Thursday, February 12, 2015

နတ်မောက်မြို့ ဗိုလ်ချုပ်မွေးနေ့ပွဲ လုံခြုံရေးနှင့် လျှပ်စစ်ပေးနိုင်မှု အားနည်းနေဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ပျော်ပွဲရွှင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ ပရိသတ် များ စည်ကားသိုက်မြိုက်စွာ အားပေးခဲ့ပြီး ပရိသတ်များအား ထိန်းသိမ်းနိုင်ရန် လုံခြုံရေးဝန်ထမ်း၊ လျှပ်စစ်မီးအားစသည်တို့ အားနည်းနေသည်ဟု နတ်မောက်မြို့ကျင်းပရေးဗဟို ကော်မတီဝင် ဦးထွန်းညွန့်က မဇ္ဈိမသို့ ပြောသည်။

“နတ်မောက်က နေ့ခင်းဘက်ဆိုနေ အရမ်းပူတယ်။ ညနေသုံးနာရီလောက်ဆို ပရိသတ်တွေ တော်တော်များများ ပွဲခင်းထဲရောက်နေကြပြီ။ မနက်မိုးလင်း အထိပါပဲ။ သူငယ်ချင်းတွေ
သွားမယ်ဆိုရင် လက်ချင်းချိတ်ပြီးသွားမှရတယ်။ လက်ချင်းပြုတ်သွားတာနဲ့ ပြန်ရှာဖို့ မလွယ်တော့ဘူး။ ဖုန်းကတော့လိုင်းသိပ်မမိဘူး။ လုံခြုံရေးလည်း အရမ်းအားနည်းတယ်။ ဆယ်ဂဏန်းလောက်ပဲရှိတယ်။ နတ်မောက်မြို့က ဒီလိုပွဲ ကျင်းပလိုက်တော့ ကားလမ်းတွေလည်း တော်တော်လေး ပိတ်နေတယ်။ ယာဉ်ထိန်းရဲတွေကလည်း အဓိကကျတဲ့ နေရာမှာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

ပွဲကြည့်ပရိသတ်များသည် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ဖျော်ဖြေပွဲတွင် စာပေဟောပြောပွဲနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲကို ပိုမိုအားပေးလျက်ရှိသည်။ ယင်းစာပေပြောပွဲများကို ပရိတ်သတ်တစ်သိန်းကျော်ခန့် လာရောက်အားပေးနှင့် ပတ်သက်ပြီး ကော်မတီဝင် ဦးထွန်းညွန့်က နတ်မောက်ပရိသတ်များသည် စာပေများကို ပိုမိုစိတ်ဝင်စားလျက်ရှိသည်ဟု သုံးသပ်ပြောဆိုခဲ့သည်။

ယင်းဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ဖျော်ဖြေပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၂ ရက် ညဘက်တွင်နတ်မောက်မြို့သို့ရောက်ရှိမည် ဖြစ်ကာ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းတွင် သံဃာတော်အပါး၁၀၀ခန့်ကို အာရုံဆွမ်းကပ်မည်ဖြစ်ပြီး နံနက် ၇ နာရီ ခန့်တွင် သီတဂူဆရာတော် အရှင်ဥာဏိဿရနှင့်အတူ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် မော်ကွန်းကျောက်စာ ဖွင့်ပွဲပြုလုပ်မည် ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment