Sunday, July 5, 2015

ကိုယ်တိုင်ဂျာနယ်ထုတ်ဝေခွင့် လျှောက်ထားခဲ့ဖူးသော သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ဆောင်းပါး NCA မူကြမ်းကို မပြင်ဆင်ဘဲ လက်မှတ် ထိုးရန် နှပ်ကြောင်းပေးခြင်းဖြစ်

 ရန်ကုန်၊ ဇွန် ၃၀

အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းတွင် Seize The Moment For Peace ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇွန် ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ““ငြိမ်းချမ်းရေးအတွက် လက်မလွှတ် သင့်သည့် အခါကောင်း”” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရေးသား ခဲ့သော ဆောင်းပါးပါ ဖော်ပြချက်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု များနှင့် နောက်ဆုံးအကြိမ် သဘောတူညီထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းကိုသာ အတည်ပြု သဘောတူ စေလိုသည့် ရေးသားမှုများသာ ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ဇွန်လ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြားလိုက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက 7 Day Daily သို့ ပေးပို့သည့် ဆောင်းပါးတွင် ““ယခင်က အခြားသော ငြိမ်းချမ်းရေး သဘောတူညီချက်များအကြား အခြားကွာခြားချက် တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အစိုးရက သဘောတူစေလိုသည့် အချက်များကို ချပြပြီး တိုင်းရင်းသား အဖွဲ့များက သဘောတူ
လိုက်ရသည့် ပုံစံမျိုး မဟုတ်ဘဲ အစကနဦး ဆွေးနွေးမှုများမှစတင်ကာ စာလုံးတစ်လုံးချင်း အသုံးအနှုန်း၊ စာကြောင်းတစ်ကြောင်း ဖွဲ့စည်းပုံမှ စတင်၍ မူကြမ်းတစ်ခုလုံး ပြီးဆုံးသည်အထိ နှစ်ဖက်အဖွဲ့များ နာရီပေါင်း ထောင်သောင်းများစွာ အချိန်ပေး၍ အပြန်အလှန် အကြိမ်ကြိမ် ညှိနှိုင်းပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ် သည်””ဟုပါရှိသည်။

ထို့ပြင် ““လက်ရှိရရှိထားသော အပစ်အခတ် ရပ်စဲရေးမူကြမ်းမှာ လုံးဝပြီးပြည့်စုံသော သဘောတူညီချက် တစ်ရပ်မဖြစ်သေးပါ။ သို့နှင့်တိုင်လုံးဝ ပြီးပြည့်စုံသော အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာလည်း တစ်ကမ္ဘာလုံးတွင် ဘယ်တုန်းကမျှ မရှိခဲ့သည်ကို သတိချပ်ရန်လိုပါသည်။ သို့ဖြစ်ရာ ဤစာချုပ်မူကြမ်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို မထိပါးသည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ပြုလုပ်နိုင်သည့် ဖြစ်စဉ် တစ်ခုကို စတင်ပေးနိုင်မည့် ပထမခြေလှမ်းအဖြစ် ယူဆနိုင်ပါသည်””ဟူ ၍လည်း ထည့်သွင်းရေးသား ထားသည်။

““သူ့ရဲ့ဆောင်းပါးကို တွေ့မိတယ်ဗျ။ တစ်ဖက်က အဲဒီလိုပြောပေမယ့် တစ်ဖက်ကတော့ လော်ခီးလာ ထိပ်သီး အစည်းအဝေးရဲ့ ပြင်ဆင်မှုတွေ NCA မူကြမ်းအပေါ်မှာ ပြင်ဆင်မှုတွေကို လက်မခံဘူး။ ဆက်လက်ပြီးတော့ အပြီးသတ် ဆွေးနွေးသွားဖို့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့သစ်ကိုလည်း ဒီနေ့အထိ လက်မခံသေးဘူး။ အန်ကယ်တို့ NCA မူကြမ်းကို လက်မှတ် မထိုးခင်တုန်းက ပြောထားသားပဲ။ မီဒီယာကိုလည်း ပြောတယ်။ နှစ်ဖက် သဘော တူညီမှုမှာ လက်မှတ် ထိုးထားတာလည်း ရှိတယ်။ NCCT အနေနဲ့ NCA မူကြမ်းကို လက်မှတ် ထိုးပေမယ့် ဒါက အတည်မဟုတ်သေးဘူး။ အဲဒီလို အန်ကယ်တို့ ပြောထားတယ်။ သူတို့လည်း ကောင်းကောင်း နားလည်တယ်။ အဲဒီလိုရှိရဲ့သားနဲ့ဗျာ။ ခုကတော့ မပြင်လိုတော့ဘူးဆိုတဲ့ ပုံစံမျိုးကတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်တယ်။

ထပ်မံဆွေးနွေးဖို့၊ ပြင်ဆင်ဖို့ အဖွဲ့တစ်ခုဖွဲ့တာကိုလည်း လက်မခံချင် ဘူးဆိုတော့ ဟိုတုန်းက တစ်မျိုး ပြောထားရဲ့သားနဲ့ ခုလို အကျပ်ကိုင် တာမျိုးကတော့ နောင်မှာဆိုရင်လည်း ယုံကြည်ဖို့ တော်တော်လေး ခဲယဉ်းသွားပြီ””ဟု NCA မူကြမ်း လက်မှတ်ရေးထိုးခဲ့စဉ်က ပါဝင်ရေးထိုးခဲ့သူ NCCT မှ ဦးနိုင်ဟံသာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တို့ မတ်လ ၃၁ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့သော NCA မူကြမ်းကို ဇွန်လ ၂ ရက်မှ ၇ ရက်အထိ ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေ လော်ခီးလာ၌ ထိပ်သီး ခေါင်းဆောင်များ ပြန်လည် သုံးသပ်ခဲ့ကြပြီး မူကြမ်းပါ အချက်အချို့ကို ပြန်လည်ပြင်ဆင် ဖြည့်စွက်ကာ NCA အပြီးသတ် ဖြစ်ပေါ်လာရေးအတွက် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

““ခု ၁၅ ဦး ကိုယ်စားလှယ်မှာလည်း NCCT က ကိုယ်စားလှယ်တွေ ပါတာပဲလေ။ သူတို့ဘက်က စိုးရိမ်နေသလို ငြိမ်းချမ်းရေး နောက်ပြန် ဆွဲမှာတို့၊ NCA ကို အစအဆုံး ပြန်ဆွေးနွေးမှာတို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်ကလည်း ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်နိုင် ဖို့ပဲကိုး။ ဒီနေ့ပြောတဲ့ အနေအထားမှာ ကြားသိ ရသလောက်ကတော့ သမ္မတရှေ့မှာ နှစ်ဖက်လက်မှတ်ရေးထိုး ထားပြီးဖြစ်တဲ့အတွက် သမ္မတရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေမလားပေါ့။ အဲဒီလို စိုးရိမ်မှုရှိတယ်လို့ သိရတယ်။ ငြိမ်းချမ်းရေး ဖြေရှင်းမှတော့ အဲဒီလိုမျိုးတော့ မရှိသင့်ဘူးလို့ထင်တယ်””ဟု ၁၅ ဦး အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၌ ပါဝင်သူ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောသည်။

အဆိုပါ ၁၅ ဦး အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆို ထားသော်လည်း အစိုးရဘက်က လက်ရှိအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

အဆိုပါကော်မတီ၏ အစည်းအဝေးကို ဇူလိုင်လ ၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်မည် ဖြစ်ပြီး သမ္မတရုံး ၀န်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ဖြစ်သည်။

““အလွတ်သဘောတွေ့ဖို့တော့ ပြင်ဆင်နေပါပြီ။ အစိုးရဘက်က ပြောတာက ၁၆ လလုံးလုံး ဆွေးနွေးထား တယ်။ ဆွေးနွေးထားတဲ့ ကိစ္စကလည်း ဒီဘက်က ဆွေးနွေးတဲ့ ကိစ္စက UPWC နဲ့ ဆက်ဆွေးနွေးရမှာ။ ဟိုဘက်က ပြင်ဖို့လို့ ဆွေးနွေးမယ်ဆိုရင်လည်း ဆွေးနွေးမယ်။ ဒီဘက်ကလူက ဒီလူပဲ။ ဒါလည်း ဘာမှတော့ ပိုမထူးဆိုတဲ့ သဘောပေါ့ဗျာ။ အခုပြောနေတဲ့ အဆင့်မြင့် အဖွဲ့ကလည်း အဆုံးအဖြတ် မပေးနိုင်ဘူးလို့ ဦးနိုင်ဟံသာတို့က ပြောနေတော့ NCCT နဲ့ဆွေးနွေးပြီးပြီ။ ခုလည်း အဆုံးအဖြတ် မပေးနိုင်တဲ့အဖွဲ့နဲ့ ဆွေးနွေးရင် ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားစရာရှိမှာပေါ့””ဟု UPWC မှ ဦးလှမောင်ရွှေက မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ ဦးအောင်မင်း ဆောင်းပါးကို စာရေးဆရာကြီး ဦးကျော်ဝင်း ဘာသာပြန်ပေးရသည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းကိုလည်း-

““မဟုတ်ပါဘူး။ ကျွန်တော် ဆေးရုံကဆင်းတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်””ဟု စာရေးဆရာ ကျော်ဝင်း က ဇူလိုင် ၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ၎င်း၏ဆောင်းပါး ထည့်ပေးရန်အတွက် 7 Day Daily သတင်းစာကို ဖိအားပေးခဲ့ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ-

““ကျွန်တော်တို့ ပထမရက်မှာ မတရားအသင်းက ပယ်ဖျက်တဲ့ သတင်းတစ်ပုဒ် ထုတ်ရေးလိုက်တယ်။ နောက်နေ့ ကျတော့ သူတို့ရုံးအဖွဲ့ (MPC)က သုံးချင်လို့ရှိရင် သူတို့မှာ ဘာသာပြန်ပြီးသား ရှိတယ်ပေါ့။ ကျွန်တော်တို့ကလည်း သတင်းစာရဲ့ Opinion ကဏ္ဍမှာ အတွေးအခေါ် ပေါင်းစုံကို ပါစေချင်တော့ ပုံမှန် ကတော့ ပင်တိုင်ဆောင်းပါးရှင်တွေကတော့ အဓိကပေါ့။ ပုံမှန်ဆောင်းပါး ၃ ပုဒ်လောက် ထည့်တဲ့အခါမှာ အပြင်ကနေပြီးတော့ တစ်ပုဒ်လောက်ဖြစ်ဖြစ် စာဖတ်သူတွေ အတွေးအခေါ်ပေါင်းစုံ ဖတ်လို့ရအောင်ဆိုပြီး ထည့်ပေးတာပဲလေ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးဘက်က ရှင်းပြတဲ့ဟာလည်း စာဖတ် ပရိသတ် ဖတ်သင့်တယ်လို့ ထင်လို့။ ဖိအားပေးတာ ဘာညာတော့ မရှိပါဘူး။ ပေးတဲ့ အခါမှာလည်း သူနဲ့ တိုက်ရိုက် စကားပြောတာ မဟုတ်ဘဲနဲ့ ရုံးကလူနဲ့ပဲ ပြန်ပြီးသားရှိတယ်၊ ယူမလားဆိုပြီးတော့ သုံးလိုက်တာပါ”” ဟု 7 Day Daily သတင်းစာ အမှုဆောင်အယ်ဒီတာ ဦးအားမာန်က ဇူလိုင် ၁ ရက်တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် ရထားပို့ဆောင်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဂျာနယ်ထုတ်ဝေခွင့် လျှောက်ထားခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

သမ္မတရုံးဝန်ကြီးဦးအောင်မင်း ဂျာနယ်ထုတ်ဝေရန် ကိုယ်တိုင်လက်မှတ်ရေးထိုးလျှောက်လွှာ


သမ္မတရုံးဝန်ကြီးဦးအောင်မင်းကြံ့ခိုင်ရေးပါတီညီလာခံသို့ လာရောက်၍ ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းကို အလေးပြုနေစဉ်။


ဦးအောင်မင်းတာဝန်ယူခဲ့သော ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၏ ဖြစ်ပေါ်နေသောလုပ်ငန်းခွင်အခြေအနေ
  

No comments:

Post a Comment