Monday, August 4, 2014

မြန်မာကျောင်းဆရာသမဂ္ဂ ကမ္ဘာနှင့်ချိတ်ဆက်ရန်လိုပြီ

[ Opinion ]
မြန်မာကျောင်းဆရာသမဂ္ဂ ကမ္ဘာနှင့်ချိတ်ဆက်ရန်လိုပြီ
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် နိုင်ငံတကာ ပညာရေးသမဂ္ဂများ အဖွဲ့ချုပ် Education International ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံကြီးကို ကျင်းပခဲ့ပါသည်။ အဆိုပါ ၄ နှစ် တစ်ကြိမ်ညီလာခံသို့ EU ၏ အာရှ-ပစိဖိတ်ဒေသမှ အဖွဲ့ဝင်နိုင်ငံများရှိ ပညာရေးသမဂ္ဂများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၄၀၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။ ၂၀၁၃ နှစ် ညီလာခံအတွက် ခေါင်းစဉ်မှာ -
အရည်အသွေးမြင့် လူထုပညာရေး - အာရှ-ပစိဖိတ်ဒေသ လူမှုဘဝနှင့် စီးပွားရေး အနာဂတ်ကို တည်ဆောက်ခြင်း - Quality Public Education - Building Asia-Pacific’s Social and Economic Future. ဟူ၍ ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်တွင်းမှ ပညာရေး ကိုယ်စားလှယ်များလည်း လာရောက်မည်ဟု နိုင်ငံတကာ ပညာရေးသမဂ္ဂများ အဖွဲ့ချုပ် EU ဥက္ကဋ္ဌဖြစ်သူ မစ္စဆူဆန်ဟော့ပ်ဂွတ်က ကြိုတင် အကြောင်းကြားထားခဲ့သည်။ တစ်လအလို ကတည်းကပင် ကျွန်တော့် အတွက်လည်း တက်ရောက် စေလိုကြောင်း ဖိတ်ကြားစာကို လက်ခံရရှိခဲ့ပါသည်။ EU ၏ အာရှ-ပစိဖိတ်ဒေသ ညှိနှိုင်းရေးမှူးချုပ်ဖြစ်သူ မစ္စရှာရှီဆင်းကလည်း ကျွန်တော့်ထံသို့ အီးမေးလ်ပို့ပြီး ပြည်တွင်း တက္ကသိုလ်ကျောင်းဆရာ အသင်းအဖွဲ့များထံမှ တစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိသေးကြောင်း၊ ထို့အတွက် ဆက်သွယ်စုံစမ်းပြီး ခရီးစဉ်အတွက် ကူညီပြင်ဆင် ပေးစေလိုကြောင်း ထပ်မံအကြောင်းကြားခဲ့ပါသည်။
ယခုအကြိမ်တွင် ကျွန်တော်နှင့်အတူ ပြည်တွင်းမှာ တရားဝင် ကျောင်းဆရာကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ တက္ကသိုလ် ဆရာများအသင်း UTA တို့မှ ဆရာများ အတူတကွ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသည့်အတွက် အထူးပင် အားတက်မျှော်လင့်ခဲ့မိသည်။ သို့သော် နိုင်ငံခြား ခရီးသွားလာခွင့်နှင့် နိုင်ငံတကာပညာရေး ညီလာခံများသို့ မြန်မာဆရာများ တက်ရောက်ရန်ခွင့်ပြုမိန့် အချိန်မီ မရရှိခဲ့။ အကြောင်း မညီညွတ်ခဲ့သဖြင့် UTA မှာ ကိုယ်စားလှယ် တက္ကသိုလ်ဆရာတို့ မတက်ရောက်ဖြစ်ခဲ့ပါ။ ဝမ်းနည်းဖွယ် ကောင်းလွန်းလှပါသည်။ အာရှ-ပစိဖိတ် ၃၂ နိုင်ငံမှ ပညာရေးကိုယ်စားလှယ်တို့ စုံညီပွဲတော်တွင် မိမိတို့တိုင်းပြည်အလိုက် ကျောင်းဆရာထု၏ ကြုံတွေ့ခံစားနေရမှုများကို တရားဝင်တင်ပြခွင့် ဆုံးရှုံးခဲ့ရသည်။ အာဆီယံနိုင်ငံများမှ လွတ်လပ်သော ကျောင်းဆရာများသမဂ္ဂ အသင်းကိုလည်း အလံ ၉ ခုနှင့်သာ ဖွဲ့စည်းကျင်းပလျက် ရှိနေဆဲ။ များမကြာမီကာလတွင်တော့ လွတ်လပ်သော မြန်မာ့ပညာရေးသမဂ္ဂ၊ ကျောင်းဆရာ အသင်းချုပ်တို့ ပေါ်ထွက်လာမည်ဟု မျှော်လင့်နေမိသည်။
ညီလာခံတွင် ဒေသတွင်းနိုင်ငံ အသီးသီး၏ ပညာရေး အခြေအနေများ၊ ကလေးသူငယ်များ ကျောင်းတက်ရောက်နိုင်ခွင့်၊ ဆရာဆရာမများ၏ လူမှုဘဝနှင့် အလုပ်အကိုင် အခြေအနေများ၊ ပညာရေးသမဂ္ဂများနှင့် အသင်းအဖွဲ့များအပေါ် ဖိနှိပ်နေမှုတို့ကို အကျယ်တဝင့် တင်ပြဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် အရည်အသွေး ပြည့်မီသော လူထုပညာရေးကို တောင်းဆိုချက်များ၊ နည်းလမ်းများနှင့် သမဂ္ဂများ ဆက်စပ်လှုပ်ရှားနိုင်မှုများကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။
“ဆရာကောင်းတွေဆိုတာ ရေရှည်မှာလည်း အကျိုးရှိကောင်းမွန်တဲ့ ပညာရေးကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်။ ဆိုလိုတာကတော့ အခြားအရာများစွာအနက် ဆရာတွေရဲ့လစာတွေကို တိုးမြှင့်ပေးရမယ်။ ဝေးလံသီခေါင်လှတဲ့ ဒေသများက ဆရာများရဲ့ အလုပ်ကို သွားလာရေး စရိတ်စကတွေ တိုးမြှင့်ပေးရမယ်။ လူငယ်တွေဟာ ကျောင်းဆရာ အလုပ်အကိုင်ကို ဝင်ရောက် လုပ်ကိုင်လိုစိတ် ရှိလာအောင်နဲ့ ရေရှည်လုပ်လိုစိတ် ရှိနေအောင်လို့ မက်လုံးတွေပိုပြီး ထားပေးရမယ်” ဟု မလေးရှား ပညာရေးဒု-ဝန်ကြီးက အာရှ-ပစိဖိတ် ကျောင်းဆရာသမဂ္ဂများ ညီလာခံ အဖွင့်မိန့်ခွန်းတွင် သတိပေး ပြောကြားခဲ့ခြင်းမှာ အားရစရာကောင်းလှသည်။
တစ်ကမ္ဘာလုံးရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ အရည်အသွေး ပြည့်ဝသော ပညာရေးကို ခံစားခွင့်ရရှိရေးတို့အတွက် နိုင်ငံတိုင်းရှိ ကျောင်းဆရာသမဂ္ဂများမှာ အခရာကျနေသည်ဟု ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ကြသည်။ တစ်ဆက်တည်းမှာပင် လုပ်ငန်းတာဝန်များကိုလည်း ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။
ဆရာအတတ်ပညာရေးအတွက် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ရှိမှသာလျှင် အရည်အသွေး ပြည့်မီသော ပညာရေးကို ရရှိနိုင်ပါမည်။ ဆရာ့လစာ တိုးမြှင့်ပေးရမည်။ လုပ်ငန်းခွင်နှင့် စာသင်ကျောင်းများ အခြေအနေ၊ သင်တန်းများစသည်တို့ကို မြှင့်တင်ပေး ရပါလိမ့်မည်။
ကျောင်းဆရာ အလုပ်အကိုင် တန်ဖိုးများ မြှင့်တင်ရေးမှာ အဓိကကျသော လုပ်ငန်းတစ်ရပ်ဟု ဆိုရပါမည်။ ဆရာ့အရည်အသွေးနှင့် လူမှုစီးပွား အဆင်ပြေမှသာလျှင် ပညာရေး အရည်အသွေးလည်း တိုးတက်နိုင်မည် မဟုတ်ပါလား။
ပညာရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် လွတ်လပ်သော ကျောင်းဆရာသမဂ္ဂများ ပေါ်ထွက်လာမှသာလျှင် ပြီးပြည့်စုံပါမည်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ ပညာရေး စနစ်တို့အတွက် မရှိမဖြစ် စံနှုန်းတိုင်းတာချက် အနေနှင့်လည်း ဆိုနိုင်ပါသည်။ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေး၊ ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ ပညာရေးမူဝါဒများ ချမှတ်ရေးစသည့် အရေးကြီးသော ပညာရေးလုပ်ငန်းများတွင် ကျောင်းဆရာများ ပါဝင်လှုပ်ရှားနိုင်ခွင့် မရှိမဖြစ် လိုအပ်သည်။ မိသားစု လက်တွေ့ဘဝများနှင့် စာသင်ခန်းများအတွင်းမှ အသံများ၊ တောင်းဆိုချက်များဖြင့် ပိုမိုလက်တွေ့ကျသော ပညာရေးမူဝါဒများကို ချမှတ်နိုင်ပါလိမ့်မည်။ အကောင်အထည် ဖေါ်ရာတွင်လည်း မြန်ဆန်ထိရောက်နိုင်ပါမည်။
မြန်မာကျောင်းဆရာများသည် အပြည်ပြည်ဆိုင်ရာ ပညာရေးလှုပ်ရှားမှု များတွင်လည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။ နောင်အနာဂတ် နိုင်ငံတကာ ပညာရေးသမဂ္ဂ ညီလာခံများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု လွတ်လပ်သော ကျောင်းဆရာသမဂ္ဂများ ပေါ်ထွက်လာပြီး တက်ရောက်နိုင်ခွင့်ကို ကျွန်တော် မျှော်လင့်ပါသည်။
သိန်းနိုင် (မောက္ခပညာရေး)
မူရင်း - The Voice Weekly

No comments:

Post a Comment