ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့တွင်
ဆန္ဒဖော်ထုတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးနေမျိုးဇင်အပါအ၀င် ၇
ဦးတို့အတွက် တတိယအကြိမ်မြောက် အာမခံလျှောက်တင်မှု ပယ်ချခံခဲ့ရသည်ဟု အမှုကို
လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

တရုတ်သံရုံးရှေ့တွင်
လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသော နေမျိုးဇင်၊
ဦးသန်းဆွေ၊ တင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှနှင့် ဒီမိုကရေစီအရေး
တက်ကြွလှုပ်ရှားသူအချို့တို့ ဖေဖော်ဝါရီလ ၂ ရက်က ဒဂုံမြို့နယ် တရားရုံးတွင်
ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် တရားစွဲခံထားရသည့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်းစန်းဝင်း၊ ဦးသန်းဆွေတို့ကို ဖေဖော်ဝါရီ ၂ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားစွဲခံထားရသူ တစ်ဦးဖြစ်သည့် ဒေါ်မြနုကို ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ဒဂုံမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။
ဖေဖော်ဝါရီ ၂ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ ဒဂုံမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးသောင်းစိန်ကို ထပ်မံစစ်ဆေးခဲ့ပြီး ၎င်းကို တရားစွဲဆိုရန်အတွက် တရားလိုရှေ့နေမှ တရားသူကြီးထံ လျှောက်တင်ထားခြင်းကို တရားသူကြီးက ပလပ်လိုက်သည်။ ရုံးထုတ်စစ်ဆေးချိန်တွင် ဦးနေမျိုးဇင်သည် ကျန်းမာရေးအခြေအနေကြောင့် ရုံးတွင်းသို့ ဝင်ရောက် စစ်ဆေးခံနိုင်ခဲ့ခြင်း မရှိဘဲ ရုံးပြင်၌သာ နေခဲ့ရသည်။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "ပုဒ်မ ၅၀၅(ခ) ပါနေလို့ အာမခံမရတာပါ၊ အဲ့ပုဒ်မကိုပယ်ဖျက်ပြီး အာမခံပေးဖို့ လျှောက်တင်ထားတာကို ပယ်ချခံရပါတယ်၊ လာမယ့်ရုံးချိန်းကျရင်လည်း ထပ်မံလျှောက်တင်သွားမှာပါ" ဟုပြောသည်။
ဒဂုံမြို့မ ရဲစခန်းစခန်းမှူး ဒုရဲမှူးသောင်းစိန်က "ပုဒ်မ ၅၀၅(ခ) က ဖမ်းဝရမ်းပါမှဖမ်းလို့ရပေမယ့် တခြားပုဒ်မတွေက ဖမ်းဝရမ်းမလိုပါဘူး၊ အဲ့ဒါကြောင့် ဖမ်းတာပါ၊ ဒေါ်မြနုကို ဖမ်းမိဖို့အတွက် စုံစမ်းနေတုန်းပါပဲ။" ဟု ပြောသည်။
ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော လက်ပံတောင်း ပဋိပက္ခ၌ ဒေသခံတစ်ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ ဦးနေမျိုးဇင် အပါအဝင် ၇ ဦးတို့က တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ဒဂုံမြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၇/၁၄၉/၃၅၃/၂၉၄/၅၀၅(ခ)/၁၁၄ ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီ ၉ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးမည်ဖြစ်ကာ ၎င်းတို့ ၇ ဦးကို ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော် နှင့် ဒဂုံမြို့နယ်များတွင် ပုဒ်မ ၁၈ ဖြင့်လည်း ထပ်မံအမှုဖွင့်ထားခြင်းခံထားရသည်။
Credit - Mizzima News
No comments:
Post a Comment