အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဖမ်းဆီးခံ ကျောင်းသားများ၏ ၇ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးချိန်တွင် ဖမ်းဆီးခံ ကျောင်းသားများက ဆဲဗင်းဇူလိုင် အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှု ပြုလုပ်ရန် မှာကြားလိုက်ကြောင်း ရုံးချိန်းသို့ သွားရောက်ခဲ့သူ ဗ-က-သ အဖွဲ့မှ ဗဟိုကော်မတီဝင် ကိုရှိန်းရာဇာထွန်းက ဇွန် ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဖမ်းဆီးခံ ကျောင်းသားများ၏ သာယာဝတီမြို့နယ် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်ရာတွင် အမှုတွဲ မရှိ သောကြောင့် အမှုမစစ်ဆေးဖြစ်ဘဲ ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်များက လာရောက် ကြည့်ရှု အားပေးသော ဗ-က-သ ကျောင်းသားများကို ဆဲဗင်းဇူလိုင် အခမ်းအနား ပြုလုပ်ရန် မှာကြားခဲ့ပြီး သာယာဝတီ တရားရုံးတွင်လည်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ကာ ကမ္ဘာမကျေ သီချင်းသံပြိုင် သီဆို ခဲ့ကြသည်။
““ကျွန်တော်တို့ ကျောင်းသားတွေက ဒီနေ့မှာ ထူးထူးခြားခြား ဆွေးနွေးတာ မရှိပါဘူး။ အပြင်မှာကြုံ တွေ့နေရတဲ့ အခြေအနေတွေရယ်၊ ထောင်ထဲ မှာ တွေ့ကြုံရတာတွေကို အပြန်အလှန် ဖလှယ်တဲ့ သဘောပါ။ အနီးစပ်ဆုံးက သမဂ္ဂအဆောက်အအုံကို ဖြိုခွဲခံရတဲ့ ဆဲဗင်းဇူလိုင်အတွက် လုပ်ဆောင်ဖို့၊ အခမ်းအနား ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဗ-က-သ ခရိုင် တော်တော်များများ လုပ်နိုင်အောင် မှာထားပါတယ်။ တရားရုံးမှာလည်း ဆဲဗင်းဇူလိုင်အတွက် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါသေးတယ်””ဟု ဗ-က- သ ဗဟို ကော်မတီဝင် ကိုရှိန်းရာဇာထွန်းက ပြောသည်။
ဖမ်းဆီးခံကျောင်းသားများအား ရုံးထုတ် စစ်ဆေးချိန်တွင်လည်း ၀န်းရံပြည်သူ တစ်ဦးဖြစ်သော ကိုခင်လှိုင်မှာ မူးမေ့ လဲကျခဲ့သောကြောင့် သာယာဝတီဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ခဲ့ရသည်။ ကိုခင်လှိုင်မှာ မတ်လ ၁၀ ရက် လက်ပံတန်းမြို့နယ်၌ အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် အစာအိမ်အောင့်၊ နံရိုးဒဏ်ရာများဖြင့် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော်လည်း ၇ ကြိမ်မြောက် ရုံးထုတ်ချိန်တွင် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားများ၏ ၇ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမှုသို့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့မှလည်း လာရောက်ခဲ့ရာ ယင်းသို့ လာရောက်မှုနှင့် ပတ်သက်၍ ““ကျောင်းသားတွေရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အ၀ထောက်ခံတယ်။ နောက်ဆက်ပြီးတော့လည်း ထောက်ခံမှာပါ။ ကျောင်းသားတွေကို အကြမ်းဖက်ပြီး တရားစွဲတာက ဘာသက်ရောက်မှု ရှိလဲဆိုတော့ လက်ရှိ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကျမှ ကျောင်းသား တွေ အပေါ်မှာ လုပ်ခဲ့ရင် ရွေးကောက်ပွဲပြီးတဲ့ အခါမှာကော တကယ်အနိုင်ရတဲ့ အဖွဲ့အစည်းကို အာဏာလွှဲပေး ပါ့မလားဆိုတာ သံသယဖြစ်စရာ ကောင်းတယ်။ ကျောင်းသားတွေကတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်ရှိတာကို တွေ့ရတယ်”” ဟု ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် က ပြောသည်။
ဖမ်းဆီးခံကျောင်းသားများ၏ ၇ ကြိမ်မြောက် ရုံးချိန်းတွင် သာယာဝတီခရိုင် တရားရုံးသို့ အာမခံ လျှောက် ထားသော ကျောင်းသား ၁၅ ဦးကို ဇူလိုင်လ ၇ ရက်တွင် အာမခံရ၊ မရ အမိန့်ချမှတ်မည်ဖြစ်ပြီး ဖမ်းဆီးခံ ကျောင်းသားများ၏ ၈ ကြိမ်မြောက် ရုံးချိန်းကို ဇူလိုင် ၁၄ ရက်သို့ ထပ်မံ ချိန်းဆိုထားသည်။
သူရိန်ကျော်
- ဓာတ်ပုံ- ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment