Sunday, July 5, 2015

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ကျန်းမာရေးအရ မလာနိုင်တော့၍ ၄င်းဇာတိ ကန့်ဘလူဒေသအပေါ် အာဏာပိုင်များ ဆက်ဆံရေးပြောင်းလဲ

 ကန့်ဘလူ၊ ဇွန် ၃၀

ဇွန်(၂၇)ရက်နေ့ ဆန္ဒထုတ်ဖော်ခဲ့သည့် ကန့်ဘလူခရိုင်ဖွင့်ပွဲ အမြန်ဆုံး ကျင်းပနိုင်စေရေးကိစ္စနှင့် ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် မြို့နေလူထု ဆန္ဒနဲ့အညီ ဆန္ဒထုတ်ဖော်ပွဲများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက ဇွန်လ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကန့်ဘလူမြို့နယ်မှာ လက်ရှိအချိန်အထိ ခရိုင်အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသောကြောင့် ကန့်ဘလူမြို့နယ်မှ ဒေသခံ ပြည်သူများက ဇွန်(၂၇) ရက်နေ့တွင် ရဟန်းရှင်လူ ပြည်သူ အင်အား (၅)သောင်းနီးပါးဖြင့် မြို့အတွင်း၌ လှည့်လည်ကာ ကန့်ဘလူမြို့ကို ခရိုင်အဖြစ် အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ အခုလို ဆန္ဒထုတ်ဖော်တယ် ဆိုတာကလည်း ကျွန်တော်တို့ ကန့်ဘလူမြို့ကို ခရိုင်အဆင့် တိုးပေးပြီးတာကို ဖွင့်ပွဲမလုပ်နိုင် သေး တဲ့အတွက်ကြောင့် ခရိုင်ဖွင့်ပွဲကို အမြန်ဆုံး
လုပ်ဆောင်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်ရတာပါ၊ ကန့်ဘလူခရိုင်ကို နိုင်ငံတော် အဆင့်ကနေ ထုတ်ပြန်ထားတဲ့ အပေါ်မှာ ပျက်ပြယ် သွားမှာကို စိုးရိမ်တဲ့ အတွက်ကြောင့် ရဟန်းသံဃာတွေ အပါအ၀င် အားလုံးရဲ့ သဘောဆန္ဒနဲ့အညီ တောင်းဆို ကြတာပါ၊ ခရိုင်အဆင့် ဖြစ်ဖို့အတွက်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ စောင့်ကြည့်ပါမယ်၊ စောင့်ကြည့်လို့မှ ထူးခြားမှုမရှိဘူး ဆိုရင်တော့ မြို့နေလူထုရဲ့ဆန္ဒနဲ့အညီ ခရိုင်အဆင့် ဖြစ်ဖို့အတွက် ဆက်လက် ဆန္ဒထုတ်ဖော် တောင်းဆိုသွားမှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ကန့်ဘလူမြို့နယ်ကို ၂၀၁၅ ခုနှစ်၊ မတ်(၃၀)ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေး ၀န်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၃၅၄၊၂၀၁၅)အရ ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ် (၄)မြို့နယ်အား ကန့်ဘလူခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်း သတ်မှတ် ထားသော်လည်း ရေဦးမြို့နယ်မှ ဒေသခံပြည်သူများက ၎င်းတို့ မြို့ကို ကန့်ဘလူ ခရိုင်အတွင်း ထည့်သွင်းခဲ့ခြင်းအပေါ် မကျေနပ်သဖြင့် ဧပြီ(၂၈) ရက်နေ့တွင် ဒေသခံအင်အား (၂၀၀)နီးပါးဖြင့် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့သည်။

“ကန့်ဘလူမြို့ကို ပြည်ထဲရေး အမိန့်စာအရ ခရိုင်အဆင့် အသိအမှတ်ပြု တိုးချဲ့ပေးထားတာကို အခု ထက်ထိ ခရိုင်ဖွင့်ပွဲ မကျင်းပပေးနိုင်သေးလို့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ၊ ကန့်ဘလူခရိုင် ဖြစ်မလာသေးဘူး ဆိုရင် နောက်ပိုင်းမြို့နေ ပြည်သူတွေရဲ့ ထောက်ခံတဲ့ လက်မှတ်တွေ ကိုကောက်ခံပြီး ကန့်ဘလူခရိုင်အဖြစ် အမြန်ဆုံး ဖွင့်ပေးဖို့ အတွက် ဆောင်ရွက်သွားမှာပါ” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကန့်ဘလူမြို့၊ အမှတ်(၂) ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးအေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့ ကန့်ဘလူခရိုင် အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူ များ၏ တရားဝင် ခွင့်ပြုချက်နှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်၍ ကန့်ဘလူမြို့ ဒေသခံပြည်သူများ သာမက ကျွန်းလှမြို့နှင့် တန့်ဆည်မြို့မှ ဒေသခံပြည်သူများလည်း လာရောက် ပူးပေါင်းကြကာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော် တောင်းဆိုမှုနှင့် ပတ်သက်ပြီး ကန့်ဘလူခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ယာယီခရိုင် ဦးစီးအရာရှိ ဦးဇော်မြင့်က ၎င်းမှာ ခရိုင်အုပ်ချုပ်ရေးမှူး မဟုတ်သည့်အပြင် ကော်မရှင် အတွင်းရေးမှူး တာဝန်ဖြင့် ဇွန် (၂၅)ရက်နေ့ကတည်းက ရွှေဘိုမြို့ သို့ ရောက်ရှိနေကြောင်း၊ ဇွန်(၂၇) ရက်နေ့က ပြုလုပ်ခဲ့သော ကန့်ဘလူဒေသခံများ၏ ဆန္ဒထုတ်ဖော်မှုအပေါ် သဘောထားမှတ်ချက် မပေး လိုကြောင်း၊ လက်ရှိအချိန်တွင်လည်း ၎င်းအနေဖြင့် ရွှေဘိုမြို့တွင် ကော်မရှင် အတွင်းရေးမှူး တာဝန်ကိုသာ ဆက်လက် တာဝန် ထမ်းဆောင်နေကြောင်း မြန်မာသံတော်ဆင့်သို့ပြောသည်။

ကန့်ဘလူမြို့သည် စစ်အစိုးရလက်ထက် ဒုတိယနိုင်ငံအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဇာတိဖြစ်ပြီး ဦးမောင်အေး အနားယူပြီးနောက် ထူးကုမ္ပဏီ ဦးတေဇ ဆောက်လုပ်ခဲ့သော နည်းပညာ ကောလိပ် အဆောက်အအုံ ပြီးစီးအောင် လက်စမသတ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများ စိတ်ဝင်စားမှု အားနည်းသွားခြင်းများလည်း ဖြစ်ပေါ်ကာ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် လယ်သိမ်းခံ လယ်သမားများအကြား တင်းမာမှုကြောင့် အစိုးရတာဝန်ရှိသူပိုင်း၏ နယ်မြေဒေသခံ ဦးမောင်အေး လာရောက်စဉ်က အနေအထားနှင့် မလာရောက်နိုင်တော့သော အခြေအနေတွင် ဆက်ဆံရေး သိသာစွာ ပြောင်းလဲမှုကို မြို့လူထုအနေဖြင့် ခံစားနေကြရကြောင်း ကန့်ဘလူမြို့ခံ အချို့က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 

 
 

No comments:

Post a Comment