Monday, July 6, 2015

စစ်အစိုးရခေတ် သစ်တောဝန်ကြီးဘ၀ အပျော်ရွှင်ဆုံးဟုဆိုသည့် ၀န်ကြီးချုပ် ဦးသိန်းအောင် ဇာတိ အင်္ဂပူမဲဆန္ဒနယ်မှပင် ၀င်ပြိုင်မည်

 ပုသိမ်မှာဝင်ပြိုင်ရင် ရှုံးသွားမှာပေါ့ … တိုင်းဒေသကြီးအဆင့်ပဲ ၀င်ပြိုင်မှာပါ .. ပြည်ထောင်စုအဆင့် မမှန်းပါဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုသိမ်၊ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ် ဦးသိန်းအောင်က လာမည့် ၂၀၁၅ရွေးကောက်ပွဲ တွင် ယခင်အနိုင်ရ မဲဆန္ဒနယ်ဖြစ်သော အင်္ဂပူမြို့နယ်တွင် ပြန်လည် ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်သည့် ကာလများအနက် သစ်တောဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရသည်အချိန်မှာ အပျော်ရွှင်ဆုံးဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ်ရာထူးဖြင့် အနားယူခဲ့သူ ၀န်ကြီးချုပ် ဦးသိန်းအောင်က ဇွန်လ ၂၅ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဝန်ကြီးချုပ်ဦးသိန်းအောင်မှာ စစ်အစိုးရ လက်ထက်တွင် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး၂၀၁၀ခုနှစ်တွင် အင်္ဂပူမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက်တပ်မှ အနားယူခဲ့ကာ ဧရာဝတီတိုင်း အားစင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင်လုပ် ဆောင် သွားမည်ဟု ကြွေးကြော်ထားသူလည်းဖြစ်သည်။…

““လာမယ့်ရွေးကောက်ပွဲမှာ အင်္ဂပူမြို့နယ်ကပဲ ၀င်ပြိုင်မှာပါ၊ ပုသိမ်မှာဝင်ပြိုင်ရင် ရှုံးသွားမှာပေါ့။ တိုင်းဒေသကြီး အဆင့်ပဲ ၀င်ပြိုင်မှာပါ။ ပြည်ထောင်စုအဆင့် မမှန်းပါဘူး။ ပြည်သူနဲ့ ပါတီကတာဝန် ပေးလာရင်တော့ ၀န်ကြီး ချုပ်အထိ ဆက်လက် ဆောင်ရွက်ပါမယ်၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ကတော့ ၂၀၁၀ က အတိုင်း အပြောင်းအလဲ မရှိနိုင်ပါဘူး။ ပြည်သူနဲ့ပါတီကလက်မခံတဲ့ လူတွေကိုတော့ လူစားလဲသွားမှာပါ၊ နိုင်ငံ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်လျှောက်မှာ သစ်တောဝန်ကြီးဘ၀မှာ အပျော်ဆုံးပဲ။ အကျေနပ်ဆုံးကတော့ အခု ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရတာကိုပဲ””ဟု ၀န်ကြီးချုပ်ဦးသိန်းအောင်က မြန်မာသံတော် ဆင့်သို့ပြော သည်။

လာမည့်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၌ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် လာရောက်အရွေး ချယ်ခံကာ ၎င်းအား ၀န်ကြီးချုပ်အဖြစ်လျာထားပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းနှင့် ပတ်သက်၍လည်း ““သိပ်တော့ မသေချာပါဘူး။ နေပြည်တော်ကပဲ အရွေးခံမယ်ထင်တယ်””ဟု ၀န်ကြီးချုပ် ဦးသိန်းအောင်က ဆိုသည်။

ဦးသိန်းအောင်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက စစ်အစိုးရလက်ထက် သစ်တောရေးရာဝန်ကြီး တာဝန်ဖြင့် ၎င်း၏မဲဆန္ဒနယ် အင်္ဂပူမြို့နယ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြံ့ခိုင်ရေးအသင်း ခေါင်း စဉ်ဖြင့် ငွေကျပ် သိန်းပေါင်း ၅သောင်းခန့် အကုန်အကျခံကာ ဆောင်ရွက် ခဲ့ခြင်း၌ ကျောင်းဆောင်သစ်ပေါင်း ၉၀၊ ကျောင်းပေါင်း ၄၄ ကျောင်းပြင် ဆင်ခြင်း၊ ဆေးရုံ ၄ခုဆောက်လုပ်ခြင်း၊ တံတားပေါင်းအစင်း ၃၀ ကျော် ဆောက်လုပ်ပေးခြင်း၊ မီးသတ်ယာဉ် ၃ စီး၊ မြို့နယ်သာသနာ့ဗိမာန်ကြီး ၁ ခု၊ စာကြည့်တိုက် ၁၃ ခု၊ အ၀ီစိတွင်း ၈၆ တွင်း၊ မီးသဂြုင်္ိလ်စက် ၁ခု၊ မြို့တော်ခန်းမ ၂ ခု၊ စေတီတော် ၈ဆူ၊ ဘုန်းတော် ကြီးကျောင်းနှင့် သိမ်များ ၄၂ ခု အပါအ၀င်ဖြစ်ပြီး အချို့အဆောက်အဦးများ၌ စီးပွားရေးလုပ်ငန်းရှင် သစ်ကုန်သည်များလည်း ပါဝင်လှူဒါန်း ခဲ့ကြသည်။ အထူးသဖြင့် ထူးကုမ္ပဏီဦးတေဇသည် သစ်တောဝန်ကြီးဦးသိန်းအောင် ဦးဆောင်စီစဉ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်း အတွက် ငွေကြေးအကန့်အသတ် မရှိ ပါဝင်လှူဒါန်းပေးခဲ့သည်။

ဦးသိန်းအောင်မှာ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာအတွင်း ဒေသခံ များ စုပေါင်းကန့်ကွက်နေသည့် ငရုပ်ကမ်းခြေဒေသ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်ရန် အေ၀မ်းကုမ္ပဏီက လုပ်ဆောင်နေမှုအား အကောင် အထည်ဖော်နိုင်ရန် တွန်းအားပေး လုပ်ဆောင်မှုများရှိခဲ့ပြီး စက်မှုဇုန်များ အကောင်အထည် ဖော်နိုင်ရန် စီမံကိန်းလုပ်ခွင့်ရ ကုမ္ပဏီများ အားမြေကွက်များရောင်းကြရန် လယ်သမားများ အား တိုက်တွန်းခဲ့သူလည်းဖြစ်သည်။ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၄နှစ်တာကာလအတွင်း ပညာ ရေးမြှင့်တင် မှုကဏ္ဍ၌ ၃၀-၄၀ရာခိုင်နှုန်းအထိ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အလုပ်အကိုင် အခွင့်အလမ်းဖန်တီးနိုင်မှု ကဏ္ဍတွင်၂၀ရာခိုင်နှုန်းခန့် သာ အောင်မြင်ခဲ့ကြောင်း၊ လယ်ယာကဏ္ဍတွင်မူ မျှော်မှန်း ထားသလောက် အောင်မြင်မှုမရရှိခဲ့ကြောင်း ၀န်ကြီးချုပ်ဦးသိန်းအောင်က ဆိုသည်။

ဦးသိန်းအောင်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဧရာဝတီတိုင်းအတွင်း လယ်ယာမြေနှင့်အင်းအိုင် ငါးကန် ပြဿနာများ မကြာခဏဆိုသလို ဖြစ်ပေါ် လျက်ရှိပြီး မူလပိုင်ရှင် လယ်သမားများမှာ လယ်မြေများ ဆုံးရှုံးနေရ သည့်အပြင် တရားစွဲဆိုခံရခြင်း၊ ထောင်ဒဏ်အပြစ်ပေးခံရခြင်းများနှင့်သာ ကြုံတွေ့နေရသည့်ဒေသခံ နိုင်ငံရေး အဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် တပ်မတော်အရာရှိဟောင်း အချို့သည်လည်း မိမိ၏ မဲဆန္ဒ နယ်မြေမဟုတ်သော နယ်ဘက်မြို့ငယ် များမှ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေကြောင်း သက်ဆိုင်ရာမြို့နယ် မြို့ခံ များထံမှ သတင်းများထွက် ပေါ်လျက်ရှိသည်။

ရဲရင့်ထွန်း (ပုသိမ်)

- စစ်အစိုးရခေတ် သစ်တောဝန်ကြီးဗိုလ်မှူးချုပ် သိန်းအောင် (ယခုဝန်ကြီးချုပ်) အင်္ဂပူမြို့နယ်သို့ ကွင်းဆင်းစဉ်

- ၀န်ကြီးချုပ်ဦးသိန်းအောင်ကို တိုင်းဒေသကြီးအစိုးရရုံး၌ တွေ့ရစဉ် 


ဓာတ်ပုံ-မောင်ရေစက်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment