“ဦးဂျူ..မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လူတွေ ဘာကြောင့် မုန်းကြတာလဲ၊ လူထုတွေ ဘာနစ်နာခဲ့လို့လဲ” လို့ မေးပါတယ်၊ အဲဒီအမေးအတွက်
ကျွန်တော်မှာ ဖြေစရာတွေ အများကြီးရှိနေပါတယ်၊ မြန်မာနိုင်ငံ ချွတ်ခြုံကျသွားတာ ၊ ပြည်သူပိုင်သိမ်းတာ၊ လူထုသုံးစွဲနေတဲ့ ငွေစက္ကူတွေကို
တရားမ၀င်ကြေငြာခဲ့တာ၊ ဆန္ဒပြသူတွေကို သတ်ဖြတ်နှိမ်နင်းခဲ့တာ၊ အရည်အချင်းရှိပြီး ရိုးသားတဲ့ ခေါင်းဆောင်တွေကို ဖယ်ရှား ထောင်ချခဲ့တာ၊၏..
ပြောရရင် အများကြီးပါပဲ၊ အဲဒီလို အများကြီးထဲက အဲဒီလူငယ်အတွေထဲ ဒိုင်းကနဲရောက်သွားအောင် အခုလိုပဲ ပြောဖြစ်ခဲ့ပါတယ်၊
“ အခု မင်းတို့ တစ်လုံးပြီး တစ်လုံး မှာလိုက်တိုင်း လာချပေးနေတဲ့ မင်းရှေ့က ဘီယာမျိုး မဆလခေတ်မှာ ငါတို့ သောက်ချင်တိုင်း သောက်လို့ မရ
ခဲ့ဘူး၊ ဘီယာဖိုးတတ်နိုင်ပေမယ့် ပါမစ်မရှိရင် သောက်လို့ မရဘူး၊ အဲဒီပါမစ်ဆိုတာက ဘီယာ ၀ယ်ယူခွင့် လက်မှတ်ပေါ့ကွာ၊ ဘီယာဝယ်ယူခွင့် လို ပါမစ်မျိုးက
ဘာဝယ်ဝယ် လိုအပ်ပါတယ်၊ ဆန်ဆီဆားက စပြီး နေမကောင်းလို့ ဆေးဝါး ၀ယ်ချင်တာကအစ ပါမစ်နဲကမှ ၀ယ်လို့ရတယ်၊ ပါမစ်မပါဘဲ ရောင်းတာ ၀ယ်တာမျိုးကို
မှောင်ခိုလို့ ခေါ်တယ်၊ သမ၀ါယမက ကုန်သွယ်ရေးက ထုတ်ပေးတဲ့ ဆန် မလုံလောက်လို့ အပြင်မှာ ၀ယ်စားရင် မှောင်ခိုအားပေးတယ်လို့ ပြောခံခဲ့ရတယ်၊ အရေးယူခံခဲ့ရတယ်၊
အစိုးရက ထုတ်ပေးတဲ့ ဆန်ကရော လုံလောက်သလားဆိုတော့ မလုံလောက်ဘူး၊ ဆန်ကိစ္စပြောရရင် ရင်နာစရာ အဖြစ်တွေ အများကြီးပါပဲ၊ အဲဒီထဲက တစ်ခုတော့ မောင်ရင်လေး
သိအောင် ပြောပြချင်တယ်၊ တစ်ခါက ကျောင်းဆရာတစ်ယောက်ဟာ နွေရာသီကျောင်းပိတ်ရက်မှာ သူတာဝန်ကျခဲ့ဖူးတဲ့ မြို့တစ်မြို့ကို အလည်လာပါတယ်၊
အဲဒီမြို့လေးဟာ ဆန်စပါး ဖြစ်ထွန်းရာမြို့ဖြစ်လို့ တပည့်ဟောင်းတွေက သူ့တို့ဆရာကို ဆရာမိသားစုစားဖို့ ဆန်လက်ဆောင်ပေးကြတယ်၊ ဆန်ပေးတယ်ဆိုတာ အများကြီး မဟုတ်ပါဘူး၊ တစ်ယောက်ကို
နို့ဆီဗူ တစ်ဝက် တစ်လုံးလောက်ပါပဲ၊ အဲဒီလို ၀ိုင်းပေးကြတဲ့ ဆန်လေး(၁)ပြည်ကျော်ကို ဆရာက သူ့အ၀တ်အိတ်ထဲ ၀ှက်ယူပြီး မီးရထားနဲ့ ပြန်သွားတယ်၊
လမ်းမှာ အခုခေတ် ပါတီကောင်စီက ဖွဲ့ပေးထားတဲ့ ရှာဖွေရေးတွေက ရထားပေါ် တက်ရှာရင်း တွေ့သွားလို့ အဲဒီဆရာကို အလုပ်ဖြုတ်ရုံမက ထောင်ပါချလိုက်ကြတယ်၊
ထားပါကွာ၊ အဲဒါမျိုးက ပြောရရင် အများကြီးပဲ၊ အခု မင်သောက်နေတဲ့ ဘီယာကိစ္စပဲပြောမယ်၊ ဘီယာသောက်ချင်ရင် မကစလို့ခေါ်တဲ့ မြို့နယ်ကောင်စီကို လျှောက်လွှာတင်ရတယ်၊
သူတို့ သောက်ခွင့်ပြုရင် ကုန်သွယ်ရေး(-)ကို ရောင်းပေးဖို့ လက်မှတ်ကလေး ထုတ်ပေးတယ်၊ အဲဒီလက်မှတ်ပါမှ ကုန်သွယ်ရေးက ဘီယာ(၁)လုံး (၂)လုံးလောက် ရောင်းပေးတာ၊
အဲဒီလို ပါမစ်ရဖို့ဆိုတာကလည်း ကောင်စီလူကြီးတွေကို ရင်းနှီးပါမှ လက်မှတ်ထိုး ထုတ်ပေးကြတာ၊ဦးဂျူ မှတ်မိတာလေး ရှိသေးတယ်၊အခု မင်းတို့အရွယ်လို လူငယ်ပိုင်းဆိုတော့
ဘီယာအရမ်းသောက်ချင်လို့ လျှောက်လွှာတင်တာ ပါမစ်ကလေး တစ်ခါရဖူးပါတယ်၊ အဲဒီလို ပါမစ်ရအောင် ကောင်စီလူကြီး တစ်ယောက်ကို ဦးဂျူ ကပ်ခဲ့ရတယ်၊ သူ့နာမည်------တဲ့၊
သူက ကျောင်းဆရာကနေ မြို့နယ်ကောင်စီလူကြီး တက်ဖြစ်တာ၊ သူက ဦးဂျူရဲ့ဆရာ ဖြစ်ခဲ့ဖူးတယ်၊ စာသင်တဲ့ ဆရာတော့ မဟုတ်ပါဘူး၊ ကျောင်းသားအသင်းမှာဦးဂျူ ဘေလုံးကန်တော့
မြို့နယ်အဆင့်မှာ သူက အုပ်ချုပ်သူအနေနဲ့ ပါလာလို့ ဆရာလို ဖြစ်ခဲ့ရတာ၊ ဘီယာလေး သောက်ရဖို့ အဲဒီဆရာကို မနက်တိုင်း လဘက်ရည်(၁၀)ရက်လောက် တိုက်ရတယ်၊ ပြီးတော့မှ ဆရာရယ် ကျွန်တော်
ဘီယာလေး သောက်ချင်လို့ ပါမစ်လေးပေးပါဦးဆိုတော့ ဆရာက “အေး အေး ..ရုံးလာခဲ့လေ” လို့ပြောပါတယ်၊ အဲဒီလို ရုံးလာခိုင်းပေမယ့် သွားတော့လည်း ညနေလာခဲ့ မနက်ဖြန်လာခဲ့လုပ်နေသေးတာ၊
၎/၅ခေါက်လောက် ရုံးသွားတော့မှ ပါမစ်ကလေး လက်မှတ်ထိုးပေးပါတယ်၊ ယခုစာပါလာသူ ကိုသန်းထိုက်အား ဘီယာ(၃)လုံး ရောင်းချပေးလိုက်ပါရန်....ဆိုပြီး ကောင်စီတံဆိပ်ရိုက်ပြီး သူ့လက်မှတ်ထိုးပေးပါတယ်၊
ဟာ ဘီယာကြီး(၃)လုံးတောင် ပါမစ်ပေးတယ်ဆိုပြီး ဆရာ့ကို ကျေးဇူးရှင်လို ထင်မှတ်မှားနေတုန်း ဆရာက ဦးဂျူကို တိုးတိုးလေး ကပ်ပြီး ပြောတယ်၊ဟေ့ကောင်..မင်းအဲဒါကိုထုတ်ပြီး ငါ့အိမ်ကို(၂)လုံးပို့..၊
မင်းကတစ်လု့းသောက်လိုက်..တဲ့ကွာ၊ အဒီတုန်းက မြန်မာဘီယာတစ်လုံးကို ၅ကျပ်ခွဲ ပေးရတယ်၊(၃)လုံးဆိုတော့ ၁၆ကျပ်ခွဲ ကုန်သွားတာပေါ့၊ အဲဒီ (၁၆)ကျပ်ခွဲနဲ့ လဘက်ရည်းဖိုး (၁၀)လောက်ကုန်ထားတဲ့
ဘီယာတစ်လုံးကို ဦးဂျူ သောက်ရမှာ နှမျောလို့ မသောက်တော့ဘဲ စားသောက်ဆိုင်တစ်ဆိုင်ကို တိုးတိုးတိတ်တိတ်သွားရောင်းလိုက်တာ (၃၀)ကျပ်ရတယ်၊ အေးအဲဒါ မဆလခေတ် ဘီယာသောက်ချင်တဲ့
လူငယ်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ပုံရိပ်ပဲ လို့ ပြောလိုက် ပါတယ်၊
လူငယ်လေးဟာ ကျွန်တော်ကို တစ်လှည့် သူ့ရှေ့က ဘီယာပုလင်းလေးကို တစ်လှည့် ကြည့်နေရင်းက“ဒါဆို အဲဒီခေတ်မှာ ကျွန်တော်တို့ လူမဖြစ်တာ တော်သေးတာပေါ့နော်” လို့ပြောပါတယ်၊
ကျွန်တော်က သူ့ကို ဆက်ပြောဖြစ်လိုက်တာက
“အခုလို မင်းပြောသလို နောက်၂၅နှစ်ကြာတဲ့အခါ မင်းကို အဲဒီခေတ်လူငယ်တွေက န၀တခေတ်မှာ လူမဖြစ်ခဲ့ရတာ ကံကောင်းတယ် လို့ ပြောလာမှာလည်း တွေးထားဦး”..ဟူ၍။
(ဟာဂျူလီ-ကသာ)
No comments:
Post a Comment