Saturday, February 7, 2015

ဧရာဝတီ၊ ထားဝယ်နှင့် မော်လမြိုင် သပိတ်များ ရန်ကုန်မဝင်မီ ပူးပေါင်းမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ဧရာဝတီ ကျောင်းသား သပိတ်၊ ထားဝယ် ကျောင်းသား သိပတ်နှင့် မော်လမြိုင် ကျောင်းသား သပိတ်တို့ စစ်ကြောင်း သုံးခုသည် ရန်ကုန်သို့ မဝင်မီ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပေါင်းစည်းမည်ဟု ကျောင်းသားသပိတ် ခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

Student-Strike-Ayeyarwady-04-s
ဧရာဝတီတိုင်း ကျောင်းသားသပိတ်သည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ပုသိမ်မြို့မှ အင်အား ၄၀ ခန့်ဖြင့် ရန်ကုန်သို့ စတင်ချီတက်နေစဉ်။ (ဓာတ်ပုံ - စည်သူမောင်မောင်၊ မဇ္ဈိမ)



"ဒီနေ့ ထားဝယ် သပိတ်ကို ၆ရက်၊ ၇ ရက်က ထားဝယ်မြို့ပေါ်မှာပဲ စည်းရုံးလှုံ့ဆော်မယ်။ ၉ ရက်နေ့ကို မော်လမြိုင် သပိတ်စစ်ကြောင်းနဲ့ ပေါင်းပြီး မော်လမြိုင်မြို့ပေါ်မှာ စည်းရုံးလှုံ့ဆော်မှု လုပ်သွားမယ် ၁၁ ရက်နေ့မှ ဧရာဝတီ သပိတ်နဲ့ ပေါင်းမယ်လို့ အစည်းအဝေးမှာ မနေ့က ဆုံးဖြတ်ထားတယ်" ဟု ထားဝယ် သပိတ်ခေါင်းဆောင် ကိုသီဟနိုင်က မဇ္ဈိမကို ပြောသည်။

ထားဝယ်စစ်ကြောင်းနှင့် မောင်လမြိုင် စစ်ကြောင်းတို့က ဖေဖော်ဝါရီ ၉ ရက်တွင် မော်လမြိုင် ကျိုက္ခမီလမ်းဆုံတွင် ပေါင်းဆုံကြပြီး မော်လမြို့မြို့ပေါ်တွင် စည်းရုံးလှုံ့ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ၁၁ ရက်တွင် ဧရာဝတီ ကျောင်းသားသပိတ် နှင့် ရန်ကုန်မဝင်မီ အနီးတစ်ဝိုက်တွင် ဆုံဆည်းဖြစ်မည်သည်။

"ထားဝယ်ကျောင်းသားသပိတ်နဲ့ မော်လမြိုင်ကတော့ ပေါင်းမယ်။ ကျွန်တော်တို့ ဧရာဝတီနဲ့ ပေါင်းဖို့တော့ရှိတယ်။ ရန်ကုန်နားနီးလာတာနဲ့ သပိတ်စစ်ကြောင်းတွေ ပေါင်းသွားမှာပါ"ဟု ဧရာဝတီ သပိတ် စစ်ကြောင်းခေါင်းဆောင် ကိုရဲဇာနည်ထွန်းက မဇ္ဈိမကို ပြောသည်။           

အစောဆုံးထွက်လာသည့် မန္တလေးကျောင်းသားသပိတ်သည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့သို့ ရောက်ရှိနေပြီသည်။ ရခိုင်ကျောင်းသားသပိတ်သည်လည်း ထွက်လာပြီဖြစ်သည်။ သို့သော် ယင်းသပိတ်နှစ်ခုမှာမူ ကျန်သပိတ်စစ်ကြောင်းများ နှင့် ပေါင်းစည်းမည် မပေါင်းစည်းမည်ကို မသိရှိသေးပေ။

"မန္တလေးသပိတ်စစ်ကြောင်းကတော့ ပင်မစစ်ကြောင်းအနေနဲ့ ဆက်ထွက်မှာပါ ပေါင်းမယ်မပေါင်းဘူးဆိုတာကိုက ပြည်လောက်မှာ ဆုံရင်တော့ ပေါင်းပေါ့။ ဗကသအနေနဲ့က အစတည်းက လမ်းကြောင်းက ဆွဲထားပြီးသာဆိုတော့ နယ်မြို့တွေကတော့ ပေါင်းကြမှာပါ လမ်းမှာဆုံဖြစ်ရင်တော့ မပြောတတ်ဘူး" ဟု မန္တလေးသပိတ်စစ်ကြောင်းမှ ဘဏ္ဍရေးမှူး ကိုနေပိုင်က မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ကျောင်းသားသပိတ်သည် ဖေဖော်ဝါရီလ ၆ရက်တွင် ညောင်တုန်းမြို့သို့ ရောက်ရှိနေပြီဖြစ်က ၇ရက်တွင် မအူပင်သို့ ဆက်လက်ထွက်ခွာ၍ မအူပင်၌ နှစ်ရက်တာ စည်းရုံးလှုံ့ဆော်မည်ဖြစ်သည်။

ယခုကဲ့သို့ သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားများအား အစိုးရက ဖေဖော်ဝါရီ ၅ရက်က မေတ္တာရပ်ခံချက် တစ်စောင် ထုတ်ပြန်လိုက်သေးသည်။ ယင်းထုတ်ပြန်ချက်တွင် ကျောင်းသားများ၏ နောက်ကွယ်၌ ကြိုးကိုင်လှုံ့ဆော်မှုများ ရှိကြောင်းနှင့် အစိုးရ အနေဖြင့် ဖေဖော်ဝါရီ နှင့် မတ်လအတွင်း ကျင်းပမည့် စာမေးပွဲများ အာလုံးကို ကြေငြာထားပြီး ရက်အတိုင်း မပျက်မကွက် စစ်ဆေးမည်ဟု ထုတ်ပြန်ထားသည်။

"ကျောင်းသားတွေ အခုလုပ်နေတာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းကမှ သွေးထိုးလှုံ့ဆော်မှုမပါဘူးဆိုတာ ပြည်သူလူထုက သိနေတယ်။ ပြည်သူလူထုက တစ်လျှောက်လုံးက မန္တလေးကနေ ဒီအထိ ထောက်ခံမှု အပြည့်အဝရှိခဲ့တယ်ဆိုတာ ကျောင်းသားတွေ တိုက်ပွဲဟာ တရားတယ်ဆိုတဲ့ ခံယူချက်ယူဆချက်တွေကြောင့် အားပေးထောက်ခံနေတာဖြစ်တယ်။"ဟု ဗကသ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကျော်ကိုက မဇ္ဈိမကို ပြောသည်။

Credit - Mizzima News

No comments:

Post a Comment