ရန်ကုန်၊ ဇူလိုင် ၁
ပြည်သူလူထု၏ ရွေးချယ် တင်မြှောက်မှုကြောင့် မဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော် အတွင်း နေရာ ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နုတ်ထွက်ပေးရန် သမဂ္ဂအဖွဲ့ဝင် ကျောင်း သားများနှင့် ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်များကို တစ်ဆင့်ချင်း စီ လျှော့ချရန် ပြောဆိုထားပြီဖြစ်ကြောင်းနှင့် တရားသည့် ဥပဒေစိုးမိုးရေးအောက်တွင် ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်စေ လိုကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁ ရက်တွင် မီဒီယာများသို့ ပြောကြား လိုက်သည်။
ဇွန်လ ၃၀ ရက်က ရန်ကုန် မြို့လယ်ကောင်တွင် တကသ ကျောင်းသား များနှင့် ပြည်သူများက အခြေခံဥပဒေ ပြင် ဆင်မှုကို ကန့်ကွက်သည့် တပ်မတော်သား ကိုယ်စားလှယ်များ နုတ်ထွက်ပေးရန်
ဆန္ဒဖော်ထုတ်မှု တစ်ရပ် ပြုလုပ်ခဲ့ရာ ယင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁ ရက် လွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
““ဒီမိုကရေစီ စနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့ မရှိပါဘူး။ အဲဒီဟာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားပြီးသားပါ။ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ဒါဟာတစ်ဆင့်ချင်း တစ်ဆင့်ချင်း ညှိနှိုင်းပြီးတော့ လျော့သွားသင့်တဲ့ ကိစ္စဆိုတော့ အရင်နှစ်ကတည်းက တင်ပြထားပြီးသား ဖြစ်ပါတယ်။ အမေတို့ အနေနဲ့ကတော့ ဘာပဲဆိုဆို ဥပဒေဘောင်အတွင်းက လုပ်စေချင်တယ်။ ဒါပေမဲ့ ဥပဒေတွေကလည်း တရားရမှာပေါ့နော်။ တရားဥပဒေ စိုးမိုးရေးဆိုတာ တရားတဲ့ဥပဒေ စိုးမိုးရေးကို ဆိုလိုတာပါ။ အဲဒီတော့ ဥပဒေကိုလည်း တရားမျှတအောင် လုပ်ရမယ်။ နောက်ပြီးတော့ အဲဒီဥပဒေဘောင်အတွင်းမှာ လည်း ပြည်သူလူထုကနေပြီးတော့ လိုလိုလားလားနဲ့ ဆောင်ရွက်သင့် လို့ ဆောင်ရွက် တယ်ဆိုတဲ့ အနေအထား ရှိဖို့လိုပါတယ်””ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ် များ နုတ်ထွက်ပေးရေး ဆန္ဒဖော်ထုတ်မှုကို တရားဝင် ခွင့်ပြုချက်ရယူခြင်း မရှိဘဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်မှုကို ဒေသ အာဏာပိုင်များက တားဆီး ခဲ့သော်လည်း ယင်းတားဆီးမှုများကြားမှ ဖောက်ထွက်ကာ ရန်ကုန်မြို့မြို့တော် ခန်းမရှေ့တွင် စစ်သား ကိုယ်စားလှယ်များ နုတ် ထွက်ပေးရေးကို ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့မှုနှင့် ပတ်သက် ၍ ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဇေယျာလွင် အပါအ၀င် ကျောင်းသား ၅ ဦးကို ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment