Tuesday, February 3, 2015

မြန်မာ့ဆန် တန်ချိန်တစ်သိန်း ဝယ်ယူရန် တရုတ်နှင့် ဆန်စပါးအသင်းတို့ တရားဝင်စာချုပ် ချုပ်ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆန် တန်ချိန်တစ်သိန်းကို တရုတ်နိုင်ငံက တရားဝင်ဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF နှင့် တရုတ်နိုင်ငံ အစိုးရပိုင်ဆန်စပါးဌာန COFCO တို့ အကြား နားလည်မှုစာချွန်လွှာ MoU တစ်ရပ် ကို ရေးထိုးလိုက်သည်ဟု MRF က ထုတ်ပြန်လိုက်သည်။

MRS
ဆန်တင်ပို့ရေအတွက် ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆန်စပါးကဏ္ဍတာဝန်ရှိသူများ တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ -MRF) မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဧပြီနှင့် မေလများတွင် တရားဝင်ဆန်တင်ပို့သွားမည် ဖြစ်သည်။



ထိုကဲ့သို့ မြန်မာ့ဆန် တန်ချိန်တစ်သိန်းကို ဝယ်ယူပေးသွားရန် မြန်မာနိုင်ငံက ဆောင်ရွက်ပေးရမည့် အရည်အသွေး စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး အာဏာပိုင်အဖွဲ့ AQSIQ ၏ လုပ်ငန်းများ ပြီးချိန်မှ စတင်ကာ ၁၂ လအတွင်း ဝယ်ယူပေးရန် ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ဝယ်ယူရာတွင် တရုတ်နိုင်ငံ အစိုးရပိုင် ဆန်စပါးဌာန COFCO က တိုက်ရိုက်ဝယ်ယူသွားရန် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရောက်ရှိ ကာလ၏ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူသွားရန်လည်း သဘောတူညီမှု စာချုပ်အတွင်း ထည့်သွင်းရေးထိုးခဲ့ကြသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံကလည်း တင်ပို့မည့်ဆန် များကို တရုတ်နိုင်ငံက ကြိုက်နှစ်သက်သည့် ဆန်အရည်အသွေးနှင့် အမျိုးအစားကို စိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲတင်ပို့ရောင်းနိုင်ရေး စနစ်တကျ ပြင်ဆင်သွားရန် သဘောတူညီ ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်မှတ်ရေးထိုးမှုတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ဒုတိ ယညွှန်ကြားရေးမှူးချုပ် မစ္စတာ Liu Xiao Nan နှင့် တရုတ်နိုင်ငံ အစိုးရပိုင် ဆန်စပါးဌာန COFCO အကြီး အကဲ Mdm.Yang Hong တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဦးစီးဌာန အရာရှိများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါလက်မှတ်ရေးထိုးနိုင်မှုသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆန်စပါးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ရေရှည်အတွက် အကျိုးရှိနိုင်သော ခိုင်မာသည့် ဈေးကွက်ဝေစုရရှိရေးအပေါ် အကျိုးပြုနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF က ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရောင်းချခြင်း ကိစ္စနှင့် ၎င်းလုပ်ငန်းများတွင် အသေးစားနှင့် အလတ်စားကုမ္ပဏီများအပါအဝင် စိတ်ပါဝင်စားသည့် ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များနှင့် ဆန်စပါး အထူးပြုကုမ္ပဏီများအားလုံး ပါဝင်ဆောင်ရွက်နိုင်သော ဈေးကွက်ပုံသဏ္ဌာန်ဖြစ်ပေါ်အောင် ဖော်ဆောင် သွားနိုင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆန်များကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူရာတွင် အခြားသောနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင် ခြင်းဖြင့်သာ ရောင်းချသွားရမည်ဟု တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောဆိုထားသည်။

Credit - Mizzima News

No comments:

Post a Comment