခဲ့ပါတယ်။ လူသေပေမယ့် သူ့အမည်ဟာ မသေဘဲရာဇ၀င်မှာ အမြဲမှတ်တမ်းတင် ထားတော့မယ်ဆိုတာ ကလေးတို့သိကြတယ်”
ဦးထွန်းအုန်သည် ကျောင်းသားဘ၀မှ စ၍ နယ်ချဲ့တော်လှန်ရေး၊ ဖက်စစ်တော်လှန် ရေးတို့၌ အောင်ဆန်းနှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ အောင်ဆန်း၏ စိတ်နေသဘောထားကို ခရေစေ့တွင်းကျ သိသူဖြစ်ပါသည်။
၁၉၄၅-၃၆ ခု တ၊ က၊ သ အမှုဆောင် ရွေးကောက်ပွဲတွင် အောင်ဆန်းအရွေးခံပါသည်။ တကသ၏ အာဘော်ဖြစ်သော “အိုးဝေမဂ္ဂဇင်း” အယ်ဒီတာအဖြစ် တာဝန်ယူ ဆောင်ရွက်ရပါသည်။ ထိုနှစ် တ၊ က၊ သ သည် အတက်ကြွဆုံး၊ အပြင်းထန်ဆုံးဖြစ်ပါသည်။ တက်ကြွပြင်းထန်သည်နှင့်အမျှ မျက်နှာဖြူများ ကြီးစိုးနေသော တက္ကသိုလ်အာဏာပိုင်များ၏ ဖိနှိပ်မှုကိုလည်း ခံရပါသည်။
တက္ကသိုလ်ကျောင်းအုပ် မစ္စတာဆလော့စ် (DJ.Sloos) သည် သာမန်ကျောင်းအုပ် မျှသာမကဘဲ၊ အစိုးရပိုင်းတွင် အလွန်ဝင်ဆန့်သူ ဖြစ်ပါသည်။ ပညာရေးသမား သက်သက်သာ ဟုတ်ဘဲ အုပ်ချုပ်ရေးသမား တစ်ပိုင်းလည်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာ ကျောင်း သားကလေးများ ဗြိတိသျှအစိုးရကို အထင် ကြီး၍ ကြောက်ရွံ့ရိုသေလာအောင် ပုံသွင်းပေးလိုသူဖြစ်ပါသည်။ တစ်နည်းအား ဖြင့်ဆိုလျှင် မြန်မာလူမျိုးတို့အား ကျွန်စိတ် သွင်းပေးလိုသူဖြစ်ပါသည်။ မိမိကြိုးဆွဲတိုင်းကသည့် ကျောင်းသားများအား အခွင့်အရေး ပေးသလောက် မျိုးချစ်စိတ်ရှိသည့် ကျောင်းသားများကို ဖိနှိပ်သူဖြစ်ပါသည်။ မတရား အခွင့်အရေးယူလိုသော (၀ါ) ကျွန်စိတ်ရှိသော ကျောင်းသားများသည် ကျောင်းအုပ်ကြီးထံ၌ မျက်နှာလိုမျက်နှာရ လုပ်တတ်ကြပါသည်။ ထိုကျောင်းသားများ အိုင်စီအက်စ်၊ ဘီစီ အက်စ် စသည့် ရာထူးကြီးများရအောင် ကျောင်းအုပ်ကြီးကလည်း ကူညီပေးတတ်ပါသည်။
အခြားသော ဆရာများသည်လည်း ကျောင်းအုပ်ကြီးကို အတုယူကာ အလွန်ဗျူရိုကရက်ဆန်ကြပါသည်။ ကျောင်းသားများနှင့် ဆက်ဆံရာတွင် ဆရာတပည့် သဘော မျိုးမထားဘဲ ကျွန်သခင်သဘောမျိုးဖြင့် ဆက်ဆံကြပါသည်။ ကျောင်းသားတစ်ယောက်သည် ကျောင်းတက်ချိန်စာရင်းခေါ်ရာ၌ “ဆာ” ထည့်၍ မထူးမိသဖြင့် ကျောင်းထုတ်ခံရပါသည်။ မျက်နှာဖြူပါမောက္ခတစ်ဦးကမူ “မင်းတို့က ကျွန်လူမျိုး၊ ငါက သခင်လူမျိုး။ ငါ့ပြန်မပြောနှင့်” ဟုပင် မောက်မာစွာ ပြောဆိုဘူးပါသည်။
ဤအတောအတွင်း တ၊က၊သ အစည်းအဝေးတခု၌ ဥက္ကဋ္ဌကိုနု (၀န်ကြီးချုပ်ဟောင်း ဦးနု)က “သမဂ္ဂအပေါ်တွင် ၎င်း၊ မျိုးချစ်စိတ်ရှိသော ကျောင်းသားများ အပေါ်တွင် ၎င်းအစိုးရက နှိမ်လိမ်မည်” ဟု ဟောမိသဖြင့် တက္ကသိုလ် အာဏာပိုင်များက ကိုနုကို ကျောင်းမှ ထုတ်ပစ်လိုက်ကြပါသည်။ ထိုအခါ ကျောင်းသားများ၏ မကျေနပ်မှုသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပါသည်။ ထိုအချိန်တွင် တ၊ က၊ သ ၏ အာဘော်ဖြစ်သော “အိုးဝေမဂ္ဂဇင်းတွင် (A hell hound at large လွတ်နေသော ငရဲခွေးကြီးတစ်ကောင်) ဟူသော ဆောင်းပါးတစ်ခု ပါလာပါသည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်အရာရှိ တစ်ယောက်အကြောင်းကို စောင်းပါးရိပ်ခြည် ဖော်ပြထားပါသည်။
အာဏာမာန်ယစ်နေသော တက္ကသိုလ်ကျောင်းအုပ်ကြီးသည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်သော အောင်ဆန်းကိုခေါ်၍ ဆောင်းပါးရှင်ကို ထုတ်ဖော်ပြောဆိုလျှင် အောင်ဆန်းကို မည်သို့မျှ အရေးမယူဟုလည်း ပြောလိုက်ပါသေးသည်။ အမှန်မှာ ကျောင်းအုပ်ကြီးသည် ဆောင်းပါးရှင် မည်သူမည်ဝါဖြစ်သည်ကို ရိပ်မိသော်လည်း တာဝန်ခံအယ်ဒီတာ၏ အတည်ပြုချက်ကို ရယူလိုသဖြင့် အောင်ဆန်းကိုခေါ်၍ မေးခြင်းဖြစ်ပါသည်။
ချော့၍လည်း မပျော့၊ ခြောက်၍လည်း မကြောက်တတ်သော အောင်ဆန်းသည် “အယ်ဒီတာတို့မည်သည် ဆောင်းပါးရှင်များ၏ အမည်ကို ထုတ်ဖော်ပြောဆိုရိုး ထုံးစံမရှိ။ ခင်ဗျားတို့ လုပ်ချင်သလိုလုပ်ကြ။ ထုတ်ဖော်မပြောနိုင်” ဟု ပြန်ပြော၍ ကျောင်းအုပ်ကြီးအခန်းမှ ထွက်ခဲ့ပါသည်။ ထို့ကြောင့် တက္ကသိုလ် အာဏာပိုင်များသည် ကျောင်းမှထုတ်ရန် စီစဉ်ကြပါသည်။
ထိုအချိန်တွင် ကျွန်တော်သည် ဘီအေအောင်သဖြင့် ကျောင်းမှထွက်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် တစ်ခုတည်းသော ၀ံသာနုသတင်းစာဖြစ်သည့် “နယူးဘားမား” (The New Burma) တွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်နေပါသည်။
၁၉၃၆ ခု ဖေဖော်ဝါရီ ၂၅ ရက်ထုတ် သတင်းစာများတွင် “ကိုအောင်ဆန်းကိုလည်း ကျောင်းထုတ်လိမ့်မည်” ဟူသော သတင်းကို ဖတ်ရပြီးနောက် ကျွန်တော်သည် တ၊ က၊ သ သို့ သွားပါသည်။ ကျွန်တော် ရောက်သွားချိန်တွင် ကျောင်းသားထု အစည်းအဝေး ကျင်းပရန်စီစဉ် နေကြပါသည်။ မကျေနပ်မှု၊ နစ်နာမှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသော ကျောင်းသားများသည် “သပိတ်မှောက်မယ်ကွ” ဟု ကြွေးကြော်ကြကာ တ၊ က၊ သ ခန်းမသို့ တဖွဲဖွဲ ရောက်ရှိလာကြပါသည်။
ဥက္ကဋ္ဌကိုနုနှင့်အချို့ တ၊ က၊ သ ခေါင်းဆောင်များသည် ကျောင်းသားထုတရပ်လုံး သပိတ်မှောက်ခြင်းကို မလိုလား၊ မိမိတို့အမှုဆောင်များသာ စာမေးပွဲကို သပိတ်မှောက်မည်ဟု ဆုံးဖြတ်ထားကြပါသည်။ သို့သော်လည်း နိုးကြားတက်ကြွနေသော ကျောင်းသားထု၏ တော်လှန်ရေးစိတ်ဓာတ်ကို မည်သူတားနိုင်အံ့နည်း။
အစည်းအဝေးတွင် အခြားပုဂ္ဂိုလ် တစ်ယောက် နှစ်ယောက်လောက် စကားပြောပြီးသောအခါ အောင်ဆန်းထပါသည်။ ပရိသတ်၏ သြဘာသံကား နားကွဲလုမတတ် မြည်ဟည်းသွားပါသည်။ မြန်မာဘာသာဖြင့် ပြောရန် စလိုက်ရာ ကုလားကျောင်းသား တစ်ယောက်က “အင်္ဂလိပ်လိုပြောပါ။ ကျွန်တော်တို့ မြန်မာစကား ကောင်းကောင်းနားမလည်ဘူး” ဟု ပြောသဖြင့် အောင်ဆန်းသည် အင်္ဂလိပ်ဘာသာဖြင့် ပြောရပါတော့သည်။
ထိုနေ့က အောင်ဆန်း၏ ပြောပုံဆိုပုံသည် အထက်တွင် ဖော်ပြခဲ့သော စကားရည်လုပွဲ၌ ပြောဆိုပုံနှင့် ဆီနှင့်ရေ ကွာဘိသကဲ့သို့ ကွာခြားနေပါသည်။ အင်္ဂလိပ်စကားကို ရေရေလည်လည် နိုင်နိုင်နင်းနင်း ပြောဆိုနိုင်ရုံမက အချက်အလက် များသည်လည်း ထိလှမိလှရကား ကြားရသူများအဖို့ ကြက်သီးမွေးညင်း ထစရာပင်။
လေးနှစ်(၁၉၃၂မှ ၁၉၃၆) အတွင်း အောင်ဆန်း၏ တိုးတက်မှုသည် ချီးကျူးလောက်ပေသည်။ ထိုသို့ တိုးတက်လာသည်မှာ အခြားကြောင့်မဟုတ်၊ အောင်ဆန်းသည် ကျောင်းပိတ်ရက်များအတွင်း အလကားမနေဘဲ အက်ခ်မန်းဘာ့ခ် (Edmund Buke)၊ ဒစ်စ်ရေလီ (Dis- raeli) စသော အင်္ဂလိပ်ပါလီမန် ရာဇ၀င်တွင် ထင်ရှားကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ မိန့်ခွန်းများကို အလွတ်လောက် နီးနီးရအောင် ဖတ်ထားသောကြောင့် ဖြစ်ပေသည်။
ကျောင်းသား လေးငါးယောက်လောက် စကားပြောပြီးသောအခါ အားလုံးတညီတညွတ်တည်း တက္ကသိုလ်ကို သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ အချို့ကျောင်းသားများသည် စိတ်မရှည်နိုင်တော့ဘဲ “ဘာလေရှည်နေတာလဲ၊ မြန်မြန်ဆင်းကြ” ဟု ဟစ်အော်၍ အသင့်စောင့်နေသော ဘတ်စ်ကားများပေါ်သို့ ပြေးတက်ကြပါသည်။ ထို့နောက် တက္ကသိုလ်နယ်မြေကို လှည့်ပတ်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီးနောက် သပိတ်စခန်းပြုလုပ်မည့် ရွှေတိဂုံဘုရားသို့ ချီတက်ကြပါသည်။ ကျောင်းသူအချို့လည်း လိုက်ပါလာကြပါသည်။ ကျောင်းအုပ်ကြီး၏ “အချော်များ” ကား သပိတ်မှောက်သူများကို လှောင်ပြောင်၍ နေရစ်ခဲ့ကြပါသည်။ အချို့မပြတ်သားသော ကျောင်းသားများသည်လည်း ရွှေတိဂုံဘုရား ရောက်ပြီးမှ ကျောင်းသို့ ပြန်သွားကြပါသည်။ သို့သော်လည်း ၎င်းတို့ဦးရေမှာ မများလှပေ။
သပိတ်အင်အားသည် အားရဖွယ်ကောင်းပါသည်။ ကျောင်းသားများ၏ မျိုးချစ်စိတ်နှင့် ရဲဘော်စိတ်တို့သည် ချီးကျူးလောက်ပေသည်။ မျိုးချစ်ပုဂ္ဂိုလ်များနှင့် အမျိုးသား သတင်းစာများကလည်း သပိတ်သမားများကို အားပေးကူညီ ကြပါသည်။ နာမည်ကျော် ကာတွန်းဆာကြီး ရွှေတလေးခေါ် ဦးဘကလေးက သတင်းစာ တစ်စောင်တွင် ကာတွန်းရေးဆွဲပြီး
“မာစတာ ဆလော့တဲ့ဆရာ
အာဏာပါဏာပြခဲ့တာ။
သပိတ်ကို ညီညီညာညာ
မှောက်လိုက်ကြစို့ ဒီတခါ” စသည်ဖြင့် ဖော်ပြလိုက်ပါသည်။
အတက်ကြွဆုံး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များတွင် အောင်ဆန်းပါဝင်ခဲ့သည်ကို အထူးဖော်ပြရန် လိုမည်မထင်ပါ။ ထိုသို့ ပါဝင်ခဲ့သည့်အတွက် အောင်ဆန်းသည် ထိုနှစ်စာမေးပွဲ (ဘီ-အေ အထက်တန်းစာမေးပွဲ) ကို မဖြေနိုင်ဘဲ နောက်နှစ်(၁၉၃၇)မှာမှ ဖြေဆိုရပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် အောင်ဆန်းအဖို့ တစ်နှစ်ပုပ်သွားပါသည်။ အချို့သပိတ် ခေါင်းဆောင်များသည် ကျောင်းသားထုရှေ့တွင် လက်သီးလက်မောင်းတန်း၍ အာဘောင်အာရင်းသန်သန်ဖြင့် ဟောပြောကြသော်လည်း ကွယ်ရာတွင် စာခိုးကျက်ကြသည်ဟု သိရပါသည်။ အောင်ဆန်းသည်ကား မည်သည့်အခါမှ လုပ်ငန်းအပေါ်တွင်၎င်း၊ ရဲဘော်ရဲဘက်များ အပေါ်တွင်၎င်း သစ္စာမဖောက်ချေ။
တက္ကသိုလ်သပိတ်သည် ဟိုက်စကူး ကျောင်းများသို့လည်း ကူးစက်သွားလေသည်။ သပိတ်၏ ကျေးဇူးကြောင့် တက္ကသိုလ် အာဏာပိုင်များသည် ထုတ်ထားသော ကျောင်းသားများကို ပြန်၍ လက်ခံရသည့်ပြင် အုပ်ချုပ်ရေး အဖွဲ့တွင်လည်း ကျောင်းသားကိုယ်စားလှယ်များကို လက်ခံရပါတော့သည်။ အင်္ဂလိပ်လူမျိုးကျောင်းအုပ် မစ္စတာဆလော့စ် နုတ်ထွက်သွားရ၍၊ မြန်မာအမျိုးသားဆရာကြီး ဦးဖေမောင်တင် ကျောင်းအုပ်ဖြစ်လာပါသည်။ မြန်မာအမျိုးသားများ အနေဖြင့် ပထမဆုံးအကြိမ် တက္ကသိုလ်ကျောင်းအုပ် ဖြစ်ခြင်းပေတည်း။ ထို့ပြင်ဗြိတိသျှအစိုးရသည် ကျောင်းသားကိစ္စကို လစ်လျူရှုမထားရဲဘဲ တရားဝန်ကြီးဆာမြဘူး ခေါင်းဆောင်သော စုံစမ်းရေးကော်မရှင် တစ်ခုဖွဲ့၍တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ရန် စီစဉ်ရပါတော့သည်။ ထိုကော်မရှင်တွင် ကျောင်းသား ကိုယ်စားလှယ်အဖြစ်အောင်ဆန်း ၀င်ရောက်ဆောင်ရွက်ရပါသည်။
အခြားအရေးကြီးသော ရလဒ်တစ်ခုမှာ ကောလိပ်ကျောင်းသားများနှင့် ဟိုက်စကူး ကျောင်းသားများ စည်းလုံးညီညွတ်လာ၍ “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ” ဟု ပေါ်လာခြင်းဖြစ်ပါသည်။ အထက်ကျော် ကာရီကမူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားအဖွဲ့အစည်းဟူ၍ မရှိခဲ့ဘူးပေ။
အောင်ဆန်းသည် ထိုနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ၊ နောက်နှစ်တွင် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပါသည်။
၁၉၃၆ ခုနှစ် ကျောင်းပြန်ဖွင့်သောအခါ အောင်ဆန်းသည် တ၊ က၊ သ ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပါသည်။ ဥက္ကဋ္ဌမှာ ၀န်ကြီးဟောင်း အမ်၊ အေ၊ ရာရှစ်ဖြစ်ပါသည်။ ရာရှစ်သည် ကုလားလူမျိုးဖြစ်သဖြင့် ကျဉ်းမြောင်းသော အမျိုးသားရေး စိတ်ဓာတ်ရှိသည့် ကျောင်းသားများက ရာရှစ်ကို ဥက္ကဋ္ဌမတင်လိုကြပါ။ အမြင်ကျယ်သော အောင်ဆန်းကား ဘာသာမရွေး၊ လူမျိုးမရွေး ထိုက်သင့်သူကို ထိုက်သင့်သည့် နေရာပေးရမည် ဆိုသည့်မူကို အမြဲစွဲကိုင် ထားသည့်အတိုင်း ရာရှစ်ကို ဥက္ကဋ္ဌ တင်လိုသူဖြစ်ပါသည်။ အောင်ဆန်းသည် ကုလားထိုင်လုလိုသူ မဟုတ်ပါ။ လုပ်ငန်းအောင်မြင်မှု တစ်ခုတည်းကိုသာ ရှေ့ရှုသူဖြစ်ပါသည်။ ကျဆုံးသည့်နေ့အထိ အောင်ဆန်းတွင် ထိုစိတ်ဓာတ် အပြည့်အ၀ရှိပါသည်။ ထိုစိတ်ဓာတ်(၀ါ) သဘောထားကြီးမှုကြောင့်ပင် သူ၏လုပ်ဆောင်ချက်များ အောင်မြင်ခြင်း ဖြစ်ပေသည်။
ကျောင်းသားခေါင်းဆောင် ဘ၀ကပင် အောင်ဆန်းသည် တိုင်းပြည် လွတ်လပ်ရေးအတွက် ပြင်ဆင်နေသူ ဖြစ်ပါသည်။ ပြင်ဆင်ရာ၌ အဖက်ဖက်မှ ပြင်ဆင်ခြင်းဖြစ်သည်။ ခေါင်းဆောင်မှုပေးနိုင်အောင် ပညာအရည်အချင်းနှင့် ပြည့်စုံစေရန် ပြင်ဆင်ရုံမက လွတ်လပ်ရေးတိုက်ပွဲ တစ်လျှောက်တွင် တွေ့ကြုံခံစားရမည့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နိုင်ရန်လည်း ပြင်ဆင်သည်။
ကျောင်းသားခေါင်းဆောင် အနေဖြင့် တ၊ က၊ သ တွင် အိပ်၊ တ၊ က၊ သ တွင် စားသည်က များပါသည်။ အိပ်သောအခါ မွေ့ယာ၊ ကုတင်ပေါ်မှာမအိပ်။ တန်းလျားခုံပေါ်မှာ ခြုံစရာ ခင်းစရာမပါဘဲ အိပ်လေ့ရှိသည်။ တ၊ က၊ သ၏ ဖွားဖက်တော် အစောင့်ဦးကံသိန်းက မကြည့်ရက်သဖြင့် အိပ်ရာခင်းပေးသောအခါ “ကျုပ်ကနိုင်ငံရေး လုပ်မယ့်သူ၊ ထောင်ထဲက ထွက်ရမှာမဟုတ်ဖူး။ ဒါကြောင့် ခုကတဲက ကျင့်နေတာ” ဟုပြော၍ လက်မခံပေ။ ကျောင်းပိတ်ရက်များအတွင်း တောလက်ကျေးရွာများသို့ သွားရောက်လေ့လာ၍ ပြန်ရောက်လျှင် သွေးချင်းသားချင်းများ ဖြစ်ကြသော တောင်သူလယ်သမားများ မည်မျှဆင်းရဲကြပုံကို ပြောပြလေ့ရှိသည်ဟု ဦးကံသိန်းက ကျွန်တော့်အား ပြောဘူးပါသည်။
နိုင်ငံရေး အစစ်အမှန်ဟူသည် စည်းစိမ်ရှိသည့် အလုပ်မဟုတ်၊ ဒုက္ခအတိ ပြည့်နှက်နေသည်ကို အောင်ဆန်းကောင်းစွာ သိသည်။ သိသည့်အတိုင်း ထိုဒုက္ခများကို ရင်ဆိုင်နိုင်ရန် ကျောင်းသားဘ၀ကပင် ပြင်ဆင်ခဲ့သည်။ အောင်ဆန်းသည် မျက်စေ့ကန်းတစ္ဆေမကြောက်၊ မိုက်ရူးရဲလုပ်တတ်သူ မဟုတ်ပေ။
အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒတို့ကို သင်ယူခဲ့သော အောင်ဆန်းသည် ၁၉၃၇ ခုနှစ် မတ်လတွင် ဘီအေစာမေးပွဲကို အောင်မြင်ပါသည်။ ဘီအေအောင်သည်အထိ စာမေးပွဲတခါမှ မကျဘူးပေ။ သို့သော်လည်း နောက်နှစ်တွင်ကား ကျောင်းသားကိစ္စ နိုင်ငံရေးကိစ္စတို့ကို အချိန်ပြည့်ဆောင်ရွက် နေရသည်ဖြစ်ရာ စာကျက်ချိန် မရသဖြင့် ဘီအယ်လ် (ဥပဒေပညာ) ပထမနှစ်စာမေးပွဲတွင် ရှုံးပါသည်။ အောင်ဆန်း၏ ပထမအကြိမ်ရှုံးခြင်းနှင့် နောက်ဆုံးအကြိမ် ရှုံးခြင်းပေတည်း။
ထိုနှစ် ၁၉၃၇-၃၈ တွင် အောင်ဆန်းသည် တ၊ က၊ သ ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ပင် ဆက်လက် ဆောင်ရွက်ပါသည်။ ဥက္ကဋ္ဌ ဖြစ်ထိုက်သော်လည်း မလုပ်ရသဖြင့် စိတ်ကောက်မသွားဘဲ ပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ပါသည်။
ထို့နောက် ၁၉၃၈-၃၉ တွင် အောင်ဆန်းကို တ၊ က၊ သ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြလေသည်။
Credit - Eleven Media Group
No comments:
Post a Comment