ဝန်ကြီးဌာနအချို့၏ ဖြည့်စွက်တောင်းခံငွေများထဲမှ ကျပ်ကိုးဘီလျံဖြင့် အိမ်ငှားခမတတ်နိုင်သည့် ၀င်ငွေနည်းများအတွက် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်၍ ငှားရမ်းပေးရန် အဆိုတင်သွင်းမှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောမတူ
ရန်ကုန်တိုင်းဒေသကြိးရှိ ၀န်ကြီးဌာနအချို့၏ ဖြည့်စွက်ငွေတောင်းခံငွေများထဲမှ ငွေကျပ်ကိုးဘီလျံခန့်ကို ဘဏ္ဍာငွေလွှဲပြောင်း၍ အိမ်ငှားခမတတ်နိုင်သည့် ၀င်ငွေနည်းမိသားစုများအတွက် တန်ဖိုနည်းအိမ်ရာဆောက်လုပ်ငှားရမ်းပေးရန် ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက စက်တင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။
ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ၀န်ကြီးဌာန ၁၀ ခုမှ ဖြည့်စွက်ခွင့်ပြုငွေအဖြစ်တောင်းခံသည့် လိုငွေကျပ် ၃၉ ဒသမ ၁၈၇ ဘီလျံထဲမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြော်ငြာဆိုင်းဘုတ်များအတွက် ငွေကျပ် ၄ ဒသမ ၈ ဘီလျံ၊ စည်ပင်သာယာရေးအဖွဲ့များ၏ ဘက်ဟိုးနှစ်စီးဝယ်ယူရန် ကျပ်သန်း ၂၈၀ သန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရန်ကုန်တောင်ပိုင်းခရိုင်အတွက် ငွေကျပ် ၄ ဒသမ ၀၄ ဘီလျံ စုစုပေါင်းကျပ် ၉ ဘီလျံခန့်ကို တန်ဖိုးနည်းအိမ်ရာအတွက် ဘဏ္ဍာငွေလွဲပြောင်းအသုံးပြုရန် တင်ပြခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြော်ငြာဆိုင်းဘုတ်အကြီး ၄၆၅ ခုနှင့် ဆိုင်းဘုတ်အသေး ၂၀၀ ခု ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းအတွက် တောင်းခံငွေ ၄ ဒသမ ၈ ဘီလျံပါရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ ကြော်ငြာဆိုင်းဘုတ်တွေတပ်ဆင်တယ်ဆိုတဲ့လုပ်ငန်းဟာ ပြည်သူလူထု အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းဖြစ်ရဲ့လား စဉ်းစားပါတယ်။ နောက်ပြီး စည်ပင်သာယာရေးအဖွဲ့က ဘက်ဟိုးနှစ်စီးဝယ်ဖို့ဆိုပြီး သိန်း ၂၈၀၀ (သန်း ၂၈၀) တစ်စီးကို သိန်း ၁၄၀၀ နဲ့ပါ။ ဒါဟာ တကယ်လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒီနှစ်စီးကိုဝယ်သင့်သလားစဉ်းစားတဲ့အခါမှာ လွှတ်aတ်ာကိုယ်စားလှယ် ဦးမြငွေကို မြို့တော်ဝန်က မေးခွန်းတစ်ခုဖြေသွားတဲ့အထဲမှာ ၂၀၁၁ -၂၀၁၂ မှာ ဘက်ဟိုး ၃၂ စီး၊ ၂၀၁၃-၂၀၁၄ မှာ ၁၃ စီးဝယ်ယူပြီး ဖြစ်တယ်လို့ ဖြေသွားပါတယ်။ ဒါကြောင့် ဒီနှစ်စီးကို ခွင့်ပြုသင့်မသင့် စဉ်းစားသင့်ပါတယ်" ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင် ပြောကြားသည်။
"စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာမှာလည်း ၂၀၁၂-၂၀၁၃ ခုနှစ်ကတည်းက လုပ်ငန်းအချို့ဟာ အခုထိမပြီးသေးဘူးလို့သိရပါတယ်။ ဒါဆို ထပ်ပြီးပေးဖို့ဆိုတာစဉ်းစားရမယ်။ ဒါကြောင့် ဒီငွေစုစုပေါင်းကိုးဘီလျံခန့်ကို ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းအိမ်ရာ အမှန်တကယ်မရှိသူများ၊ ကျူးကျော်များ၊ အိမ်ငှားခမတတ်နိုင်သူ ၀င်ငွေနည်းမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာတစ်ခုဖော်ဆောင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်အငှားချထားပေးဖို့ပါ" ဒေါက်တာညိုညိုသင်းက တင်ပြခဲ့သည်။
ယင်းတင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများဖြစ်သည့် ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်းမှုများပြုလုပ်ပြီး ယခုတောင်းခံငွေများသည် အမှန်တကယ်လိုအပ်သည့်လုပ်ငန်းများ၊ ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆိုထားသည့်လုပ်ငန်းများအတွက် တောင်းခံထားခြင်းကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပြည်သူထူလုအတွက် အမှန်တကယ်လိုအပ်သည့်လုပ်ငန်းများအတွက် တောင်းဆိုခြင်းဖြစ်၍ ယင်းကိစ္စကို ဒေါက်ညိုညိုသင်းက လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ အတိုက်အခံပါတီအမတ်များသာ ထောက်ခံခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင်အများစုကကန့်ကွက်၍ အဆို ရှုံးနိမ့်ခဲ့ရသည်။
"အိမ်ငှားရမ်းခတွေများလို့ ပြည်သူလူထုက ကြုံတွေ့နေရတဲ့အခက်အခဲတွေကို လွှတ်တော်မှာလည်း ဆူညံနေအောင်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ တန်ဖိုးနည်းစီမံကိန်းတွေရှိပါတယ်။ တန်ဖိုးကြီးတဲ့အတွက် ပြည်သူလူထုက မ၀ယ်နိုင်ပါဘူး။ ဒါကြောင့် အငှားချထားဖို့ပါ။ အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ အိမ်ငှားရမ်းခကြီးမြင့်လို့ ဒုက္ခရောက်နေတဲ့သူတွေအတွက်ပါ။ သူတို့က သူတို့ဆိုင်းဘုတ်လုပ်ငန်းတွေ၊ တောင်ပိုင်းခရိုင်ကလုပ်ငန်းတွေက အရေးကြီးတယ်ဆိုတော့ စိတ်မကောင်းဘူး။ ဘယ်ဟာက ပိုအရေးကြီးသလဲဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သူတို့လုပ်ချင်တဲ့ စီမံကိန်းပဲလုပ်တယ်။ တကယ်လိုအပ်တဲ့စီမံကိန်းကိုမလုပ်ဘူးလို့ မှတ်ချက်ယူရမှာပါ" ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားသည်။
No comments:
Post a Comment